JQY Blog

အသစ်လေးများ

ဟိုအရင်တုန်းကလို မှတ်တမ်းလေးရေးဖြစ်ခဲ့မယ်ဆို ဒီနေ့မှတ်တမ်းလေးဟာ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၂) ရက်၊ ၁၃၇၇ ခုနှစ်၊ တပို့တွဲလဆန်း (၁၄) ရက် တနင်္လာနေ့ ဆိုတဲ့ ရက်စွဲကြီးပါပေမပေါ့။ ဒီနေ့ဟာ အဲဒီနေ့ပေါ့ကွယ်။ ပြက္ခဒိန်ထဲမှာ ပြဿဒါးမှာလား။ ရက်ရာဇာမှာလား။ ပုဏ္ဏားဖြူ ပုဏ္ဏားညိုလေမလားပဲ။ ဒါပေမယ့် ပြက္ခဒိန်က သတ်သတ် ငါက သတ်သတ်ထင်တာပါပဲ။ ဒီလိုနဲ့ ကျောင်း အသစ်လေးတစ်လုံး စတင်ဆောက်ဖြစ်တယ်။ ကျောင်းဆောင် အကျယ်အဝန်းက ပေ ၆၀ ပေ ၃၀ ပါ။ ငယ်ငယ်ကတည်းက အဆောက်အဦးတွေကို ဦးစီးရလိမ့်မယ် ဆောက်ရလိမ့်မယ်လို့လည်း တခါမှ မတွေးခဲ့ဖူးပါဘူး။ တောင်ကြီးမှာနေတုန်းကလည်း အဆောက်အဦးတွေ တောက်လျှောက် ဆောက်နေတာနဲ့ ကြုံခဲ့တယ်။ နောင်တောင်းမှာ နေတုန်းကလည်း အဲလိုပါပဲ။ အုတ်မြစ် ဘယ်လိုချတယ်။ သဲဘယ်လို တူးတယ်။ ထုံးဘယ်လိုထည့်တယ်။ ဘိလပ်မြေ ဘယ်လောက် သုံးတယ် စသဖြင့် တခုမှ မသိဘူး။ ကျင်တွယ် ဘယ်လိုထားရတယ်စသဖြင့် အပေါ်ယံလည်း မသိဘူး။ ထဲထဲဝင်ဝင်လည်း မသိဘူး။ သူတို့ ပြဿနာတွေ တက်ခဲ့သလား မတက်ခဲ့ဘူးလား ဆိုတာလည်း မသိဘူး။ ဘယ်နေ့ တိုင်ထူတယ်။ ဘယ်သူ ကြိုးကိုင်တယ်။ ဘယ်ဘက်မျက်နှာမူရတယ် မသိဘူး။

စေတနာမပါဘဲ ကူညီတဲ့ လက်ဟာ ကြောက်စရာ ကောင်းတယ်။ ကျောင်းတကာ တယောက်က ကျောင်းဆောက်ဖို့ အစကနေ အဆုံး ကူညီနေတယ်။ ငါ အစွမ်းကုန် မကြိုးစားတဲ့ အပြစ် ငါရတာပဲ။ တကယ်တမ်းဆို လက်သမားရှာတာ။ ပန်းရံရှာတာ ငါလုပ်ရမှာ။ မြေတူး အုတ်ချကမှ အစ ငါဦးစားရမှာ။ ခုတော့ သူ့ကို အားကိုးရမယ့် အခြေအနေကိုပဲ ငါက ဖန်းတီးခဲ့တယ်။ သူဟာ စီးပွားရေး သမားဖြစ်တယ်။ စီးပွား အမြင်နဲ့ အလုပ်လုပ်တယ်။ မမြတ်ရင် လေတောင် မလည်ဘူးလောက်တော့ မဟုတ်ဘူးပေါ့။ ဘုရားဖူးရင်း လိပ်ဥတူးရင်း အဆင့်။ ကျောင်းနာမည်နဲ့ သူများပိုင်တဲ့ မြေမှာ သဲသွားတူးတယ်။ တယောက်တည်း မတူးဘဲ သူငယ်ချင်းတွေကို လက်တို့တယ်။ သူငယ်ချင်းတွေ များလာတဲ့အခါ သူကိုယ်တိုင်ပဲ သဲကျင်းကို တူးခွင့်မပေးဖို့ ပြောပြန်တယ်။ ဘုလည်း မသိ ဘလည်းမသိတဲ့ ငါကတောင် ဓားခုတ်ရာ လက်ဝင်လျိုလိုက်သေးတယ်။ ပထမအကြိမ် သဲကျင်းမှာ သူများကို တူးခွင့်မပေးဖို့။ တူးခွင့်ပေးရင် ရံပုံငွေကောက်ဖို့။ ရလာတဲ့ ရံပုံငွေကို ကျောင်းလှူဖို့ဆိုပြီး စကားလှသုံးခိုင်းတယ်။ ငါကလည်း လူမှုရေးဆိုရင် ဒီလို အရေးမျိုးဆိုရင် နောက်ကွယ်ကို ချောင်းမကြည့်တတ်ဘူး။ လှည့်မထွက်တတ်ဘူး။ ဒီလိုနဲ့ သင်တန်းတခုက ဆရာမလေး တယောက်ပြောသလို “ဂွမ်းရော” ဖြစ်တော့တာပါပဲ။ မှတ်မထားသူလည်း တယောက်၊ မပြတ်သားသူလည်း တယောက် ထိုနှစ်ယောက် နှစ်ခါ မကင်းဘူး ဆိုတဲ့အထဲမှာ ငါပါတယ်။ သဲကျင်းကို သဲကျင်းပိုင်ရှင်တွေက ပိတ်လိုက်တယ်။ အဲမှာ သူက အဲဒီက သဲနဲ့ အုတ်ရိုက်တာ လုပ်တယ်။ တခြား ငါမသိတာလည်း လုပ်ရင် လုပ်ပါလိမ့်မယ်။ ငါကလည်း ကျောင်းဆောက်နေရင်းတန်းလန်း။ ကျောင်းကို သူကပဲ ကူညီပေးနေတာဆိုတော့ သူက ကျောင်းအတွက်ဆိုပြီး တောင်းပေးပါတဲ့ သဲကို။ အေးငါကလည်း နလပိန်းတုံးဆိုတာထက် ပိန်းတဲ့ကောင်။ စဉ်းစားရင်လည်း အဖြေမရှိတဲ့ကောင်။ ဒီတကြိမ်တော့ နာမည်တပ်ပြောခံရတယ်။ ငါ ဘယ်လို ရှေ့ဆက်မလဲ။ သဲကျင်းပိုင်ရှင်တွေက စီးပွားရေးအတွက် မဟုတ်ရင် တူးနိုင်တယ်ဆိုတော့ သူ့ကိုလည်း ဟိုဘက်က သဲကျင်း တူးခွင့်မပေးတော့ အကြောင်း ပြောရခက်ခက်နဲ့ ပြောလိုက်ရတော့ အနေအထားက ဒီလောက်တောင် အားမကိုးရရင် ဘာမှ မလုပ်ပေးနိုင်ဘူး အနေအထားကို ပြောင်းသွားရော။ ငါက သိသိကြီးနဲ့ လည်စင်းရတာ။ ပဲလှော်ကြား ဆားညှပ်ရောဆိုပါတော့။

ဒီနေ့မှ ထူးထူးခြားခြား ငါသိလိုက်ရတဲ့ ငါ့ရဲ့ ဘော့စ် ငါ့အပေါ် ဆက်ဆံရေးကို လှမ်းမြင်လိုက်ရတယ်။ လွိုင်ကော် ရောက်တုန်းက သာဝတ္ထိရောက်နေတဲ့ အွံအားဆရာတော်ဟောင်းက စကားလက်ဆောင်လေး တစ်ခု ပေးလိုက်တယ်။ ကျောင်းထိုင်ရင် သူများကို သိပ်အခွင့်အရေး မပေးနဲ့ ဆိုတာလေး။ အခု င့ါဆီရောက်နေတဲ့ ငါ့သူငယ်ချင်း ငါ့ကို ပြောနေသလို “သင်တန်းပေးတတ်မှ ပေးတာ ကောင်းတယ်” “စေတနာရှိမှ သင်တန်းပေးပါ” “သင်တန်းပေးတာ ဘယ်နေရာမဆို ပေးလို့ ရပါတယ်။ ပေးချင်စိတ်ရှိမယ်ဆိုရင်ပေါ့လေ” စသဖြင့် ငါ့ကို ကလေးတွေ ဆုံးမသလို လာလာဆုံးမ နေတယ်။ ငါ့ကို “မင်း အလကားကောင်” အဆင့်နီးပါးအထိ တော်တော်လေး ပြောလာတယ်။ ဒီတော့မှ ငါက ငါ့ရဲ့ ဘော့စ်ကို ငါအလို ဆက်ဆံခဲ့မိလေသလားလို့ ငါပြန်တွေးမိလာတယ်။ အခု ငါလုပ်နေတဲ့ အလုပ်ကို စကားကုန် ပြောရရင် ငါ့ရဲ့ဘော့စ်က မကောင်းတတ်လို့သာ ကြည့်ပေးနေတဲ့ အဆင့်မှာပဲ ရှိတယ်။ တစ်ပတ်မှာ ငါးရက်လောက် ငါ့ကျောင်းရှေ့က ဖြတ်နေပေမယ့် ငါ့ကျောင်းကို တချက်လှည့်မကြည့်ဘူး။ လူဘယ်မှာမှန်း မီးဘယ်မှာမှန်း ရေဘယ်မှာမှန်း မသိသေးတဲ့နေရာကိုကျတော့ အင်တိုက် အားတိုက် လုပ်နေတယ်။ ငါ့ကို ပစ်ထားတာပဲဆိုတော့ ဟိုဆုံးမစာလေး ပြေးမြင်မိတယ်။ “သင့်ကို ပစ်ထားတာဟာ သင်ဟာ သူ့ထက်တော်နေလို့” ဆိုတာလေးလေ။ ဟားဟား ဟား။ ငါ…ရယ်။ ခုဆို လူကြီးတယောက်အနေနဲ့ ပြန်တွေးရင် “ငါ အဲလို မစွာခဲ့သင့်ဘူး” ပေါ့။ “ခဲ့သင့်ဘူး” ပါတဲ့အတွက် ဒါဟာ နောင်တဖြစ်ပါတယ်။ ဆုံးမစာတွေကပ်ထားတဲ့ အိမ်တစ်အိမ်ရဲ့ ဆုံးမစာတခုမှာ စာတကြောင်း တွေ့ဖူးတယ်။ လုပ်ပိုင်ခွင့်ရှိလျက်နဲ့ မဖြစ်လာဘူးဆိုတဲ့လူလောက် ဒီလောကမှာ ညံ့တဲ့လူ မရှိဘူးတဲ့။ ဒါဆို ငါညံ့တာပေါ့။ မင်းသိင်္ခရဲ့ မဟူရာ ဆိုတဲ့ စာအုပ်ထဲမှာ ထင်ပ။ စနေမောင်မောင်လား။ ဘိန်းစား ဘွန်ဟောင်းလား မသိဘူး ပြောတာ။ “မလုပ်ချင်ဘူးလို့ ပြောတာက လူကို စော်ကားတာ၊ မလုပ်တတ်ဘူးလို့ ပြောတာက လောကကြီးကို စော်ကားတာ” တဲ့။ ငါ့ထက် အသက်တစ်နှစ်ငယ်တဲ့ ဖက်ရှည်က ဘုန်းကြီးတပါးကတော့ တော်တော်လေးကို အောင်မြင်နေတာပဲ။

ကဲ ဒီနေရာလေးကနေ အခြားဆောင်းပါးကို ဆက်ပြီးဖတ်ကြည့်ရအောင်  သံဃံ သရဏံ ဂစ္ဆာမိ

အခုနေ တော်တော်ခက်တာက ငါကိုယ်တိုင် ပအိုဝ်းစကားကို လည်လည်ဝယ်ဝယ် မပြောတတ်တာပါပဲ။ ဗမာစကားပုံလို အပြောမတတ်တော့ ဆဲသလို ဆိုတဲ့ ပုံတော်တော်လေး ဖြစ်နေမယ်လို့ ငါထင်တယ်။ ငါဟာ ပုဗ္ဗေစ ကတပုညတာ ဆိုတာလေး နည်းတဲ့သူ ဖြစ်ပါတယ်။ ငါ ဖြစ်ချင်တာ နည်းနည်းလေးမှ ဖြစ်ခွင့် မရခဲ့ဖူးဘူး။ ဥပမာ အရင်တုန်းက ဖုန်းအရမ်း ရချင်တာပဲ။ ဒါပေမယ့် လူတိုင်း ဖောဖောသီသီ သုံးနိုင်မှ ငါဖုန်း ရခဲ့တယ်။ ငါ နေချင်တဲ့ ပတ်ဝန်းကျင်မျိုး ငါ အမြဲရှာခဲ့တယ်။ ဒါပေမယ့် ငါရခဲ့တဲ့ ပတ်ဝန်းကျင်ဟာ ငါတခါမှ မလိုချင်ခဲ့တဲ့ ပတ်ဝန်းကျင်ချည်းပဲ။ ဒီနေ့ တော်တော်လေး ကံဆိုးတာကို တွေးကြည့်မိရင်း ကျန်တာတွေပါ သိမ်းကြံုးရောထည့်တာပါပဲ။ နောက်ဆောက်မည့် ကျောင်းတလုံးကို သိပ်မပီတဲ့ ချဲသမားစကားနဲ့ ပြောရရင် “ကယ်ဆယ်” လုပ်လိုက်တယ်။ ဒီကိစ္စက ဟိုလူ ကျောင်းကို ကူညီနေတဲ့သူ ဒီကျောင်းနဲ့ ပတ်သက်ပြီး သဲကို မျှော်လင့်ထားတာ ရှိတယ်။ အဲဒါ ပျက်ပြီ။ နောက် ရွာက စာသင်ဆောင်လေး ဆောက်ထားပေးတယ်။ ဒီအဆောင်မှာ ရွာက မဟုတ်တဲ့ တခြားလူကို ငါလက်ခံရင်လည်း ငါပဲ သူများဘက် ရှိနေတယ်လို့ ….. တခြားမဟုတ်ပါဘူး။ ဒီနေ့ ဆေးလိပ်သောက်တာ တစ်ဗူးကျော်ကုန်သွားတာကို ရေးပြတာပါ။ အသစ်လေးပေါ့။ ဟိုလေ ကိုယ့်ဒုက္ခထက် လောကကြီးမှာ ကြီးကျယ်တဲ့ ဒုက္ခ မရှိရရိုး မဟုတ်ပါလား။ နောက် ဆက်ပြောရဦးမယ်။ ကံနိမ့်ရင် စန်းပွင့်တယ် ဆိုပဲ။ အဲဒါလေးလည်း ဒုက္ခရယ်။