JQY Blog

မနက်ဖြန်များစွာ ရှိတယ်

ဒိုးလုံးရဲ့ သီချင်းတစ်ပုဒ်ရှိတယ်။ သီချင်းနာမည်က “မနက်ဖြန်များစွာ ရှိတယ်” တဲ့။ MTV တောင်ရိုက်ထားသေးတယ်။ အရင်တုန်းက ကြိုက်ခဲ့ဖူးတဲ့ သရုပ်ဆောင်မင်းသား “မင်းမော်ကွန်း” ပါတယ်။ အေးဝတ်ရည်သောင်းနဲ့ စုမေဆိုတဲ့ ကလေးမလေး သရုပ်ဆောင်ထားတာ။ သီချင်းစစလာချင်းမှာပဲ မင်းမော်ကွန်းတယောက် ထောင်ဝတ်စုံနဲ့။ ပြီးမှ နောက်ကြောင်းကို တရွေ့ရွေ့ရိုက်ပြသွားတယ်။ ရင်ခုန်သံတွေ မြန်နေရင် အရာရာဟာ တကယ်ကို လှနေမယ်… ဆိုပဲလေ။ ငါ အတိတ်ကို ဆေးစွဲသလို စွဲနေလေသလား။

သီချင်းမှာ အကြိုက်ဆုံးစာသားက “အားလုံး မေ့လို့ရရင် ကမ္ဘာမှာ ပျော်စရာကြီးပဲ အားလုံးကို မေ့လို့ရရင် အရာရာ အဆင်ပြေသွားမယ်” ဆိုတဲ့အပိုဒ်။ ကောင်းလိုက်တာ။ မေ့ချင်လို့လေ။ အတိတ်က အရိပ်လို၊ အလိုလိုနေနေတာကို လာလာခြောက်နေတယ်။ ကိုယ့်ကိုယ်ကိုက ကြောက်စရာကောင်းအောင် ကြောက်စရာကောင်းလာတယ်။ အားလုံး မေ့လို့ရရင် ကမ္ဘာမှာ ပျော်စရာကြီးပဲ။ အားလုံးမေ့လို့ရရင် အရာရာ အဆင်ပြေသွားမယ်။

အဆစ်တောင်မတောင်းဘူးတဲ့။ ကိုယ်က အဆစ်တွေ အတောင်းလွန်သွားပြီလား။ ဟိုအရင်သက္ကရာဇ် ၂၀၀၀ ကို ပြေးသတိရမိသေး။
နေဝင်ချိန်ကို ကြည်တယ်ဆိုလား။ နှစ်ဟောင်းကို စွန့်တယ်ဆိုလား။ ဂေါဝိန်ဘက်သွားပြီး မင်းကွန်းတောင်ဘက် နေဝင်တာကို ကြည့်ခဲ့သေး။ ၂၀၁၆ ထိ မကောင်းတဲ့အကျင့်တွေ ထပ်တူထပ်မျှပါလာတုန်းပဲ။ ခုတော့ အားလုံးပျော်စရာတွေ ဆိုတဲ့ အဆင်ပြေမှုနဲ့ အဆင်ပြေပေးရင်တောင် အဆင်မပြေချင်ဘူး။ အဆင်ပြေတယ်ဆိုတာ။ ပျော်တယ်ဆိုတာ။ လူ့ဘဝဆိုတာ။ အရင်တုန်းကလို ဒိုင်ယာရီလေးလည်း ကြိုမဝယ်ထား ဖြစ်တော့ပါဘူး။ ဘာလုပ်မယ် ညာလုပ်မယ်။ ဘုရားရှိခိုးမယ်။ ဆေးလိပ်ဖြတ်မယ်။ စာအုပ်ဖတ်မယ်။ ဘလော့လေး ပုံမှန်ရေးတော့မယ်။ အံမယ် ပြောလို့တော့ကောင်းသား။ ခက်တာက ဒီလိုမျိုးက လူငယ်တွေ ပြောရတာကလား။

လုံးဝစိတ်ညစ်စရာ မတွေးနဲ့ မနက်ဖြန်များစွာရှိတယ်။ ဒိုးလုံးတောင် သေသွားပြီ။ ငါလည်း မရှိတော့ပါဘူးလေ။ သေနေတာ ကြာပေါ့။

ကဲ ဒီနေရာလေးကနေ အခြားဆောင်းပါးကို ဆက်ပြီးဖတ်ကြည့်ရအောင်  5 Minute Lecture