JQY Blog

လွယ်သလား ခက်သလားရာမ

ဒီနေ့ ဆိုက်ခေါင်စံပြကျေးရွာ ဘက်သွားပြီး ပြတင်းတံခါးရွက်လေးတွေ ဝယ်တော့ ရောင်းတဲ့ တရုတ်မက ပြောတယ်။ သူ ချော်လဲပြီးနောက် လက်တဖက်က လှုပ်လို့မရတော့ဘူး ဖြစ်နေတယ်။ သေသာသေလိုက်ချင်တယ်။ အလုပ်မလုပ်ဘဲ သူများလုပ်စာ ထိုင်စားနေရတာ ရှက်တယ်ဆိုပဲ။ ကျွန်တော်ဆို အေးဆေးဖြစ်နေမှာ။ မနက် ထမင်းထချက်တယ်။ စိတ်ကူးရရင် ဘုရားရှိခိုးတယ်။ ပျင်းရင် ပြန်အိပ်လိုက်တာပဲ။ ထမင်းချက်ပြီးပြီ ငါ့တာဝန်ကျေပြီလို့တွေးတာ။ နေ့ခင်းဘက်ဆိုရင်လည်း ကွန်ပျူတာလေး သင်ပေးပြီး နားလိုက်တာပဲ။ ငါ့တာဝန်ကျေပြီပေါ့။ အမြဲတမ်း အေးဆေးနားချင်တဲ့ ဆန္ဒက ဘယ်တော့မှလည်း မပျောက်ဘူးရယ်။ ဘဝဆိုတာ အေးဆေးနေဖို့မဟုတ်ဘူးလား။ ဆိုက်ခေါင်က အပြန်လမ်းမှာ သုဝဏ္ဏလူငယ်သင်တန်းကျောင်း ဝင်လည်ဖြစ်တယ်။ အဲကျောင်းဦးဇင်းတွေက သစ်ပင်စိုက်ပြီး ရေတော်တော်လောင်းတာပဲ။ ငါ့မှာတော့ သစ်ပင်စိုက်ပြီး ငါ့တာဝန်ကျေပြီ တွက်တာ။ ရေမလောင်း ပေါင်းမသင်ဘူးရယ်။ ကံကောင်းရင် ပေါက်မယ်။ မပေါက်ရင် နောက်နှစ်ထပ်စိုက်မယ်လို့ အေးဆေးတွေးထားပြီးသား။ ငါ အလုပ်မလုပ်ဘူးပဲ။ သင်တန်းပေးဖို့ လေ့လာဖို့လိုတယ်။ ယောဂကိုလည်း မေ့နေပြီ။ ပြန်လေ့ကျင့်ဖို့လိုတယ်။ မကျင့်ဖြစ်ဘူး။ အပြန်လမ်းမှာပဲ နမ့်ခုတ်က ကောင်းဆက်ဆိုတဲ့ ထမင်းဆိုင်မှာ ထမင်းဝင်စားတယ်။ လာစားတဲ့သူတွေကို ကြည့်လိုက်တဲ့အခါ လက်လုပ်လက်စားတွေ များနေတယ်။ ဝေးဝေးမှ တခါ လာစားတဲ့ပုံ။ ပြီးတော့ သူတို့မှာစားတာ ခေါက်ဆွဲကြော်တွေ။ ငါကျတော့ကော။

မြန်မာစကားထဲက ဆုံးမစာလေး တကြောင်းကို မဆီမဆိုင် သွားသတိရတယ်။ အပ်နဲ့ထွင်းရမယ့်ကိစ္စကို ပုဆိန်နဲ့ မထွင်းရစေနဲ့။ နောက် မဆီလေးရယ်မှ အိုမဆိုင် ထပ်သတိရမိတာက တရုတ်ပညာရှိတယောက်ပြောတဲ့စကား။ ခြင်ကို ပုဆိန်နဲ့ မသတ်နဲ့ ဆိုပဲ။ အလုပ်တွေ မှန်သမျှ လုပ်သင့်တဲ့ အချိန်မှာ လုပ်နေမှရယ်။ ပြီးတော့ သူငယ်ချင်း တယောက်က ဆေးလိပ်မသောက်ဘူး။ ကွမ်းမစားဘူး။ မကောင်းတာ မှန်သမျှ သူဘယ်တော့မှ မလုပ်ဘူး။ ဘာလို့လဲ မေးတော့ ကိုယ်တကယ် ဖြစ်လာရင် ဘယ်သူမှ ကိုယ့်ကို လာကယ်ပေးမှာ မဟုတ်ဘူးဆိုပဲ။ ငါကတော့ အကုသလော ဓမ္မော ကုသလဿ ဓမ္မဿ အကုသိုလ်ကို အကြောင်းပြုပြီးတော့မှ ကုသိုလ်ရယ်လုပ်ဖြစ်တယ်မို့ လုပ်ချင်တဲ့ အကုသိုလ်တွေ အကုန်စိတ်ချမ်းသာ သလို လုပ်ပြီးတော့ ကုသိုလ်လေးလုပ်ဖြစ်လေရဲ့။ လွတ်လွတ်လပ်လပ် အေးအေးဆေးဆေး စိတ်ချမ်းသာ လက်ချမ်းသာလေး နေပြီး လောကမှာ လုပ်ချင်တာလေး လုပ်နေရရင်လည်း နိဗ္ဗာန်တမျိုးပဲ မဟုတ်လား။ အကုသိုလ်လုပ်ပြီးတော့ စိတ်ချမ်းသာ သလားပေါ့။ ကိုယ်ကတော့ မင်းသိခ်ရရဲ့ စကားကို လိုက်နာတဲ့သူလေ။ သူကပြောတယ်။ အကုသိုလ်လုပ်လိုက်ရတာ မကောင်းတာတွေ လုပ်လိုက်ရတဲ့အချိန်မှာ ဒါကို မဖြစ်မနေ လုပ်မှ ဖြစ်မှာမို့ လုပ်လိုက်တာ ဖြစ်တဲ့ အတွက် အဲဒီအတွက် စိတ်ညစ်စရာ မလိုဘူး။ မလုပ်ရင်သာ အဲချိန်မှာ စိတ်ဆင်းရဲနေရမှာတဲ့။ အဲတချို့ကတော့ ပြောပြန်တယ်။ လုပ်ပါများရင် အကျင့်ဖြစ်သွားတယ်။ အကျင့်ပြီးရင် အလေ့။ အလေ့ပြီးရင် ဝါသနာ။ ဝါသနာပြီးရင် အထုံဆိုလား။ အဲထိမရောက်အောင်တော့ ရှောင်ရမယ်တဲ့။ ခုတော့ ကိုယ်ကများ အထုံဖြစ်နေပလား မသိ။

ကဲ ဒီနေရာလေးကနေ အခြားဆောင်းပါးကို ဆက်ပြီးဖတ်ကြည့်ရအောင်  ဘေးကပ်ရက်ခုံလေးများ