JQY Blog

စာဖတ်ခန်း

စာကြည့်တိုက်ဆိုရင် အများနဲ့ ပတ်သက်နေမလား။ စာဖတ်ခန်းဆိုရင်ကော အိမ်တလုံး သို့တည်းမဟုတ် ကျောင်းဆောင်ကြီး တဆောင်ထဲက အခန်းတခန်း ဒီလိုများ ဖြစ်နေမလား။ ထောင့်အားဖြင့် ရှစ်ထောင့်၊ ထောင့်တခုချင်းစီရဲ့ အကျယ်က ၈ ပေ၊ စတုရန်းအကျယ်က ပေပေါင်း ၃၉၀ လောက်ရှိတဲ့ အဆောင်လေးတခုကို စာအုပ်တွေ ထည့်ထားမယ်။ ကျွန်တော်သိတဲ့သူတွေ ဆွဲတဲ့ ပန်းချီတွေ ဝယ်ထည့်မယ်။ ကျွန်တော် သိတဲ့ ဓာတ်ပုံဆရာတွေရဲ့ ဓာတ်ပုံတွေ ဝယ်ထည့်မယ်။ ပန်းအမြဲပွင့်တဲ့ ပန်းမျိုးစိပ်လေးရှိရင် ထည့်ထားမယ်။ ဆောင်းဘောက်လေးတခု ထည့်ထားမယ်။ အဲဒီကနေ သာယာငြိမ့်ညောင်းတဲ့ တီးလုံးလေးတွေ ဖွင့်ထားမယ်။ ဂစ်တာရှိမယ်။ မှတ်စုရေးချင်တာအတွက်ဖြစ်ဖြစ် တစုံတရာ မှတ်ချင်တာဖြစ်ဖြစ် သုံးလို့ရအောင် ကွန်ပျူတာလေး တလုံးထားမယ်။ စားပွဲကြီးကြီးတလုံးတော့ ရှိမယ်။ လာဖတ်ချင်သူများရှိရင် ထိုင်ချင်ရင်ထိုင်ဖို့ပေါ့။ အပြင်မှာတော့ ပန်းခင်းလေး တခင်းရှိမယ်။ ရေကန်သေးသေးလေးတွေ ရှိမယ်။ ဒါကို စာကြည့်တိုက်လို့ ခေါ်နိုင်သလား။ မခေါ်ချင်ပါဘူး။ ကျွန်တော် အခုလုပ်တာက သူများတွေ လာဖတ်ဖို့မှ မဟုတ်တာ။

“စာပေမြင့်မှ လူမျိုးတင့်မည်” “အသိဉာဏ်မဆင်းရဲချင်ရင် စာဖတ်ပါ” စသဖြင့် ဆုံးမစာတိုလေးတွေ လျှောက်ကပ်ပြီး ဟိုလိုအလှဆင် ဒီလို အလှဆင် စာအုပ်လေးတွေ လျှောက်ထည့်တာမျိုးလည်း မလုပ်ချင်ပါဘူး။ ဗီဒိုကြီးကြီးတလုံးရှိမယ်။ ဗီဒိုဆိုလို့ မြင်နေကျ ဗီဒိုကြီးကို လှမ်းမမြင်စေချင်ဘူး။ မညီညာတဲ့ အခန်းဖွဲ့တွေနဲ့ ဖွဲ့ထားတဲ့ ဗီဒိုသာ ဖြစ်မယ်။ ကလေးစာပေဆိုရင် တကယ့်ကလေးတွေအတွက် စာပေဖြစ်ရမယ်။ နောက် ရသစာပေတင်မယ်။ ကဗျာတင်မယ်။ ကဗျာဆိုတော့ ကိုယ်ကြိုက်တဲ့ ကဗျာဆရာတွေရဲ့ ကဗျာပဲ ဖြစ်ဖို့များတယ်။ လာတွေ့တဲ့ဧည့်သည်တွေကို လက်ခံတွေ့တဲ့နေရာတော့ ဖြစ်ချင် ဖြစ်နေမယ်။ ဒီထဲကို ဝင်လာပြီဆိုရင် ဖုန်းထားခဲ့ဖို့ နေရာတခု ရှိမယ်။ အဲဒီထဲမှာ ဖုန်းထားခဲ့ရမယ်။ ဆောင်းပါးလေးတွေ နည်းနည်းစီရေးကြည့်မယ်။

ဒါပါပဲ။ ဘာကြောင့် စာကြည့်တိုက် သို့တည်းမဟုတ် စာဖတ်ခန်းလုပ်သလဲ။ စာဖတ်တာ ဝါသနာပါလို့ လုပ်ခြင်းမျှသာ ဖြစ်တယ်။ ငယ်ငယ်တုန်းက ဖတ်တဲ့ စာတွေထဲမှာ ပါလေ့ပါထရှိတဲ့ “စာဖတ်ခန်း” ဆိုတာလေး သဘောကျလို့ လုပ်တာ။ ဒီ့ထက်ပိုရေးလိုက်ရရင်တော့ ကိုယ်က လူလွန်မသား ဖြစ်သွားနိုင်တာမို့ ဒီလောက်လေးပဲ ရေးပြတာပါ။ ဒီ့ထက် မပိုဘူး။ ပိုဖို့လည်း မရှိဘူး။

လောလောဆယ် မြသန်းတင့်ရဲ့ စာအုပ်တွေ ဝယ်စုနေတယ်။ မောင်ထွန်းသူတို့ စသဖြင့် ဝယ်ဖြစ်မယ်။ စာရေးဆရာမ ဂျူးပါမယ်။ ကုန်းဘောင် ရှာပုံတော် တို့လို သမိုင်းစာအုပ်ပါမယ်။ ကျော်ဝင်းတို့လို စာရေးဆရာတို့ရဲ့ လူဖတ်နည်းတဲ့ စာအုပ်ပါမယ်။ ကိုတာ ပါမယ်။ ကိုယ်ဖတ်ဖို့က ဒီလောက်ပဲ။ နောက်စစုဖြစ်တဲ့ ပန်းချီကားကတော့ စုန်း (စောယုနန္ဒာ) ရဲ့ The exit ဆိုတဲ့ ပန်းချီကား။ နောက် လဂွန်းအိမ်(နေမျိုးစော) ရဲ့ ပန်းချီကားလေးလိုချင်သေးတယ်။ ကိုယ်သိတဲ့ ပန်းချီဆရာဆိုလို့ ဒီနှစ်ယောက်ပဲ ရှိတယ်။ ပန်းချီဆိုရင်တော့ တွေးစရာတွေ အများကြီးပါတဲ့ ပန်းချီကားမျိုးထားချင်တယ်။ နောက် ဓာတ်ပုံ၊ သဘာဝကို သဘာဝနဲ့ တူအောင် ရိုက်ထားတဲ့ ဓာတ်ပုံကားလေးဝယ်စုမယ်။ ပိုကြိုက်တာက အချင်းများနိုင်တဲ့ ပုံတွေပါ။ ကြည့်လိုက်တာနဲ့ စိတ်ကျဉ်းကြပ်သွားတဲ့ ပုံဆိုရင်လည်း ကြိုက်တယ်။ ဒါကတော့ ကြိုက်တာကို ပြောတာ။ နောက် ဘွန်ဆိုင်း ပင်လေးတွေ ထည့်ထားမယ်။ ပြောလို့ ပြောတာမဟုတ်ဘူး။ စာဖတ်ခန်းလေးပုံစံနဲ့ ပတ်သက်ပြီးပြောရရင် အရင်တုန်းက တီဗွီကလာတဲ့ ရတနာစိန်ကျောက် ဇယ်တောက်တမ်း ကစားရအောင်လေ လို့ မပြောခင် ထက်ထက်ပြောတာလေးနဲ့ ပြောရမယ်ဆိုရင် “အို ပိုက်ဆံများ ရှိလို့ကတော့လေ” ပေါ့ခင်ဗျာ။

ကဲ ဒီနေရာလေးကနေ အခြားဆောင်းပါးကို ဆက်ပြီးဖတ်ကြည့်ရအောင်  နောက်ဆုံး လက်ကျန်များ (၂)