JQY Blog

အခြားမဲ့၌

၂၀၁၇ ဒုတိယလထဲကို စဝင်လာတယ်။ စလေမှာ သင်တန်းသွားပေးတုန်းက ကြားခဲ့ရတာလေး ပြန်သတိရနေတယ်။ ပုလဲဘက်က ကောင်မလေးတယောက်က သူ့ဆရာတော်အကြောင်းပြောတယ်။ ဆရာတော်က ကျောအောင့်တယ်လို့ ပြောတယ်။ ဆေးခန်းသွားပြတော့ ရောဂါနာမည် မပြောဘဲ ဆေးပဲ ပေးလွှတ်တယ်။ ကြာလာတော့ မဖြစ်ချေဘူးဆိုပြီး မန္တလေးဆေးရုံသွားပြတော့ အဆုတ်ကင်ဆာဆိုတာ သိရတယ် တဲ့။ နောက်ကျသွားပြီ။ ဆရာတော်က ငယ်ငယ်က ဆေးလိပ်သောက်ထားဖူးလို့ ဖြစ်သွားတာဆိုပဲ။ နောက်ဇာတ်လမ်းတစ်ပုဒ်ကလည်း မန္တလေးမှာပဲ။ သူငယ်ချင်း မင်းခန့်သူက တရုတ်ပြည်သွားမှာကို ဦးဇင်းတပါး ဆေးရုံ စောင့်ပေးဖို့ ရှိတာနဲ့ မသွားဖြစ်တော့ဘူး။ ဦးဇင်းက ဆေးလိပ်ဖြတ်လိုက်တာ ၂ နှစ်ရှိပြီ။ အောက်နှုတ်ခမ်းမှာ အပူဖုလေးလိုလို ဖုပြီး နာနေတာ။ ရိုးရိုး အပူဖုမှတ်ပြီး ဆေးမကုဘဲ နေခဲ့တယ်။ နောက်ဘုက လည်ပင်းနားမှာလည်း ပေါ်လာတယ်။ ဒါနဲ့ မသင်္ကာလို့ ဆေးရုံသွားစစ်တော့ ကင်ဆာဖြစ်နေတယ်။ အသားစတွေ အမြစ်တွေဖယ်ထုတ်တယ်။ နှုတ်ခမ်းက အသားစယူပြီး ပြန်ဖာထားရတယ်။ ဒီလိုပါပဲ။ ​ဆေးလိပ်နဲ့ ပတ်သက်လို့ ကြားနေရတဲ့ ပုံပြင်တွေကတော့ ဒုနဲ့ ​ဒေးပါပဲ။

ဟိုးငယ်ငယ် ဆယ်နှစ်အရွယ်ဝန်းကျင်လောက်တုန်းက ရွာကနေ ငါးရက်တစျေးထားတဲ့ တောင်နီစျေးကို ဘာကိစ္စရယ်မမှတ်မိပေမယ့် တယောက်တည်း သွားရတယ်။ အဲဒီမှာ “ကင်းမြီးကောက်” တံဆိပ်နဲ့ ဆေးပေါ့လိပ်နာမည်ကြီးချိန်လေး။ တကျပ်ဖိုး ငါးလိပ်ရတယ်။ အဲဒီကနေ ဆေးလိပ်ကို စသောက်ဖူးတာပဲ။ စမ်းကြည့်တာ လို့ ပြောရင် ပိုမှန်မယ်ထင်တယ်။ နောက်တော့ ဆေးလိပ်ပြတ်သွားတယ်။ အသက် ၂၂ နှစ်လောက်ထိ ဆေးလိပ် မသောက်ဖူးတော့ဘူး။ ကိုယ့်ကိုယ်ကိုများ ဘယ်လို စိတ်ကြီးဝင်တယ် မသိပါဘူး။ မန္တလေးမှာနေရင်း လက်ဘက်ရည် စစွဲလာတယ်။ စစချင်းတော့ ဆေးလိပ် မသောက်တတ်သေးပါဘူး။ ကြာလာတော့ တလိပ်စ နှစ်လိပ်စ စသောက်လာတယ်။ အဲလို သောက်ခြင်းအားဖြင့် ကိုယ့်ကိုယ်ကို အပြစ်လို့ မြင်ပါတယ်။ အဲလို မြင်တဲ့အတွက်လည်း ဒိုင်ယာရီမှာ ဆေးလိပ်တလိပ်သောက်မိပြီ။ နှစ်လိပ်သောက်မိပြီ စသဖြင့် မှတ်ထားတတ်တယ်။

အသက် ၂၅ မှာ သူငယ်ချင်းတယောက်ဆေးရုံတက်ရလို့ ဆေးရုံသွားစောင့်ပေးတယ်။ အဲဒီမှာ ကိုယ်လည်း နှလုံးရောဂါရှိတယ်ဆိုပြီး ဆေးစစ်ကြည့်လိုက်တယ်။ ဆရာဝန်က Echo ရိုက်ဖို့မို့ ဆေးရုံတက်ခိုင်းတယ်။ ဆေးရုံနှစ်ခါ တက်လိုက်ရတယ်။ ဆေးလိပ်ပြတ်သွားသလား။ No ပါ။ ကိုယ့်နှလုံးရောဂါက သွေးလွှတ်ခန်းနဲ့ သွေးသန့်ခန်းမှာ အပေါက်ပါလာတယ်ဆိုတာ သိလိုက်ရတာပေါ့။ အဲကနေ ဆေးလိပ်ကို ခဏလေးပဲ လျှော့သောက် ဖြစ်တယ်။ နောက်တော့ ပုံမှန်သောက်ဖြစ်လာတယ်။ အသက် ၃၀ ကျော်လာတဲ့အခါ အထိန်းအကွပ်မဲ့လာတယ်လို့တောင် ပြောလို့ရတယ်။ ကိုယ်က ကွန်ပျူတာနဲ့ ပတ်သက်ပြီး နည်းနည်းရှေးကျကျတတ်နေသူမို့ ဘယ်နေရာသွားသွား ဦးစားပေးခံရတယ်။ အဲမှာ ဆေးလိပ်သောက်တာ ပိုဆိုးလာတယ်။ ဗူးလိုက်ဝယ်ပေးထားတာမျိုး ရှိလာတော့ သောက်လိုက်တာ သောက်သောက်လဲလို့ ပြောရမလို။

ကဲ ဒီနေရာလေးကနေ အခြားဆောင်းပါးကို ဆက်ပြီးဖတ်ကြည့်ရအောင်  သူတို့ပြောတာတွေ

အဲလိုနဲ့ ၂၀၁၅ မေလ ဇွန်လမှာ ရန်ကုန် ဆေးရုံကြီးကို တက်ရပါလေရော ဆိုပါတော့။ ဆေးရုံက ဆင်းလာတော့ ဆေးလိပ် ခဏပြတ်သွားသေးတယ်။ နောက်တော့ အေးဆေးပါပဲ။ တပည့်ကောင်လေးက ပြောတယ်။ ဦးဂျေအတွက်ဆို ဆေးလိပ် လုံးဝ ဝယ်မပေးနိုင်ဘူးတဲ့။ ကိုယ်ကလည်း နည်းနည်းပြတ်နေတော့ အဆင်ပြေနေတယ်။ နောက်တော့လည်း မေ့လာတယ်။ အသည်းအသန်မှ မဖြစ်ဘဲကိုး။ ဆေးလိပ်ကို မျိုးစုံနေအောင် သောက်တယ်။ အခု ရင်ဘတ်အောင့်တယ်။ ရင်ဘတ်အောင့်တယ်လို့ ပြောတာ သိပ်လွယ်တာပဲ။ သူများတွေလည်း ကြားနေကျမို့ သိပ်မထူးပါဘူး။ ကိုယ်ကတော့ တကယ်ခံရတာပါ။ အသက်ရှူလည်း မဝပါဘူး။ တော်တော် မောနေတယ်။ ကျောတွေလည်း တပြင်လုံးအောင့်နေတယ်။ ခါတိုင်း ရင်ဘတ်အောင့်ရင် နည်းနည်းထုလိုက်ရင် သက်သာတယ်။ အခု ထုစရာ နေရာ မရှိပါဘူး။ နာနေတဲ့နေရာက ဘယ်နားမှာမှန်း မသိတာ။ ကျောပြင်အောင့်တာကလည်း အလုပ်ကြမ်းကို လုပ်ထားလို့ ကိုယ်ကို ရိုက်ထားသလို နာတာမျိုးနဲ့ နာနေတာ။

ဆေးလိပ်မသောက်တော့ဘူးပြောတော့ ကျောင်းက ဦးဇင်းတွေက ဆေးလိပ်တပတ်ဖြတ်ထားတယ်ဆိုပဲ။ ကိုယ်ကလည်း ခဏခဏ ဖြတ်ထားတာကို။ အခု လက်ကလေး မြှောက်တာနဲ့ အောင့်တာ စကားလေး ပြောတာနဲ့ အောင့်တာ အသက်ရှူမဝတာ ဘယ်သူမှ မသိဘူး။ လွန်ခဲ့တဲ့ ခြောက်လာလောက်က NVC သင်တန်းတခုမှာ ရခိုင်ဘုန်းကြီးတပါး ပြောဖူးတယ်။ မနက် အိပ်ယာထပြီး မျက်နှာသစ်ခွင့်ရတဲ့ အချိန်ကျမှ “အော် ငါမသေသေးဘူး” လို့ ကိုယ့်ကိုယ်ကို သိရတာတဲ့။ အခု ကိုယ်လည်း အဲလိုဖြစ်နေပြီ။ အခုမှ စဉ်းစားမိတာ။ သေသွားရင် ဘာမှ မရှိတော့ဘူးပဲ။