JQY Blog

ကြာကလပ်နဲ့ ဆွမ်းတော်တင်ကြည့်ခြင်း

ကိုယ့်ကဗျာကိုယ်ပြန်ဖတ်ရင်းနဲ့ ဒီကဗျာလေးတွေ့တယ်။ “အယုတ်များကြားမှ အရုပ်များ” ဆိုတဲ့ ကဗျာလေး။

လက်သီးနဲ့ မေရိုးကို ခပ်ပြင်းပြင်းထိုးလိုက်လည်း

သူ့မေးရိုးနာရုံပဲ ရှိမှာပါပဲ

ရှေးရိုးတွေ ဆေးထိုးမှားသလိုလို

အမှန်တော့ နဂိုကတည်းက ပိုလီယိုရယ်

သူလို ငါလို မှားတတ်နေကျထဲက

ငါနည်းနည်းပိုမှားပြမယ်ဆိုပြီး ထော့နဲ့ ထော့နဲ့

လောက်ထွက်လာတယ်လို့ ဆိုရင်

အနာရှိသူကို မသိမသာနဲ့ ခပ်နာနာလေး မေးငေါ့

ပြောနေကြတာကတော့ အမျိုးဘာသာ သာသနာပဲ

နိုင်ငံတကာ ရွှေစျေးထက် ဒီစကားက စျေးတက်မြန်သေး

ဘယ်သွားရမှန်း ဘယ်သွားနေကြမှန်း မသိသလောက်

ဘာပြောလိုက်ရ ဘာကောလိုက်ရတော့ သိပ်တတ်တဲ့သူအချင်းချင်း

မူးတင်း ပဲတင်း သူ့ကို ငါစျေးဆစ် ငါ့ကို သူစျေးဆစ်

ဆီသည် လက်နှီးစုတ်ထက် ဘယ်သူ့ကို ပိုညစ်ပတ်ရမလဲ

နှစ်ထပ်ကွမ်းရ အကယ်ဒမီမျက်နှာကြောတွေနဲ့

ဆိုစမ်ပါဦး ဒီနေ့ ရွှေစျေး၊ ကျောက်စျေး

မိန်းမရေ... အရှေ့စျေး၊ အနောက်စျေး

သားလေး သမီးလေး ကျောင်းကြေး ကျူရှင်ကြေး

ဟိုပြေးဒီပြေး ဘီယာစတေရှင်ပြေး စင်တင်ပြေး

ကာမအရေးတွေ တထွေးကြီးလုံးသီရင်း မောအောင်ပြေး

ကုသိုလ်ရေး ဘယ်လောက်နောင့်နှေး နောင့်နှေး

ဆိုရေးရှိက ဆိုအပ်လှဆိုပြီးပြီးတော့

ပဏာမ ဘုရားရှိခိုး ဂါထာဘယ်လိုမှန်း မသိဖူးပေမယ့်

သာသနာရေးကို လူအထင်ကြီးအောင် ရင်လေးပြ

တစ်လှေလုံးပါလာတဲ့ ငါးတွေလည်း

ဒီပုတ်ထဲက ဒီပဲပါပဲနှင့် အခြား ရင်နာစရာတွေ

မီးလောင်ရာ လေပင့်ကြ

အဆင်းကို ဘီးတပ်ကြ

ကဲပါလေ စကားပြောဖို့ ဗီဇာလျှောက်စရာမလို

အခွန်ဆောင်စရာမလို ပိုပိုသာသာပြောတတ်ဖို့ပဲ လိုတာပဲ

လက်ငင်းကြီး ဓားခုတ်ရာလက်လျှိုတာမှ မဟုတ်ဘဲ

ဘာဖြစ်တော့ကော ဘာအရေးလဲ

အနည်းဆုံး ငါတို့ရဲ့ သားသမီးတွေ

ကိုးကွယ်တဲ့ဘာသာမှာ ထည့်စရာ မရှိတာလောက်ပဲ

ဒါကလည်း ဘာဖြစ်လဲ ။

၂၀၁၁ ခုနှစ် သြဂုတ်လမှာ စပ်ခဲ့တဲ့ ကဗျာပါပဲ။

ခရီးက ပြန်ရောက်တော့ သုံးရေအတွက် မီးအဖြတ်ခံလိုက်ရတယ်။ သုံးရေ မလာတာ ကြာပြီလို့ ပြောတယ်။ ဘာကြောင့်ရယ်လို့ အကြောင်းရင်းက မသိရဘူး။ မီးနဲ့ ပတ်သက်တဲ့ အင်္ဂျင်နီယာထဲက အကြီးဆုံးတစ်ယောက်က ကျောင်းကို ပို့တဲ့ ရေငုပ်မော်တာမီး လာဖြတ်သွားတယ်လို့ပဲ ပြောကြတယ်။ ကိုယ်က တိတိကျကျရယ်လို့ တခုမှ မသိဘူး။ မေးတော့လည်း ဘယ်သူမှ မပြောကြဘူး။ ဒါနဲ့ ဟိုတွေး ဒီတွေး လျှောက်တွေးမိတယ်။

မြို့ကြီး ပြကြီးတွေမှာ ဘုန်းကြီးအရိပ်ရှောင်တယ်ဆိုတာ မရှိတော့ဘူးက စလို့ကိုယ်နဲ့ တွေ့ဖြစ်တဲ့ လူငယ်လေးတွေအကုန်လုံးကို ပြေးမြင်မိတယ်။ အမျိုးသားတွေထဲမှာဆို အသက် ၂၅ ဝန်းကျင်မှသည် ၄၀ အတွင်းများက ဘုန်းကြီးတွေနဲ့ မဆက်ဆံတတ်တော့ဘူး။ ဆက်ဆံရတော့မယ်ဆိုရင် ကျနော် တပည့်တော်မှားတယ်။ ဘုရား အရှင်းဘုရား ပြန်မပြောတတ်တာရယ် အသုံးအနှုန်း မသိတော့တာရယ်ပါတယ်။  မဆက်ဆံဖူးတဲ့အတွက် အမှားပါရင် ခွင့်လွတ်ဖို့ ပြောတတ်ကြတယ်။ တောင်းပန်ပြီးတော့ မှားတော့တာပါပဲ။ ၂၅ နှစ်အောက်ကတော့ဖြင့် ကျနော် တပည့်တော် မမှားတော့ဘူး။ တပည့်တော်ဆိုတာမျိုးတွေ အရှင်ဘုရားဆိုတာမျိုးတွေကို မသုံးတတ်တော့တာ။ အသုံးအနှုန်းတွေကလည်း သူငယ်ချင်းတွေ ပြောနေကျ အသုံးအနှုန်းတွေ။ မိန်းကလေးတွေကျတော့ ၂၀ အောက်ဆို ဘုန်းကြီးတွေကို လုံးဝ စကားမပြောဘူး။ ဘုန်းကြီးကို ရှေ့ထားပြီး ဟိုဟာပြောပေးပါလား ဒါလေး ပြောပေးပါလားနဲ့ တခြားတယောက်ယောက်ကို လွှဲချတယ်။ မတော်လို့ ပြောခဲ့ရရင် ပြောချင်သလို မပြောချင်သလို။ အဲ ၂၀ ကျော် ၃၀ ဝန်းကျင်ကတော့ အထက်က ၂၅ နှင့် ၄၀ ကြားထဲက အမျိုးသားများနှင့် တူတယ်။ ရှိုးတိုးရှန့်တန့်ကလည်း ပါတယ်။

ရှိုးတိုးရှန့်တန့်ဆိုလို့ တချို့ကလည်း ဗိုင်းကောင်းကျောက်ဖိနဲ့များ ပိလာခဲ့ကြသလား မသိဘူး။ သူတို့လုပ်ကာမှ ဘုန်းကြီးခမျာ ထရမလို ထိုင်ရမလိုဖြစ်ရတယ်။ တခုခုကို ကပ်ပြီဆိုရင်လည်း အာပတ်လွတ်သလား အပြစ်သင့်နိုင်သလား စသဖြင့် ဖူးဖူးမှုတ်ထားတယ်။ ထိုင်တာကလည်း ကျုံ့ကျုံ့ယို့ယို့။ ရှေ့ကနေ ဒူးတုပ်ထိုင်နေတာကနေ မထတော့တာ။ နောက်နေရခက်စေတဲ့ တမျိုးတော့ဖြင့် ဘယ်အတန်းရောက်ပြီလဲ ဘာဘွဲ့ရထားလဲ (ကိုယ်က ကိုရင်ဘဝကတည်းက ပေးလိုက်တဲ့ ဘွဲ့ပဲ ရဖူးလို့လားမသိ) အဲလိုကြီးမေးပြီး သူတို့နဲ့သိတဲ့ဘုန်းကြီးက အိန္ဒိယကနေ စလို့ အမေရိကားအထိကိုယ့်ကို နှိုင်းတော့တာကိုး။ တချို့ကျတော့ပြန်တော့ တမျိုး။ ခန္ဓာတွေ စိတ်တွေ နာမ်တွေနဲ့ ဘုန်းကြီးကို ဝိပဿနာပြန်ပြတတ်တာ။ အမျိုးမျိုးထဲက ထပ်တွေ့ရတာ တမျိုးက ဘုန်းကြီးဆိုတဲ့ အဆင့်အတန်းပျောက်နေတဲ့ လူငယ်တသိုက်။ အသင်မခံရတာလား သူတို့မိဘကိုယ်တိုင် မသင်ပေးတတ်တာလား မသိရတဲ့ အနေအထားတခုက ဘုန်းကြီးတွေကို ဟေ့ကောင် မင်း ငါ စသဖြင့် မေးထူးခေါ်ပြောတဲ့ အပိုင်း။ ဒါက လူတွေကနေ သာသနာတော်ကို ထိန်းသိမ်းထားတဲ့ သံဃာတွေနဲ့ ဆက်ဆံရေးအပိုင်း။

  • ကွန်ပျူတာသင်တန်း၊ အင်္ဂလိပ်စာသင်တန်းတွေကို သင်ပေးတယ်။ စာသင်ကျောင်းဖွင့်ထားတယ်။ အခြားဖွံ့ဖြိုးရေးသင်တန်းလည်းပေးတယ်

ကဲ ဒီနေရာလေးကနေ အခြားဆောင်းပါးကို ဆက်ပြီးဖတ်ကြည့်ရအောင်  နောက်ဆုံးလက်ကျန်များ (၁)

နောက်တပိုင်းက နဂိုကတည်းက အကန့်အသတ်နဲ့ ဖြစ်နေရတဲ့ကြားထဲ ပုံရိပ်ကျဆင်းစေတဲ့ အဖြစ်အပျက်က တပုံတခေါင်းကြီးပေါ်လာတယ်။ ဘာသာရေးကို အလေးမထားတဲ့ အုပ်ချုပ်သူ လူတန်းစားလက်ထက်ကလည်း ကျရောက်လာပြန်တယ်။ ဘာသာတရားတစ်ခုကလည်း အုပ်ချုပ်သူတို့နဲ့ သက်ဆိုင်တာပါပဲ။ ခုလို ဘာသာရေးကို အလေးမထားတဲ့ ခေါင်းဆောင်လက်ထက်မှာ ဘာသာရေးက ကျတာပါပဲ။ နောက်တမျိုးရှိသေးတာက တစ်နှစ်မှာ သင်္ဃာပေါင်း ၅ သောင်းလောက်က အမြဲလျော့နေတယ်။ ဘုန်းကြီးတွေရဲ့ စာမေးပွဲ အောင်စာရင်း ထွက်ပြီးရင် ပိုဆိုးတယ်။ စာမေးပွဲစနစ်က သာသနာပြုပုဂ္ဂိုလ်ထွက်လာလိမ့်မယ်လို့ အပြည့်အဝယုံကြည်နေတဲ့ ဆရာတော်တချို့ကလည်း ရှိသေးပြန်။ ဓမ္မစကူးလ် တနင်္ဂနွေကျောင်း ယဉ်ကျေးလိမ္မာ စသဖြင့် ပေါ်နေလေရဲ့။ ပညာရှင်လို့ လူတချို့ မြှောက်ပေးခံရတဲ့ လူတစ်စုက ရေးတဲ့ သင်ရိုးညွှန်းတမ်းတွေနဲ့ မြန်မာပြည်တပြည်လုံးက လူမျိုးပေါင်းစုံကို ကိုက်ညီခိုင်းလိုက်ပြန်တော့ ဖြူးဆရာတော် ဦးနရပတိရဲ့ ကြေးစည်ကလေး ထုပြလိုက်ချင်သေးရဲ့ သူတို့ကို။ ဒါက ဘုန်းကြီးတွေရဲ့ ကဏ္ဍ။

ကိုယ်နဲ့ သိတဲ့လူငယ်တွေ ရှိတယ်။ ကျောင်းတက်တာ၊ ကျောင်းတက်ရင်း အလုပ်လုပ်တာ၊ အလုပ်မရှိသေးတာ စသဖြင့် စုံနေတဲ့ လူငယ်တွေရှိတယ်။ သူတို့တွေရဲ့ နားရက်က တနင်္ဂနွေဖြစ်လေ့ ရှိတယ်။ သူငယ်တန်းကနေ ဆယ်တန်းအထိ စာမှစာ ဖြစ်လာရတာတွေကတည်းက ဘုန်းကြီးကျောင်းနဲ့ အလိုအလျောက် ဝေးပြီးသားကနေ တက္ကသိုလ်တက်ရင်း အလုပ်လုပ်ရင်း နားရတဲ့ရက်က ပင်ပန်းသမို့ အပမ်းဖြေချင်စိတ်များကြောင့် ပန်းခြံ ရေတံခွန် ကလပ် ကေတီဗွီ စတာတွေကနေ တိမ်းစောင်းမထွက်ကြဘူး။ ဒါက လက်ရှိအဖြစ်အပျက်။

ဆက်ဆံရေး အပိုင်းရယ်။ ဘုန်းကြီးတွေအပိုင်းနဲ့ လက်ရှိ ဖြစ်နေတဲ့ အပိုင်းရယ်ကို ပေါင်းစပ်ကြည့်လိုက်ရင် ငါလည်း လူပြန်သင့်တယ်။ တနေ့က လူမှုကွန်ယက်မှာ တင်လိုက်တဲ့ ​“လောကကျင့်ဝတ်​​တွေ ထုံးတမ်း​တွေ မလိုက်​နာချင်​ပါဘူး ပျင်းစရာကြီး” ဆိုတာကလည်း ငါ့အတွက် အရေးပါတယ်လေ။ အဲတိုင်းနေနေမှတော့ ပုပ်တဲ့ ငါးခုံးမက ငါ့ကနေစမှာ။