JQY Blog

အမျှဆိုရင် သာဓုခေါ်တဲ့ လူမျိုးတွေ

လည်းနဲ့တဖုံ လှေနဲ့တမျိုး ရပ်ကျိုးရွာကျိုးသယ်ပိုးရွက်နေ အမျှဆိုရင် သာဓုခေါ်တဲ့ လူမျိုးတွေ” တဲ့။ ဖက်ဖူးဆင်သီချင်းမှာ ပါတဲ့ အပိုဒ်ကလေး။ လှူတတ်လိုက်တဲ့ လူမျိုးတွေ။ ချီးကျူးမယ်ဆိုရင် ချီးကျူးစရာပ။ ဟော ခုပေါ်လာတဲ့ အလှူအဒါန်းလုပ်စရာလေးကတော့ ပရဟိတတွေပ။ ပေါလည်းပေါလိုက်ပါတဲ့ ပရဟိတ။ ကျွန်တော်တို့ကိုယ်တိုင်တောင်မှ ဖွဲ့ထားလိုက်ပါသေးရဲ့။ တနေ့တော့ လက်မှတ်ထိုး ကမ်ပိန်းတခုက မေးလာတယ်။ “ဦးဂျေအနေနဲ့ ပရဟိတတော့ ဆက်လုပ်မှာပဲလို့ ယုံကြည်ပါတယ်။ အခု ဦးဂျေတို့အဖွဲ့နာမည်က ဘယ်လိုလဲ” လို့ မေးလာတာနဲ့ နာမည်တခု ကောက်ပေးလိုက်မိတယ်။ ဒီလိုပါပဲ။ မြန်မာနိုင်ငံမှာ နောက်ထပ် အပေါဆုံးကတော့ ပရဟိတထင်တာပဲ။

ပရဟိတအဖွဲ့အမည်ခံအဖွဲ့တွေမှာ ကိုယ်နဲ့ ယှက်နွယ်နေသလောက်ကတော့ ကိုယ်ကိုယ်တိုင် ဖွဲ့ထားတဲ့ “မြန်မာသူငယ်ချင်းများနေ့” ဆိုတဲ့ အဖွဲ့ရှိတယ်။ ပထမဆုံး အွန်လိုင်းပေါ်မှာ အလွယ်တကူဖွဲ့လို့ရတာနဲ့ ဖွဲ့လိုက်တာ။ နောက်တော့ အဖွဲ့ရဲ့ လှုပ်ရှားမှုလေးလိုလာတာနဲ့ အလှူလေးတခု စလုပ်ဖြစ်တယ်။ စစ်ကိုင်းဘက်မှာ ဖွင့်ထားတဲ့ အခမဲ့ ကွန်ပျူတာ သင်တန်းလေးတခုကို ငွေတသိန်းကျော်နဲ့ တခြားပစ္စည်းလေးတွေ ဖြစ်မယ်ထင်တယ်။ မမှတ်မိတော့ဘူး။ နောက် မန္တလေး အရှေ့ပြင်ဘက်မှာ ရှိတဲ့ မဟာလောကရန်နိမ် ဝရဇိန်အောင်တော်မူဘုရားမှာ တံမျက်စည်းလှည်းတဲ့ အလုပ်လေး လုပ်ဖြစ်တယ်။ တံမျက်စည်းလှည်းနေရင်းနဲ့ အလှူကလေး လုပ်ဖြစ်ခဲ့တယ်။ ကြီးကြီးကျယ်ကျယ်ကတော့ ပုသိမ်ကြီးဘက်က ဘကမှာရယ် ရန်ကုန် ဆည်းဆာရိပ် ဘိုးဘွားရိပ်သာမှာရယ် လှည်းကူးဘက်က စာသင်ကျောင်းတကျောင်းမှာရယ် တကောင်းဘက်က မြေငလျင်ဒဏ်ခံရတဲ့ ဘုန်းကြီးကျောင်းမှာရယ် စစ်ကိုင်း မြရတနာကျောင်းမှာရယ် လှူဖြစ်တယ်။ တခြားလှုပ်ရှားမှုအနေနဲ့လည်း အောင်တော်မူမှာ ဝါဆိုသက်န်းကပ်တာ။ ထမနဲထိုးတာ။ ဆွမ်းကူလောင်းတာ။ အဲဒီအဖွဲ့သားတွေအနေနဲ့ အပြင်မှာ မောင်နှမလို ရင်းနှီးရင်းကနေ လူမှုရေးတွေမှာ အချင်းချင်း ကူညီကြတာတွေ လုပ်ဖြစ်တယ်။ ဒါက ကိုယ်ပါဝင်ခဲ့ဖူးတဲ့ ပထမဆုံးပရဟိတ ဖြစ်မယ် ထင်တယ်။ တည်ရှိရာကတော့ မန္တလေးပေါ့။

နောက်ပါဝင်ဖြစ်တဲ့ ပရဟိတကတော့ဖြင့် ရှိနှင့်ပြီးသားထဲကို ဝင်ရတာ။ မြန်မာနိုင်ငံလုံးဆိုင်ရာ ဘုန်းတော်ကြီးသင် ပညာရေးညီလာခံပွဲကြီးကို နှစ်ကြိမ်တိုင်တိုင် ကျင်းပခဲ့တာမို့လို့ ဘ/ကနဲ့ပတ်သက်တဲ့ အဖွဲ့အစည်း တော်တော်များများက သိပြီးသား ဖြစ်တဲ့ နောင်တောင်းပရဟိတပါ။ တည်ရှိရာက ရှမ်းတောင်မှာရှိတဲ့ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသရဲ့ မြို့တော်ဖြစ်လေတဲ့ ဟိုပုံးမြို့မှာ။ သူကတော့ဖြင့် မတတ်နိုင်တဲ့ ကလေးတွေကို စာသင်ပေးတယ်။ လူထုကို အခြေပြုပြီး အသိပညာဖြန့်ဖြူးတဲ့ လုပ်ငန်းလေးလည်း လုပ်တယ်။ နွေရာသီလို သင်တန်းကြီးဖွင့်ပြီးတော့ပေါ့။ အဓိကအားဖြင့် လုပ်တဲ့ လုပ်ငန်းတွေကတော့ သည်နှစ်မျိုးပဲ ဖြစ်မယ်။ ကလေးကို စာသင်ပေးတယ်ဆိုပေတဲ့ ထမင်းကျွေး အိပ်ယာနေရာပေးဆိုတော့ကာ ဒါနဲ့တင် အလုပ်က တော်တော်များသွားပြီကိုး။ ကျွန်တော် အဲဒီမှာ လုပ်တုန်းကတော့ဖြင့် ကွန်ပျူတာ အခမဲ့ သင်ပေးဖြစ်တယ်။ စာသင်နည်းဖြန့်ဝေတဲ့ သင်တန်း။ ဖွံ့ဖြိုးရေး အမြင်ဖွင့်သင်တန်း သင်ပေးဖြစ်တယ်။

အဲမှာနေရင်းနဲ့ ချိတ်ဆက်ပြီးသိတဲ့ အဖွဲ့အစည်းက များတယ်။ များဆို တော်တော့ကိုများတယ်။ ပထမဆုံး စသိတာက ကလျာဏမိတ္တဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း။ စသိတုန်းကတော့ အဲဒီနာမည်နဲ့ မဟုတ်ဘူး။ သည်နာမည်ကို သည်နောက်ပိုင်းမှ သူတို့ ပြောင်းလိုက်တာ။ အရင်က ဗုဒ္ဓဘာသာ လူငယ်အဖွဲ့ရယ်လို့ သူတို့မှည့်ထားတာ။ အဲဒီတုန်းက သူတို့ အဓိက ထားတာကတော့ဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဖြစ်လိမ့်မယ်ထင်တယ်။ နောက်ပိုင်းတော့ မြန်မာနိုင်ငံအဝန်းနဲ့ ပတ်သက်နေတဲ့ ပြဿနာတော်တော်များများကို ကိုင်တွယ်ပုံရတယ်။ လူငယ်နဲ့ မူးယစ်ဆေးဝါး။ လူငယ်နဲ့ နိုင်ငံရေး။ လူငယ်နဲ့ ဘာသာရေး။ ဘာသာရေးနဲ့ ငြိမ်းချမ်းရေးစသဖြင့် တော်တော်များများကို ဖြစ်ပါလိမ့်မယ်။ သူတို့ မွေးထုတ်ပေးလို့ မြန်မာနိုင်ငံမှာ လူငယ်ပေါင်း ၇၀၀ ကျော်။ ဘုန်းကြီးပေါင်း ၂၀၀ ဝန်းကျင်တို့ဟာ ငြိမ်းချမ်းပြီးနောက် မိမိရပ်ကျေးဖွံ့ဖြိုးရေး လုပ်နေကြလေရဲ့။ သူတို့ အောင်မြင်မှုပေါ့။

ကဲ ဒီနေရာလေးကနေ အခြားဆောင်းပါးကို ဆက်ပြီးဖတ်ကြည့်ရအောင်  နောင်တောင်း (၁)

အဲဒီနောက် ဒုတိယသိတာက ကောင်ရွေဆိုတဲ့ ပအိုဝ်းလူငယ်လေးတွေ ဖွဲ့ထားတဲ့ အဖွဲ့အစည်း။ နောက်ပိုင်း အဲဒီအဖွဲ့ထဲကနေ ခွဲထွက်သွားတဲ့ ဒီမိုနဲ့ ပိုမို တရင်းတနှီး ရှိခဲ့တယ်။ သူတို့ ဘာတွေ လုပ်ကြသလဲ။ ပအိုဝ်း လူငယ်လေးတွေကို နိုင်ငံရေးအသိအမြင်ဖွင့်ပေးတယ်။ ရွေးကောက်ပွဲကာလတွေမှာ လူတိုင်း မဲ့ထည့်အောင် သင်တန်းပေးတယ်။ အထူးသဖြင့်ကတော့ လူမှုရေးပိုင်းမှာ ထိခိုက်အားပြင်းတဲ့ ကိစ္စရပ်တွေမှာ နောက်တချက်ကတော့ တီကျစ်လို လူထုထိခိုက်အားပြင်းတဲ့ နေရာတွေမှာ လူထုကို အသိအမြင်ဖွင့်ပေးခဲ့ကြတယ်။ သူတို့နဲ့ ဆက်နွယ်ပြီး ဆက်သိရတာကတော့ ပအိုဝ်းအမျိုးသမီးသမဂ္ဂဆိုတဲ့ အဖွဲ့ ဖြစ်မယ်။ သူတို့ လုပ်ရပ်ကိုတော့ဖြင့် ထဲထဲဝင်ဝင် မသိဖြစ်ဘူး။ ကျွန်တော်နဲ့ ဆက်စပ်လိုက်မိတာကတော့ဖြင့် သိမ်းဆည်းခံလယ်ယာတွေနဲ့ ပတ်သက်ပြီး လူထုကို အသိပေးတဲ့ သင်တန်း တခုပဲ ဆက်စပ်လိုက်တယ်။ ကမ်ပိန်းတွေလည်း လုပ်တယ်ထင်ပ။

နောက်တခုက လူမှုယှက်နွယ် ဗုဒ္ဓဘာသာအခြေပြု ဘုန်းတော်ကြီးသင် ပညာရေးကျောင်း အမည်ရှိ သင်တန်းများလိုက်ပေးတဲ့ အဖွဲ့အစည်းပဲ။ သူတို့က နောက်ပိုင်း မြန်မာလို လောကသာရကျောင်းများလို့ နာမည်ပေးလိုက်တယ်။ သူတို့ကတော့ဖြင့် ပထမဆုံးမှာတော့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေကို “စဉ်းစားတွေခေါ်ရန်အတွက် စာရေးခြင်း စာဖတ်ခြင်း” ဆိုတဲ့ သင်တန်းတွေကို လိုက်ပေးတာပဲ။ နော်ကပိုင်းမှာတော့ နိုင်ငံရေး လုပ်နေတဲ့ လူငယ်တွေကိုလည်း သင်တန်းပေးလာတာတွေ့တယ်။ ကိုယ်တောင် တက်ဖူးလိုက်သေးတယ်။ ပြီးတော့ သင်တန်းဆရာဖြစ် သင်တန်းတွေ ပေးတယ်။ နောက်တခု သူတို့ လုပ်သေးတာက ကျောင်းထိုင် ဘုန်းကြီးကြီးတွေကို လေ့လာရေး ခရီးပို့ပေးတာ။ ထိုင်း ကမ္ဘောဒီးယား လာအိုနဲ့ ကိုးရီးယား ဘာလီတို့ဆီကို။ မြေအိမ်ကိစ္စ။ ဝါးအိမ်ကိစ္စကိုလည်း ဇောင်းပေးလာတာတွေ့ရပါတယ်။ သူတို့ကြောင့် ကျောင်းပေါင်း ၂၅၀၀ ကျော်ရှိတဲ့ မြန်မာနိုင်ငံထဲက ဘုန်းတော်ကြီးသင် ပညာရေးကျောင်းပေါင်း ၂၀၀ ဝန်းကျင်လောက်က စတင်ပြောင်းလဲနေပြီ။ သူတို့ကြောင့် ကျွန်တော့်မျက်မြင်အနေနဲ့ နောင်တောင်းဟာ တော်တော်ပြောင်းလဲသွားတာကို တွေ့ရတယ်။

နောက်ဆက်ပြီးသိတာက ဂိုင်ယာ။ သူတို့က အောက်ခြေလူထု အခြေပြုခေါင်းဆောင်မှု သင်တန်းကို အဓိက ထားပေးတယ်။ ဖွံ့ဖြိုးရေး သင်တန်းပေးနေတဲ့ သင်တန်းဆရာတွေကိုလည်း တစ်နှစ်ကို တစ်ကြိမ် မွေးထုတ်ပေးတယ်။ စားသုံးသူကာကွယ်ရေးအတွက်လည်း သူတို့ အထူးပြုတယ်။ နောက်တခုက ပေါင်းကူးဆိုတဲ့ ငွေကြေးထောက်ပံ့ပေးတဲ့ အဖွဲ့အစည်း။ သူတို့က ငြိမ်းချမ်းရေး မြေယာကိစ္စ မတရား ခံရတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ငွေပိုထောက်ပံ့လေရဲ့။ နောက်တခုက ပါတနာအေးရှား။ သူတို့ကိုတော့ဖြင့် ဘာလုပ်တယ်ဆိုတာကို တိတိကျကျ မသိရဖူးပါဘူး။ မတရားခံရတဲ့ကိစ္စတွေမှာ သူတို့ပိုမိုပါဝင်ကူညီကြတယ်လို့ ထင်ပါတယ်။ နောက်တခုကတော့ သိရုံသိတဲ့ မေတ္တာဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း။ သူတို့ကတော့ စိုက်ပျိုးရေးဘက် အားသန်လေရဲ့။ သိတာတော့ ကုန်ပြီထင်ပါရဲ့။

ဒီအလှူကို သာဓုခေါ်ရင်လည်း ကောင်းမှာပဲလို့ တွေးလို့ပါ။