JQY Blog

ဘေးကပ်ရက်ခုံလေးများ

တရက်က ဘေးကပ်ရက် ခုံလေးများကို ရေးဖြစ်ခဲ့တယ်။ တကယ့်လို့ ဒါဟာ အဲဒီပိုစ့်ရဲ့ အဆက်ဆိုရင်တော့ (၁) တွေ (၂) တွေပေါ့။ ဒါမှ မဟုတ် (၀) ကနေ စတယ်ဆိုရင် ဒီပိုစ့်ဟာ (၁) ပေါ့။ (၁) တွေ (၂) တွေလို့ခွဲလိုက်ရင် ကျွန်တော့်ဘဝကပဲ တစ်ပိုင်းစီ ဖြစ်နေသလိုလို ဖြစ်နေပြန်လိမ့်မယ်။ ဒါပေမယ့် ဆက်လျက်လည်း မဟုတ်ပြန်ဘူး။ ဘဝဟာ ပြတ်သွားလိုက်၊ ပြန်ဆက်လိုက်။ ကျသွားလိုက်။ ပြန်တက်လိုက်။ ကောက်သွားလိုက် ပြန်ဖြောင့်လိုက်။ အဲလိုလည်း ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။ ရွံစရာ ပိုးတုံးလုံးလို တွန့်လိမ် တွန့်လိမ်လည်း ဖြစ်နေနိုင်တာပါပဲ။ ဒါမှမဟုတ်လည်း ဟိုအရင်တုန်းက အပေါစား ခဲတံနဲ့ အပေါစား စာရွက်မှာ ဖျတ်ခနဲ တချက်ဆောင့်ဆွဲလိုက်လို့ ထင်သလိုလို မထင်သလိုလို ခပ်ဝါးဝါးလေးလည်း ဖြစ်နေနိုင်တာပဲ။ တောကြိုအုံကြားထဲ ကိုယ့်ကိုယ်ကို ခိုင်လှပြီ မှတ်ပြီး အိမ်ဖွဲ့နေတဲ့ ပင့်ကူအိမ်လို ခပ်ရှုပ်ရှုပ်လည်း ဖြစ်နေနိုင်တာပဲ။ ဖတ်ကြည့်ပေါ့။

ကပ်ရက်ခုံလေးများကို ပြောရင် ပညာရေးပိုင်းလည်း ချန်မထားခဲ့သင့်ဘူးပေါ့။ ကျွန်တော်တို့ရွာက တောင်ကြီးမြို့နယ်ထဲမှာ။ အုပ်ချုပ်ရေးအရ လွယ်ကူအောင် အုပ်စုလေးတွေ ခွဲထားတယ်။ ကျွန်တော်တို့ရွာက မိုင်းသော် အနောက်အုပ်စု ထဲမှာပါတယ်။ ဘာကြောင့် “မိုင်းသော်” ဆိုတာကို တခါမှ မမေးခဲ့ဖူးဘူး။ ကျွန်တော်တို့ နားမှာ မိုင်းသော်ဆိုတာလည်း မရှိဘူး။ မှင်သော်ထွက်တဲ့ မိုင်းတွင်းများ ရှိနေမလားလို့တော့ တွေးမိတာ ရှိတယ်။ ဒါပေမယ့် မြေက ရွံ့မြေဆိုတော့ မဖြစ်နိုင်ဘူးလို့တော့ ထင်မိတာပဲ။ မှတ်ရလွယ်အောင် လျှောက်ခေါ်ခဲ့လေသားလည်း မသိဘူး။ ရွာအတောင်ဘက်က သံတဲအုပ်စု။ သံတဲရွာရှိတယ်။ ရွာအနောက်ဘက်က အင်းနီအုပ်စု။ ရွာရှိတယ်။ မြောက်ဘက်က ကျောက်နီအုပ်စု။ ရွာရှိတယ်။ အရှေ့ဘက်ကလည်း မိုင်းသော် အရှေ့အုပ်စုတဲ့။ ဘယ်လိုလဲတော့ မသိဘူး။ အဲဒီကြားထဲ နှစ်ရွာထဲရှိပြီး အုပ်စုအနေနဲ့ နေရာတာက ရွာမြောက်ဘက်က သိမ်ကုန်းရွာပေါ့။ ကျွန်တော်တို့ ရွာက ပန့်ပုန်း။ ကျွန်တော်တို့ ငယ်ငယ်က ဘဝအနေနဲ့ ပြောရရင် သေနတ်ကြီးထမ်းပြီး ကြောက်စရာ မျက်နှာထားနဲ့ ပအိုဝ်းလက်နက်ကိုင် လာသလို ဗမာလက်နက်ကိုင်လည်း ခဏခဏ ဝင်တယ်။ ပအိုဝ်းတွေက သူတို့မြေလို့ ပြောတယ်။ အမြဲတမ်းလည်း မလာဘူး။ အဲဒီတုန်းက ရွာအိမ်ခြေ ၃၀ ကျော်ကျော်လောက်ကို ငွေ တသိန်းခွဲ စသဖြင့် ခြောက်လတကြိမ် အရေးကြီးရင် သုံးလတကြိမ်လာကောက်တာ ဆိုတော့ ဗမာစစ်သားတွေက ကျွန်တော်တို့ ရွာကို အညိုရောင်မြေ အဖြစ်သတ်မှတ်သဗျာ။ အညိုရောင်နယ်မြေဆိုတော့ အစိုးရဝန်ထမ်းတွေ မလာဘူး။

ဆရာသိန်းဖေမြင့်ရဲ့ ပြည်သူကြားမှာ အမှန်ရှာ စာအုပ်ရဲ့ ဟော်နန်းပျော်တို့ ပြန်မလာနိုင် ဆောင်းပါးမှာ “ကျွန်တော်တို့ရွာက တောင်သူရွာပါ၊ ပန်ပုံးရွာလို့ ခေါ်ပါတယ်။ အိမ်ခြေ သုံးဆယ်လောက်ရှိတယ်။ ဗမာစကား မတတ်တဲ့ အမယ်ကြီးနှစ်ယောက်နဲ့ အသက်အစိပ်လောက်ရှိတဲ့ နန်းမဆိုတဲ့ မိန်းမတယောက် ရှိပါတယ်။ သူတို့က ရွာကနေပြီး ဘယ်မှ မထွက်သူတွေ ဖြစ်လို့ မတတ်ကြတာပဲ” အဲလိုလို သိန်းဖေမြင့်ရဲ့ ဗမာစကားတတ်တဲ့ သူမရှိဘူးလား ဆိုတဲ့ အမေးကို ဖြေခဲ့ကြတယ်။ အဲဒီနောက် နာမည်မေးကြည့်တော့ ဗမာအမည်။ ပါဠိအမည် ဒေသအမည်တွေ ရောပြွမ်းနေတယ်။ ဒါပေမယ့် တူညီချက်တစ်ခုက ဦးနီကို ဦးထည့်မခေါ်ဘဲ ကျောင်းတကာနီ (သို့) ကျောင်းနီလို့ အတိုချုပ်ပြီး ခေါ်ကြတယ်။ ဦးစိတ္တကို ဘုရားတကာစိတ္တ၊ စင်စစ် သူတို့မှာ တကာစစ်စစ် မဟုတ်တော့ပြီ။ သူတို့ လက်ထက်တွင် မလှူနိုင်သူများမှာ ဘိုးဘွားများ လှူဒါန်းထားသည်ကိုပင် အမွေယူကာ တကာအမွေခံခြင်း ဖြစ်ကြဟန်တူလေသည်။ ” ဆိုပြီး ဖတ်မှတ်ခဲ့ဖူးတယ်။ နောက်တခြား စာမျက်နှာမှာ ပါလာတာက ပန့်ပုန်းဆိုသော ပအို့ရွာဘက်သို့ သွားကာ အမဲပစ်ခဲ့ကြ၏ ဆိုတဲ့ စာကြောင်း။ ရွာအတောင်ဘက် သံသေကို သံသေးလို့ ရေးထားတယ်။ သံတွင်းဆိုတဲ့ ရွာမှာ စာသင်ကျောင်းရှိတယ်။ ညောင်ရွှေက ဆရာမ။ တစ်လကို ၁၂၅ ကျပ်ယူတယ်။ စာကောင်းကောင်း မသင်ပေးဘူး။ အဲဒီမှာလည်း ၄ တန်းအောင်မြင်သူ မရှိလို့ ဆိုထားတာလေး ဖတ်မှတ်ဖူးတယ်။ ဆိုတော့ကာ ကျွန်တော်တို့ ရွာမှာ စာသင်ကျောင်း မရှိရခြင်း
အကြောင်းလေးပေါ့ဗျာ။

ကျွန်တော့် အသက် ၆ နှစ်မှာ ရွာကို စာသင်ကျောင်းဆိုတာကြီး ရောက်လာခဲ့တယ်။ အစိုးရခန့်မဟုတ်ဘူး။ လူထုခန့်။ အဲလို ဖြစ်ဖို့ အဲဒီချိန်က ကြိုးစားခဲ့သူကို မမှတ်မိဘူး။ လာသင်ပေးတာက တောင်ကြီးမြို့က ကုန်းသာကျောင်းဘေးနားလေးမှာနေတဲ့ ဒေါ်ခင်လေး ဆိုသူ။ နာမည်ကို အတိအကျ မမှတ်မိဘူး။ ကုန်းသာကျောင်းဘေးလို့ ပြောရတာက သူတို့အိမ်ကို တခေါက်လိုက်ဖူးလို့။ သူသင်ပေးလို့ ကကြီး ကခွေး စသဖြင့် ညအခါခါ လသာသာတို့ သိခဲ့တယ်။ သူနဲ့ သူငယ်တန်းအောင်ခဲ့တယ် ထင်ပါတယ်။ သူ ၂ နှစ်လောက်နေခဲ့တယ်။ ခု သူရှိနေသေးရင် အသက် ၅၅ ဝန်းကျင်ပဲ ရှိဦးမှာ။ သူ ၁၀ တန်းအောင်ပြီးတာနဲ့ လာတာဆိုတော့လေ။ နောက်ရောက်လာတဲ့သူကလည်း ဆရာမပဲ။ သူ့နာမည်ထဲမှာ ငြိမ်းပါတယ်။ အပြည့်အစုံ မမှတ်မိတော့ဘူး။ ရပ်စောက်ဘက်က ပြောင်းလာတာ။ သူစာသင်နေတုန်းမှာပဲ ဦးကျော်စိုးဝင်းဆိုတဲ့ မူလတန်းကျောင်းအုပ်ကြီး ရောက်လာခဲ့တယ်။ အရင်ရောက်သူ ဆရာမငြိမ်းနည်းနည်း အောင့်သွားပုံရတယ်။ သူတို့ နည်းနည်းပါးပါး ပြဿနာတွေ တက်တယ်ထင်တယ်။ အသက်အားဖြင့်လည်း ကြီး၊ အရင်လည်းရောက်ပေမယ့် နောက်ပေါက်ကို ဆရာတင်ရတာဆိုတော့။ အဲဒီအချိန် သူတို့ ပြဿနာဟာ သူတို့အတွက် တော်တော်ကြီးမယ်။ ခုတော့ ဘာမှ မဟုတ်တော့ဘူး။ ဆရာက လွန်ခဲ့တဲ့ ၂၀၁၃ ဒီဇင်ဘာလောက်မှာ ဆုံးသွားတာ။ ဆရာရိုက်လို့ ကြောက်ခဲ့ရတာတွေကို သိပ်မမှတ်မိဘူး။ လေးတန်းမှာ ကျွန်တော် ကျောင်းမတက်ဖြစ်ခဲ့တဲ့နေ့က သင်ခဲ့တဲ့ သချင်္ာကို နောက်နေ့ ညစ်ပြီး အလွတ်တွက်ခိုင်းတဲ့အခါ အသင်ခံထားရတဲ့ ကျောင်းသား ငါးယောက်က မရဘဲ ကျွန်တော်က ရလို့ ဟိုကောင်တွေကို ဆရာတိုင်ဖက်ပြီး ရိုက်ပစ်တာတော့ မှတ်မိတယ်။ တခြား ဆရာမတွေလည်း တော်တော်ရောက်ခဲ့ပါတယ်။ ရောက်လိုက် ပျောက်လိုက်မို့ ဆရာဦးကျော်စိုးဝင်းကိုပဲ မှတ်မိတယ်။ သူကောင်းခဲ့တာတွေကို သူသောက်ခဲ့တဲ့ အရက်တွေက သံမန်တလင်းပေါ် ကြွေနေတဲ့ သစ်ရွက်ကို တံမျက်ခတ်လိုက်သလို ရွာမှာ ဖြစ်ခဲ့သေးတယ်။ နောက်တော့လည်း ဆရာပြောင်းသွားတော့ တရွာလုံး ဝမ်းနည်းကြတာပါပဲ။ ဆရာနဲ့ပဲ ကျွန်တော်တို့ ရွာမှာ ပထမဆုံး လေးတန်းအောင်သူ။ ပထမဆုံး ပညာတတ်ဖြစ်ခဲ့ဖူးတာပေါ့။ ဆရာ့အိမ်မှာ စာသွားကျက်ရတော့ မနက်အစောကြီး စျေးခိုးသွားလို့ ဆရာစိတ်မကောင်းဖြစ်ခဲ့တာလေး မှတ်မိသေးတယ်။ ခုတော့လည်း ဖြစ်ခဲ့တာမှန်သမျှ စပရေးဗူးလေး လေထဲ တချက် ဖြန်းချလိုက်သလို ခဏလေးပါပဲ။ အစပိုင်း စပရေးနံ့နည်းနည်း ပျံ့သွားတော့ လူတွေ သတိထားမိတယ်။ ခုတော့ စပရေးနံ့ မရှိတော့ပါဘူး။ ဒီနား တချက်ဖျန်းသွားတယ်ဆိုတာလည်း ဘယ်သူမှ မသိတော့ပါဘူး။

ကဲ ဒီနေရာလေးကနေ အခြားဆောင်းပါးကို ဆက်ပြီးဖတ်ကြည့်ရအောင်  မနက်ဖြန်များစွာ ရှိတယ်

ကျွန်တော် ပညာရေးအပိုင်းမှာ ကောင်းကောင်းမှတ်မိတာက အလယ်တန်းကျောင်းကို တက်ရတာပဲ။ ကျွန်တော်တို့ကို အင်္ဂလိပ်စာ သင်ပေးတဲ့ ကချင်အမျိုးသမီး ခရိယာန်ဆရာမကိုတော့ ခဏခဏ သတိရဖြစ်တယ်။ သူဆိုးလွန်းလို့ သူ့ပေတံနဲ့ လက်ခေါင်းကို ခေါက်တာကြောက်လွန်းလို့ ငါးတန်းကို မုန်းတဲ့ အင်္ဂလိပ်စာနဲ့ အမှတ်များများရခဲ့တယ်။ အဲဒီတုန်းက ကျောင်းအုပ်က ဦးအောင်ကြည်တဲ့။ ကျွန်တော် ကောင်းကောင်းမှတ်မိနေတာ တချက်က ငါးတန်းခန်းမထဲမှာ ကျောင်းသူ ၁၅ ယောက်ရှိပြီး ကျောင်းသား ၅ ယောက်ပဲ ရှိတဲ့ ကိစ္စ။ မြန်မာစာတွေကို သင်တဲ့ ဆရာမက သံသေရွာက။ သိပ္ပံသင်တာက ရွှေညောင်က။ နာမည်တွေ မမှတ်မိတော့ဘူး။ တခြား ဘာသာဘယ်သူ သင်တာ မမှတ်မိဘူး။ သမိုင်းသင်တာကိုတော့ ကောင်းကောင်းမှတ်မိတယ်။ အဲဒီဆရာမက မန္တလေးက။ အေးအေးလေးနဲ့ သမိုင်းကို သင်တာ အရမ်းတော်ခဲ့တယ်။ သူက သမိုင်းကို ပုံပြင်လုပ်ပြောသင်တာ။ သူတလအတွင်း သင်တာ ခြောက်တန်း သမိုင်းရော ခုနှစ်တန်း သမိုင်းပါ ရသွားတဲ့ အဖြစ်။ နောက်တော့ ဘာကိစ္စနဲ့ မသိဘူး။ သူကျောင်းထွက်သွားတယ်။ သိပ်တော် သိပ်ထက်တဲ့လူကို လူတွေက သိပ်မလိုချင်ကြတာကို သူမ သတိမထားမိလိုက်ဘူးထင်ပါ့။ အ.လ.က ကလည်း စတာသိပ်မကြာသေးသလို ဘေးရွာကလည်း လာကြတာဆိုတော့ ငါးတန်းကျောငး်သားတွေကလွှဲလို့ ကျန်တဲ့ အတန်းက ကျောင်းသားတွေက လူပျိုတွေ။ နောက် ကချင်တွေ။ ကချင်တွေဆိုတာ ဗုဒ္ဓဘာသာ မရှိဘူးလေ။ သူတို့ကတော့ ကျောင်းမှာ အိပ်ရတယ်။ နောက် ကျွန်တော်လည်း ကျောင်းလိုက်အိပ်ရတယ်။ စာတတ်ချင်လို့ ဟုတ်ဘူး။ ကျောင်းကို လနဲ့ချီအောင် လစ်လို့။ ဒါပေမယ့် အဲဒီကနေလည်း လစ်တာပဲ။ “ငါမလစ်ခဲ့သင့်ဘူး” လို့ ခုထိ တခါမှ မတွေးဖူးတဲ့ အချိန်ပေါ့။ အဲဒါနဲ့ ငါးတန်းကို မြန်မာစာနဲ့ ကျခဲ့ရော ဆိုပါတော့ကွယ်။ ပြီးတော့ အဲဒီချိန်က အစိုးရစစ်လေ။ အရေးအခင်း မဖြစ်ခင် ၁၉၈၇ ခုနှစ်ကပေါ့ကွယ်။

ခပ်တိုတိုလေးပဲ။ ဘာမှ မဖြစ်ခဲ့တဲ့ ကျွန်တော့်အတွက် ဘာမှ ရေးစရာ မရှိပါဘူး။ ဒါပေမယ့် နည်းနည်းလေးတော့ ဆက်ရေးဦးမယ်။