JQY Blog

စွမ်းရည်

ဒီကနေ့ မနက် အိပ်ယာထပြီး အောက်ကို ခဏဆင်း။ ပြီးတော့ မီတာ တစ်ရာလောက်ရှိတဲ့ ကိုယ့်တောင် အမြင့်ကို ပြန်တက်လာ။ အဲမှာ မောတာပဲ။ ဟောဟဲ ဟောဟဲ နဲ့ကို မောတာ။ ဆိုတော့ ပြန်စဉ်းစားရတယ်။ ငါ့ခမျာ Physical ပိုင်းဆိုင်ရာ သိပ်မထိန်းသိမ်းပါလားပေါ့။ ဟိုးလွန်ခဲ့တဲ့ ၁၆ နှစ်လောက်တုန်းက မန်းလေး ဆေးရုံကြီးကို ဆေးရုံတခါ တက်ရဖူးတယ်။ အဲဒီတုန်းက ငါ့အသက် ၃၅ နှစ်လောက်ထိ အသက်ရှင်ရင် တော်ပြီ။ ခုက စပြီး ငါ ကောင်းကောင်းမွန်မွန် နေတော့မယ်ပေါ့လေ။ အဟား။ ရင်ဘတ်နောက်က ကျောပဲ။ ရယ်လိုက်ရတာ ဖတ်ဖတ်ကို မောလို့။ သောက်လိုက်တဲ့ ဆေးလိပ်။ ထိုင်လိုက်တဲ့ ကွန်ပျူတာရှေ့။ မနှစ်ကတောင် ရန်ကုန်ဆေးရုံကြီးကို တက်လိုက်ရပြန်သေးတယ်။ အာ့တုန်းကတော့ ပြတ်ပြီပေါ့ ဆေးလိပ်။ ဟွင်း ဟွင်း ဟွင်း။ ပြန်သောက်လိုက်တာ။ သောက်နေကျလူတောင် ရှုံးတယ်။

ငါက သင်တန်းပြတယ်။ သင်တန်းပြသူအဖြစ် အနေနဲ့ စံနမူနာ တစ်ခုအဖြစ် ရှိသင့်တဲ့ကိစ္စက ဆေးလိပ်သောက်မပြသင့်တဲ့ကိစ္စ။ Bio Clock သင်တယ်။ အဲမှာ ဆေးလိပ်မသောက်သင့်ဘူးဆိုတာ ပြောတယ်။ Cousumer သင်တယ်။ ဆေးလိပ်တွေရဲ့ ဆိုးကျိုးတွေကို ပြောတယ်။ Environment အကြောင်းသင်တယ်။ အဲမှာ ဆေးလိပ်ရဲ့ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှု အကြောင်း သင်တယ်။ ဒါပေမယ့် အသိမျှသာ ဝေမျှနိုင်တယ်။ ပြီးတော့ IQ, EQ, PQ, SQ စသဖြင့် သင်တယ်။ အဲမှာဆိုရင် PQ အပိုင်းက ပိုပြီး ဆေးလိပ်မသောက်သင့်ကြောင်း သင်တယ်။ ဒါပေမယ့် ငါက ဆေးလိပ်သောက်နေတယ်လေ။

PQ ဆိုတာ Physical Quotient ပါ။ စည်းမဲ့ ကမ်းမဲ့ နေထိုင်တဲ့လူတယောက်ဟာ PQ ကျပါတယ်။ PQ ကျနေတဲ့ သူတယောက်ဟာ အခြား EQ IQ တို့ပါ လိုက်ကျတယ်။ မကျန်းမာတဲ့သူတယောက်အတွက် ဘယ်လို ခံစားမှုမျိုးကိုမှ ကောင်းကောင်း မခံစားနိုင်ပါဘူး။ ဘယ်လို သိသင့်သိထိုက် မှတ်သင့် မှတ်ထိုက်တဲ့ အရာကိုမှ မမှတ်နိုင်ဘူး။ တွေးခေါ် စဉ်းစားရမယ့် အနေအထားမှ လျောကျတယ်။ ဆိုတော့ကာ ကိုယ့်ကိုယ်ကို ပြုစုပျိုးထောင်နိုင်ဖို့ စွမ်းရည်ကျလာတော့တာပဲခင်ဗျ။ ခင်ဗျားတို့ ဖြစ်ဖူးမှာပါ။ ရင်ဘတ်အောင့်နေတာ။ ဆေးစားနေရတာ။ တနေရာရာ သွားရင် မောတာ။ တခုခုလုပ်ရင် မောတာ။ စကားပုံတခုတောင် ရှိတယ်။ မကျန်းမာတဲ့သူဟာ ဆွေးနေတဲ့ သစ်တုံးနဲ့တူတယ်။ ထင်းစိုက်လို့လည်း မရသလို ပန်းပုထုလို့လည်း မရပါဘူးတဲ့။ PQ ကျလာရင် ကြောက်စရာ ကောင်းတယ်ဗျ။ အရိုးတွေ မသန်မာတော့ဘူး။ ကြွက်သားတွေ အားနည်းလာတယ်။ ဗဟိုအာရုံကြောစနစ် ချို့ယွင်းလာတယ်။ လုပ်ချင် ကိုင်ချင်စိတ် နည်းလာတယ်။ အဲဒီထက်ဆိုးလာတာက စိတ်သွားတိုင်း ကိုယ်မပါတော့ဘူးလေ။ စိတ်သွားတိုင်း ကိုယ်မပါတော့ စိတ်ကနေ စိတ်ကို ခိုင်းလို့ ရတဲ့ အလုပ်ကို လုပ်တတ်လာတယ်။ စိတ်ကနေ မကောင်းတဲ့ ရမ္မက်စိတ် မွေးတာ။ စိတ်ကနေ လောဘစိတ်။ ဒေါသစိတ်မွေးတာ။ အလိုလိုနေ အဆိုးမြင်လာတာတို့ပေါ့ဗျာ။ ဒါ Physical Quotient ကျလာတဲ့အပိုင်းပဲ။ အဲဒီအခါ ဘာဖြစ်လာလဲ။ မိမိကိုယ်ကို တန်ဖိုးထားမှု ကျလာတာပေါ့ဗျာ။ ဖြစ်ချင်တာဖြစ် ဖြစ်ချင်သလိုဖြစ် ဘယ်သူ့ကို ငါက ဂရုစိုက်ရမှာတုန်း ဖြစ်လာတာပေါ့။

ကဲ ဒီနေရာလေးကနေ အခြားဆောင်းပါးကို ဆက်ပြီးဖတ်ကြည့်ရအောင်  Quotient တွေကို ဘယ်လိုသင်မလဲ

ကဲ လုပ်စမ်းပါဦး။ ပြောပြပေးကြပါဦး။ စည်းကမ်း ဘယ်လိုထားရမယ်ဆိုတာလေး။ တနေ့ကို စာအုပ်တအုပ်ဖတ်မယ်တို့။ ဖုန်းကို တစ်နာရီပဲ သုံးမယ်တို့။ ဆေးလိပ်မသောက်တော့ဘူးတို့။ မကောင်းတဲ့အတွေးတွေ မတွေးတော့ဘူး ဘာတို့ ညာတို့။ ဆောင်ရန် ရှောင်ရန်လေးတွေက ဘာတဲ့လဲ။ ဒါပေမယ့် ငါရပ်တည်နေတဲ့ နေရာကနေနော်။ Yoga လား။ ဒိုက်ထိုးရမလား။ တက်ကျမ်းတွေလို ယနေ့မှစ၍ ဘာညာလုပ်ရမလား။ တရားထိုင် ပုတီးစိပ်ရမလား။ ဒီနည်း မဆိုးဘူး။ ဗြဲ ဘာတခုမှ မလုပ်ဘူး။ သွသူဖစ်ချင်တာဖစ်။ စောစောသေ အေးတာပဲ။