JQY Blog

နေရာ

“လာမယ် မလာဘူးကတော့ မင်းရဲ့ သဘောပါ၊ မင်းအတွက် တနေရာ ကိုယ်ရှင်းလင်းထားပါတယ်” ဆိုလား “ဦးထားပါတယ်” ဆိုလား။ ဗဒင်သီချင်းလေး။ ဘယ်သူ့မှ ကိုယ့်ကို နေရာမဦးထားပါဘူး။ ကိုယ်ကိုယ်တိုင် မသွားဘဲနဲ့ ရောက်ရတာပါ။ အဲလို ရောက်ကြရင်း နေရာမှားကြသူများ အကြောင်းပါ။ အသွားမတော်ရင် တစ်လှမ်းပါ။ မသွားဘဲနဲ့ ရောက်ခဲ့တဲ့နေရာတွေလည်း တလှမ်းမှားကြတာပါပဲ။

စိတ်ဒဏ်ရာလေး အကြောင်းနဲ့ စချင်တယ်။ ကျွန်တော့်အနေနဲ့ဆို ညနေခြောက်နာရီလောက်ရောင်တိုင်း ‘ငါဘုရား ဝတ်တက်ရမယ်၊ ဝတ်မတက်ရင် တယောက်ယောက်က ငါ့ကို အပြစ်ပေးလိမ့်မယ်’ လို့ အမြဲတမ်း လန့်နေရတယ်။ ညနေ ခြောက်နာရီဝန်းကျင်လောက်ဆို မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်က ဓမ္မသီတဂူကျောင်းကြီးကို လှမ်းမြင်တယ်။ ပူလည်းပူ အိုက်လည်းအိုက် စိတ်လည်းမပါတဲ့ အဖြစ်ကို ခုထိကိုယ့်ကိုယ်ကို ခံစားနေရတုန်း။ ငါသွားနေခဲ့တာပဲ။ ဒါပေမယ့် ငါစိတ်ဒဏ်ရာ ရလာတယ်။

တနေ့တော့ နောင်တောင်းကျောင်းက ထွက်သွားတဲ့ မိန်းကလေးတယောက်ကို ပြန်တွေ့တယ်။ ကျွန်တော့်ကိုတွေ့တော့ သူမက ခုလိုအပြင်မှာ တွေ့ရတာ ဝမ်းသာပါတယ်၊ ဒါပေမယ့် အခုလို နောင်တောင်းက တယောက်ယောက်ကို အပြင်မှာတွေ့လိုက်ရတော့ ငါ့ကို ဆရာတော်ဆီများ ပြန်တိုင်မလားဆိုတဲ့ ထိတ်လန့်စရာ ကောင်းတဲ့ အတွေးက ဝင်လာတယ်။ ဘာဆိုင်လို့တုန်း နင်က အခုနောင်တောင်းမှာမှ မဟုတ်တော့တာဆိုတော့ နောင်တောင်းမှာနေတုန်းက ခွင့်တောင်းရမယ့်သူတွေကို ခွင့်တောင်းခဲ့ပေမယ့် နောက်ထပ်တခြားတယောက်က သိမှ သိပါ့မလား၊ အဲဒီနောက်တယောက်အပြင် တခြားတယောက်ကကော ငါခုလို ခွင့်တောင်းပြီး အပြင်ထွက်ခဲ့တာ သိမှ သိပါ့မလား၊ ငါ့ကို တခြား တယောက်ယောက်က တွေ့ပြီး ဆရာတော်ဆီတွေ သွားတိုင်နေမလားဆိုတဲ့အတွေး အမြဲဝင်ပြီး နောင်တောင်းမှာနေတော့ အပြင်ထွက်တိုင်း ကိုယ်လုပ်စရာရှိတာ အမြန်လုပ်ပြီး ကျောင်းကို တန်းပြန်ပြေးခဲ့ရတယ်။ ကျောင်းပြန်ရောက်ပေမယ့်လည်း ငါ့ကို တခြားတယော်ယောက်က တွေ့ပြီး ငါ့ကို မြို့ထဲမှာ တွေ့ခဲ့ကြောင်း တယောက်ယောက်က ဆရာတော်ဆီ လျှောက်လိုက်ပြီလားဆိုတဲ့အတွေးက တောက်လျှောက်နှိပ်စက်နေတယ်တဲ့။ ကျွန်တော် သူမနာမည်ကို မမှတ်မိဘူး။ နာမည်ကို မမေးလိုက်မိဘူး။ စိတ်ထဲမကောင်းဖြစ်မိတယ်။ ဒါနဲ့ တခြားအကြောင်းပြောပြီး လမ်းမှာလည်း ဖြစ်တာကြောင့် စကားဖြတ်လိုက်ပြီး လမ်းခွဲခဲ့တယ်။

Mytel Mytel ဖုန်းလိုင်းသစ် ဖုန်းလိုင်းသစ် ဖုန်းလိုင်းသစ် Mytel
ကိုယ်ကိုယ်တိုင်လည်း ခံစားရတော့ စိတ်ဒဏ်ရာ ရှိသူများဟာ အလိုလိုနေရင်း မလုံခြုံဘူးလို့ ခံစားရတယ်။  အဲဒီ အဖြစ်အပျက်က တကယ်တမ်း အတော်ကြောက်စရာကောင်းတယ်။ ပုံမှန်မဟုတ်တဲ့ တုန့်ပြန်မှုကို တုန့်ပြန်စေတတ်တယ်။ စိတ်ဖိစီးမှုအကြီးအကျယ်လည်း ဖြစ်စေတယ်။ ကျွန်တော်ဆို ညနေ ခြောက်နာရီ ဝန်းကျင် တခုခုလုပ်လို့မရဘူး။ စိတ်က လွတ်မြောက်မနေဘူး။ အပေါ်က တွေ့ခဲ့တဲ့ ကောင်မလေးဆို သူမနောင်တောင်းမှာ မနေတာ နှစ်နှစ်ကျော်ပြီ ထင်တယ်။ ခုထိ အပြင်ကို လွတ်လွတ်လပ်လပ် မသွားရဲသေးဘူး ဖြစ်နေလိမ့်မယ်။ နောင်တောင်းက လူတယောက်ယောက်ကို တွေ့မှာ စိုးရွံ့နေလိမ့်မယ်။ မြင်လို့ရတဲ့ အတားအဆီးဟာ ဖျက်ဆီးဖို့ လွယ်ပေမယ့် မမြင်ရတဲ့ အတားအဆီးကတော့ဖြင့် ကုစားရသိပ်ခက်တာပဲ။

အခုတော့ မြန်မာနိုင်ငံသားအားလုံးလည်း စိတ်ဒဏ်ရာကိုယ်စီနဲ့ ရှိနေပြီထင်ရဲ့။ ကုလားတွေက ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့သူတွေကို ကြောက်နေလိမ့်မယ်။ ဘာလို့ဆို ကျွန်တော်လည်း ကုလားလူမျိုးတွေကို ကြောက်နေရပြီကိုး။ တောင်ကြီးမြို့ မြို့မရပ်ကွက်ထဲ ဖြတ်သွားရင် အလိုလိုနေ စိတ်ထဲ မလုံခြုံဘူးလို့ ခံစားရတယ်။ ဘာမှ မလုပ်ဘူးဆိုတာ သိသိရက်နဲ့ကို ဖြစ်နေတာ။ ကိုယ့်နိုင်ငံထဲမှာ ကိုယ်အရင်းနှီးဆုံး မြို့ထဲမှာကို ဖြစ်နေတာ။

ကဲ ဒီနေရာလေးကနေ အခြားဆောင်းပါးကို ဆက်ပြီးဖတ်ကြည့်ရအောင်  Hate Speech ဒီမိုကရေစီ

တနေ့တော့ သင်္ကြန်ကာလကြီး တောင်ကြီးကို တက်ရတယ်။ ရေတွေအလောင်းခံရတော နဂိုကတည်းက ခပ်စုပ်စုပ်ကားက ဟွန်းတီးလို့မရတော့ဘူး။ ဆိုင်ကယ်တွေ လူတွေ ကားတွေ အရမ်းများတဲ့ အချိန်မှာ ကားက ဟွန်းမရရင် မဖြစ်လို့ တောင်ကြီးမြို့မှာ ပြင်ပေးနိုင်တဲ့ဆိုင် လိုက်ရှာတော့ ဘောလုံးကွင်းနားက ကုလားဆိုင် တစ်ဆိုင်ပဲ ဖွင့်တယ်။ ဆိုင်ရှေ့ကားရပ်တော့ သူတို့မျက်နှာမှာ ကြောက်နေတဲ့ အရိပ်တွေ့ရတယ်။ ကျွန်တော်လည်း ကြောက်တာပဲ။ ကားလာပြင်တယ်မထင်ဘဲ တမျိုးမျိုးထင်ပြီး သူတို့ဆိုင်ထဲက သံချောင်းတွေ တုတ်တွေ ယူထွက်လာမှဖြင့်လို့ တွေးမိတယ်။ စိတ်ဒဏ်ရာလား။ ဒါဟာ ပုံရိပ်လားတော့ မသိဘူး။

တလောတုန်းက လူငယ်လေးတယောက် ဆုံးသွားတော့ အမေဖြစ်သူက လာမေးတယ်။ သူ့သားကို အိပ်မက်လည်း မမက်ဘူး။ အနံ့တွေလည်း မပေးဘူး။ သူ့သား မကောင်းတဲ့ဘုံကိုများ ရောက်သွားပါသလား တဲ့။ စုတိစိတ်ကျသည်နှင့်တပြိုင်နက် ပဋိသန္ဓေစိတ်ဖြစ်တာလေးကို ရှင်းပြတယ်။ လူတယောက်ဟာ သေခါနီးမှာ သေငယ်စောနဲ့ မျောတဲ့ကံ၊ ကံက ပြတဲ့နိမိတ်၊ သွားရမယ့်ဘဝရဲ့ နေရာတွေကို ကြိုမြင်ရတယ်။ ဒီဘဝမှာ အသက်ကုန်ပြီဆိုတာနဲ့ တခြားဘဝမှာ တခါတည်း သွားဖြစ်တယ်။ ဘယ်လိုပုံစံမျိုးလည်းဆိုရင် ရေများစီးနေတာ အဆက်မပြတ်သလိုပဲ။ ကြားထဲမှာ ပြတ်တယ်ဆိုတာကို မရှိပဲ ဖြစ်တာပါ၊ ဒါကြောင့် သားဖြစ်သူဟာ တခြားဘုံဘဝမှာ ရောက်နေပြီ။ အဲဒီဘုံကတော့ သူ့ကံအရ ဖြစ်လိမ့်မယ်လို့ ပြောလိုက်တယ်။ ဟုတ်တယ်။ သေတာရော မွေးတာရော ရွေးလို့မှ မရတာ။

ဟုတ်တယ်လေ။ မွေးလာရင်လည်း ကိုယ့်အစွဲအလန်းက ပဓာနကျနေပါတယ်။ ဘယ်မှာ ကိုယ့်ကို မွေးမယ်ဆိုတာလည်း ရွေးချယ်ခွင့် မရှိပါဘူး။ ခုလို မြန်မာနိုင်ငံမှာများ မွေးလာရင်တော့ ဗုဒ္ဓဘာသာ အဖြစ်မွေးလာရင် ကံကောင်းတာပဲ။ အစ္စလာမ်အဖြစ်မွေးလာရင်တော့ ဂြိုဟ်မွှေတာပဲ။ အဲ မလေးရှားလို သို့တည်းမဟုတ် အာရပ်ကမ္ဘာအနီးလို နေရာဝန်းကျင်မှာ ဗုဒ္ဓဘာသာအဖြစ်မွေးလာရင်တော့ ငါးပါးမှောက်တာပဲ။ အဲဒီ မလေးတို့ ဘင်္ဂလားတို့ ပါကစ္စတန်တို့ဝန်းကျင်မှာ အစ္စလာမ်အဖြစ်မွေးလာရင်တော့ ဂွတ်တာပဲ။ ဥရောပဘက်များ မွေးရင်တော့ဖြင့် ခရိယာန်မှဖြစ်မယ်။ မွေးတာ ဖြစ်တာ ရွေးလို့ရရင်တော့ သည်မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာအဖြစ်မွေးမှပဲ။ မဟုတ်ရင်တော့ နာမယ်သာမှတ်။ အဲဒါနဲ့ အစ္စလာမ်ဖြစ်လို့ အစ္စလာမ်ပြည်ပြန်ဆိုပြန်တော့လည်း တခြားနိုင်ငံမှာရောက်နေတဲ့ ဗုဒ္ဓဘာသာတွေကိုလည်းပြန်လို့ လုပ်လာမှာဆိုတော့ မဖြစ်သေးဘူး။

နောက်ပိုစ့်များကို mail ကနေ အသိပေးစေချင်တယ်ဆိုရင် အောက်မှာ သင့် mail ကို ဖြည့်ခဲ့ပါ

အင်း နောက်ဘဝကျရင် ဘာသာမဲ့မွေးလာမှအဆင်ပြေမှာ။ လူမျိုးလည်း မဲ့နေဦးမှ ဖြစ်မှာ။ ဟိုလူမျိုး ဒီလူမျိုးဆိုပြီးစွဲရ၊ တခြားလူမျိုးကို မုန်းရ ကြောက်ရဘဝကနေ လွတ်ဖို့ တခြားဘာသာဝင်ကိုးကွယ်သူတွေကို ကြောက်နေတာကနေ လွတ်ဖို့ သည်တလမ်းပဲ ရှိတယ်။ အဲဒီနေရာက ဘယ်နားမှာ ရှိမယ်ပါလိမ့်။