JQY Blog

ပအိုဝ်းအမျိုးသားတပ်မတော်၏ စစ်ဆေးမှုကို ခံယူတော်မူခြင်း

တစ်စုံတရာသော အကြောင်းနဲ့ တောင်ကြီးမြို့နယ် ကွန်လုံကျေးရွာအုပ်စု ဟိုနားရွာကို ဂီတမိတ်က မိတ်ဆွေတစ်ယောက်နဲ့ရယ် မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက မိတ်ဆွေတယောက်နဲ့ရယ် ဒေသခံရယ် လေးယောက် သွားခဲ့ပါတယ်။ အကြောင်းတစ်ခုကို လျှို့ဝှက်တယ်ထင်နေမှာစိုးလို့ ပြောပါ့မယ်။ ၂၀၁၈ မှာ မျိုးစေ့နဲ့ပတ်သက်တဲ့ ပြုလုပ်မယ့် ကိစ္စရပ်ကလေးတစ်ခုကြောင့် လမ်းကြုံတာနဲ့ အဲဒီဘက်ကို ရောက်ခဲ့တာ။

ဟိုနားဆိုတဲ့ရွာကလေးဝင်တော့ ရွာနာမည်ကို ခိုနားရိပ်ရွာဆိုပြီး ပြောင်းထားတယ်။ ကိုယ်လည်း တစ်ကြိမ်မှ ရောက်ဖူးတဲ့ရွာရယ်တော့ မဟုတ်ပါဘူး။ နေ့ဆွမ်းဘုဉ်းပြီးချိန်မှာ ဒေသခံက ပြောတယ်။ ရွာ့အရှေ့ဘက်မှာ ပုဂံခေတ်က လက်ရာနဲ့တူတဲ့ စေတီရှိတယ်။ ပြပေးမယ်ဆိုတာနဲ့ အဲဒီဘုရားဆီရောက်ခဲ့တယ်။ နံရံဆေးပန်းချီပါတဲ့ စေတီတစ်ဆူနဲ့ မုဒ်တိုင်းမှာ ထူးခြားတဲ့ ကနုတ်မျိုးစုံ နိပါတ်တော်လာ အကောင်မျိုးစုံနဲ့ ပန်းတဉ်းပညာလက်စွမ်းပြထားတဲ့ စေတီတစ်ဆူကို တွေ့ခဲ့တယ်။ ပြီးတော့ စေတီအစုအဝေးကြီးကို အုတ်တံတိုင်းနဲ့ ခတ်ထားတယ်။ သည်စေတီဟာ အာဏာရှိသူ တယောက်ယောက်က တည်ထားတဲ့ စေတီဖြစ်မှာ သေချာတယ်။ ကျန်တဲ့စေတီတော်တော်များများကတော့ အုတ်ပုံနီးပါးမျှပါပဲ။ စေတီကို ပြုပြင်ထားတာ မတွေ့ပေမယ့် ဖျက်ဆီးထားရာ တော်တော်များများကို တွေ့ရပါတယ်။ စေတီနားမှာ တဲလေးတစ်လုံးရှိပြီး အဲဒီတဲမှာ အီဂျစ်က ဘုန်းတော်ကြီးတစ်ပါး သီတင်းသုံးနေတယ်လို့လည်း သိခဲ့ရပါတယ်။

သို့သော် သိချင်တာတစ်ခုက ပအိုဝ်းအမျိုးသား တပ်မတော်က အဲဒီစေတီဆီကို ဘာကြောင့် သွားလာခွင့်ပိတ်ပင်ထားရတာလဲ။ ဒေသခံလက်နက်ကိုင်များက ကိုယ်တို့ကို အဲဒီစေတီဆီသွားလာမှုနဲ့ အပြန်လမ်းမှာ တားဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့ပါတယ်။ ဘာတပ်ကလဲမေးတော့ PNA ကလို့ ပြောပါတယ်။ အဲဒီစေတီမှာ ဘာရှိတယ်ဆိုတာကိုတော့ မသိဘူး။ သို့သော် ပအိုဝ်းအမျိုးသားတပ်မတော်ကြီးကတော့ ဒုတ်တွေ တကားကားနဲ့ ပစ္စတိုသေနတ်တွေလွယ်ပြီးတော့ကို တားခဲ့တာပါ။ မသွားခင်မှာ တားခဲ့တာမဟုတ်ဘဲ အဲဒီကို သွားရောက်မှုနဲ့ အပြန်လမ်းမှာ ကားကို ဒုတ်တွေနဲ့ရမ်း လက်နက်တွေနဲ့ပြပြီး လမ်းပိတ်တားခဲ့တာပါ။ ကိုယ်က အေးဆေးပဲလေ။ နေ့လည်စာစား၊ ပုဂံခေတ်က လက်ရာနဲ့တူတယ်ဆိုတဲ့ စေတီဆီသွား၊ နောက်စေတီတစ်ဆူဆီလည်း ထပ်သွား။ ပြီးတော့ ရေလျှံပေါက်ကိုကြည့်။ အပြန် နမ့်လတ်စိုက်ပျိုးရေးခြံဝင်ရန်။ ဒါပဲကိုး။

ကားကို တားတားချင်း ခဏခဏ မူးယစ်ဆေးနဲ့ စစ်ဆေးနေတာတွေ့ရဖန်များနေတော့ မူးယစ်ကိစ္စ စစ်ဆေးချင်လို့နဲ့တူပါရဲ့ဆိုပြီး ကားရပ်ပေးလိုက်ပါတယ်။

“ပေး အခုချက်ချင်း ကားသော့ပေး မြန်မြန်ပေး”

ယိုင်တိုင်တိုင်နဲ့ ပအိုဝ်းအမျိုးသားတပ်မတော်က စစ်သားဟာ ကားသော့တောင်းပါတယ်။ ကားမောင်းတဲ့သူလည်း အလွယ်တကူပဲ ဖြုတ်ပေးလိုက်ပါတယ်။ ကားကို လမ်းဘေးချခိုင်းတယ်။ သော့ယူပြီး ပြန်ချပေးတယ်။ သော့လာပြန်ဖြုတ်တယ်။ Icon တွေနဲ့ အပြန်အလှန်စကားပြောနေကြတယ်။ ပစ္စတိုလွယ်ထားသော ဒုတ်ကိုင်ထားသော ပအိုဝ်းအမျိုးသားတပ်မတော်မှ ဆိုတဲ့ စစ်သားတွေ တပြုံတမကြီး ရောက်လာပါတယ်။ သေနတ်ကို ထင်ရှားအောင် လွယ်ထားရက် လက်တပြန်ရှည်ပြီး နှစ်လက်မလောက်အရွယ်ရှိတဲ့ ဒုတ်တွေနဲ့ ကားနားကိုကပ်ပြီး “အရှင်ဘုရား” ဟုသော်လည်းကောင်း၊ “တပည့်တော်” ဟုသော်လည်းကောင်း တစ်လုံးမှ မပါသော စကားများနဲ့ ကိုယ့်ကို ပြောဆိုဆက်ဆံပါတယ်။

“ဘုန်းကြီးကားပဲကွာ မူးယစ်ဆေးတွေတော့ မသယ်ပါဘူး၊ ပြီးတော့ ငါတို့က ကျောင်းနာမည်ကြီးနဲ့ သွားနေတာ”

ဘုန်းကြီးလည်း မူးယစ်ဆေးမသယ်ဘူးလို့ မပြောနိုင်ဘူးလို့ပြောပါတယ်။ လက်ခံတယ်။ အဲဒီစကားကို။ ကိုယ်လည်း အဖြစ်အပျက်တချို့တွေ ကြားဖူးနေတာကိုး။ တစ်ခါခါတော့လည်း စွန်းလွန်းဆရာတော် အဖြစ်ကို သွားသတိရမိသား။ ရဟန္တာလို့ နာမည်ထွက်နေလို့ဆိုပြီး လာစစ်တာ။ စစ်တဲ့သူတွေ မေးခွန်း သုံးခွန်းမပိုခဲ့ပုံကို။ မနှိုင်းချင်ပါဘူး။ ဒါပေမယ့် မူးနေတဲ့သူက ဘုန်းကြီးတွေကို မူးယစ်ဆေးလာစစ်တယ်ဆိုတော့ အံ့တော့ အံ့စရာပေါ့လေ။ သို့ငြား သူတို့က ကားကို မစစ်ပါဘူး။ မဆိုင်တဲ့ စကားတွေကို ရုံးချုပ်က သတင်းပေးလာလို့ တာဝန်အရဆိုပြီး ဗလုံးဗထွေးပြောနေတယ်။ ဘယ်ကျောင်းကလဲမေးတော့ ကျောင်းနာမည်ပါတယ် ပြောတာကို ထပ်ခါထပ်ခါ ကျောင်းနာမည်ပဲ မေးနေတယ်။ ပြီးတော့ သူတို့က ကားကော လူကို ဓာတ်ပုံရိုက်ပါတယ်။ အထက်ကို တင်ပြဖို့လို့ ပြောပါတယ်။ ရုံးချုပ်က ဓာတ်ပုံရပါသလားခများ။

ကဲ ဒီနေရာလေးကနေ အခြားဆောင်းပါးကို ဆက်ပြီးဖတ်ကြည့်ရအောင်  ဘဝရဲ့ ထီး၊ ရေဗူးနဲ့ ဖိနပ်

“ငါတို့ကားမှာ ပရဟိတ ဆိုတာပါတယ်။ ငါတို့က ပရဟိတလုပ်နေတာ”

လို့ပြောလိုက်တော့ အဲဒီမှာ ဘယ်လိုမှ နားလည်ခွင့်လွတ်ပေးလို့မရတဲ့ စကားကိုအပြောခံရတာပါပဲ။ နောက်ပြီးတော့ သူတို့တွေ ဝေဝါးလာတာကိုပါပဲ။ မေးခွန်းတွေ ပရမ်းပတာ ဖြစ်လာတယ်။ စွပ်စွဲချက်တွေ ပရမ်းပတာ ဖြစ်လာတယ်။ မူးယစ်ဆေးဝါးသယ်လာရာကနေ ဘုရားသွားတဲ့အမှုဖြစ်လာတယ်။ ဘုရားသွားရာကနေ အီဂျစ်ဘုန်းတော်ကြီးကို သွားတွေ့မှုဖြစ်လာပါတယ်။ အဲဒီကနေ ထပ်ဖြစ်လာတာက “ကုလားတွေသယ်လာတယ်” ဆိုတဲ့ စွပ်စွဲမှု။ သူတို့စကားလေးတွေကို ပြောပြကြည့်မယ်။

ပထမစကားက “ပရဟိတနာမည်ခံပြီး မကောင်းမှုလုပ်နေတဲ့ ဘုန်းကြီးတွေ အများကြီး” ဖြစ်ပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ထပ်ပြောတဲ့စကားက ပအိုဝ်းပရဟိတအသိုင်းအဝိုင်းကြီးကို ထိခိုက်တဲ့စကားမို့ ချန်ထားခဲ့ပါမယ်။ လူချင်းတွေ့ရင်တော့ အဲဒီချန်ထားတဲ့ စကားကို ပြောပါမယ်။ ဒီမှာ သိချင်တာက evidence သက်သေပါ။ ပအိုဝ်းအမျိုးသားတပ်မတော်အနေနဲ့ အဲဒီစကားကို ဘယ်လိုများ ရှင်းပြချင်ပါသလဲ။

ဒုတိယစကားက “မကျေနပ်ရင် အေးစေတီ ဆရာတော်ဆီတိုင်လည်းရတယ်၊ မင်းကွန်းဆရာတော်ဆီတိုင်လည်း ရတယ်” လို့ပြောပါတယ်။ သူရို့ပြောတာမို့သာ သည်စကားကို ပြောရတာ။

တတိယစကားက “ရုံးချုပ်က သတင်းပေးလာလို့ ကျွန်တော်တို့ကို တားပြီး စစ်ဆေးရခြင်းဖြစ်တယ်” တဲ့။ ဒီမှာ နှစ်ချက်ရှိတယ်။ တစ်အချက်က ကွန်လုံအုပ်စု၊ ဟိုနားရွာထဲ သူစိမ်းဝင်ခွင့်မပေးခြင်းကို ဘာကြောင့် ပအိုဝ်းအမျိုးသားတပ်မတော်က ပြုလုပ်နေသလဲ။ ဒါပေတဲ့ ကိုယ်တို့က သူစိမ်းပုံစံ တယောက်မှမပါဘူး။ နှစ်အချက်က ပအိုဝ်းအမျိုးသားတပ်မတော်ရုံးချုပ်သည် တောင်ကြီးမြို့နယ်၊ ကွန်လုံကျေးရွာအုပ်စု၊ ဟိုနားရွာ အရှေ့ဘက်က စေတီကို ဘာကြောင့် စောင့်ကြည့်နေသလဲ။ (သူတို့စွပ်စွဲချက်က မူးယစ်ဆေးဝါးမှသည် စေတီကို သွားတဲ့အမှုဖြစ်လာလို့ပါ)

စတုတ္ထစကားက “ရုံးချုပ်က” လို့ပြောတဲ့စကားကို စာပြပါလို့ တောင်းလိုက်တယ်။ “စာမလိုဘူး။ ဘာမှ မလိုဘူး။ ငါတို့လုပ်ချင်ရင် ဓားပြတိုက်စားလို့လည်းရတယ်” လို့ပြောပါတယ်။ သည်လိုလုပ်နိုင်တာ ဟုတ်ပါသလားလို့ မေးချင်ပါတယ်။ သူတို့က ပြောသာ။

ပဉ္စမစကားက “အဲဒီစေတီကို သွားလာခွင့်ပိတ်ထားတာ တစ်လရှိပြီ၊ အခု ၁၅ ရက်ကျော်နေပြီ” လို့ပြောပါတယ်။ သူပြောတဲ့စကားကို အပြည့်အစုံနားမလည်ပါဘူး။ ဒါပေမယ့် အဲဒီစေတီသွားရောက်လေ့လာကြည့်ဖို့ ဒေသခံက ပြောခဲ့တာဖြစ်သလို ဒေသခံကပဲ လိုက်ပြခဲ့ပါတယ်။ တားမြစ်တားရင် ဒေသခံပထမဦးဆုံးသိမယ်လို့ထင်တယ်။ နောက်တစ်ချက်က တားမြစ်ထားကြောင်းစာတစ်လုံး တစ်ပါဒမှ မတွေ့ဘူး။ ပြီးတော့ အစောင့်ချမထားဘူး။

ဆဋ္ဌမစကားကတော့ “အီဂျစ်ဘုန်းကြီးနဲ့ ဆက်သွယ်လို့” လို့ပြောပါတယ်။ ကိုယ်တို့မှာ အီဂျစ်ဘုန်းကြီး ရှိမှန်းလည်း မသိဘူး။ ဘိုလိုလည်း တစ်ခွန်းမှ မမှုတ်တတ်ဘူး။ ကိုယ့်ဘာသာကိုယ် အီဂျစ်ဘုန်းကြီးကို လက်ခံပြီး ကိုယ်တို့ကို အမှုလာဆင်တာကတော့ PNA က ဘိန်းပစ်ဖမ်းမှုမျိုးဆင်ချင်တာလား။

သတ္တမစကားကတော့ “ကုလားတွေသယ်လာတယ်” ဆိုတဲ့စကားဖြစ်ပါတယ်။ ကုလား ဆိုတဲ့ စကားဟာ ဒေသတိုင်းအတွက် အန္တရယ်အနေအထားမှာ ရှိတဲ့ စကားဖြစ်ပါတယ်။ ဝိုင်းကြည့်နေသူတွေကို အာရုံတမျိုးပေးလိုက်ခြင်းဖြစ်တယ်။ ပအိုဝ်းအမျိုးသားတပ်မတော်အနေနဲ့ ကုလားအခင်းနဲ့ပတ်သက်ပြီး ခုလို လုပ်နေတာတွေ့လို့ ဝမ်းသာပါတယ်။ ဒါပေမယ့် ဘာကြောင့် ပရဟိတနာမည်လည်းပါ ဘုန်းကြီးလည်းပါတဲ့ ကားကိုမှ ကုလားပါတယ်လို့ စွပ်စွဲတာလဲတော့ သိချင်တယ်။ ပေါ်လစီလား။ မူဝါဒလား။ ဥပဒေလား။

အမလေး သည်ကနေ့ စေတီပေါ်ကလက်ရာတွေ ဆေးရေးပန်းချီတွေ ရေလျှံတွင်းတွေကို ဘယ်လိုခံစားရမယ်မှန်းတောင် မသိတော့ဘူး။ ဘာရယ်မဟုတ်ပါဘူး။ ပရမ်းပတာ အဖြစ်အပျက်ကလေးတွေ ချရေးပြကြည့်တာလောက်ပါ။