JQY Blog

စီမံကိန်းအနီးတွင်နေထိုင်ခြင်း (၁)

လူတယောက်ရဲ့ ဘဝမှာ အခြေခံအားဖြင့် လိုအပ်တဲ့ လိုအပ်ချက်က စား ဝတ် နေရေးပဲ။ ကိုယ့်အတွက် အဲဒီစားဝတ်နေရေး အဆင်ပြေအောင် လုပ်ပေးသူအပေါ်တော့ သစ္စာ ရှိရမှာပဲ။ အဲဒီသစ္စာက ဘယ်သူသေသေ ငတေမာရင် ပြီးရော ဖြစ်နေခဲ့ရင်တောင်မှပေါ့။ လူတိုင်းမှာ ဖြစ်နိုင်တာ မဖြစ်နိုင်တာ အသာထား။ လိုအင်တွေက ကမ်းခြေမှာ အပန်းဖြေတာ၊ ပင်လယ်စာလေး စားချင်တာ။ တခြားနိုင်ငံတွေကို အလည်အပတ် သွားချင်တာ၊ ကားအကောင်းကြီး စီးချင်တာ၊ တိုက်ကြီး တာကြီး အကြီးကြီးနဲ့ တခန်းတနားနေချင်တာကတော့ လူတိုင်းရဲ့ ဆန္ဒပါပဲ။ အဲဒီလိုအင်က မရပ်မနားသွားနေတဲ့အပြင် ကန့်သတ်ခြားနားတဲ့ နယ်ခြားမျဉ်းလည်း မရှိပါဘူး။ တချို့ကျပြန်တော့လည်း စည်းစိမ်တွေ ဟုတ်ချင်မှ ဟုတ်ပေမပေါ့။ အမိန့် အာဏာလည်း ဖြစ်ချင် ဖြစ်နေမှာ။ ခိုင်းတတ်တဲ့သူများအတွက် ငွေရှိရင် လူတွေအများကြီးကို ငွေနဲ့ ခိုင်းလို့ရတယ်လေ။ စီးပွားရေးကြောင့်သာ နိုင်ငံရေး ဖြစ်ပေါ်လာတာ။

  • ကွန်ပျူတာသင်တန်း၊ အင်္ဂလိပ်စာသင်တန်းတွေကို သင်ပေးတယ်။ စာသင်ကျောင်းဖွင့်ထားတယ်။ အခြားဖွံ့ဖြိုးရေးသင်တန်းလည်းပေးတယ်

စီးပွားရေးဆိုတာကလည်း ရှာတတ်သူအဖို့ လွယ်သမှ ဇာတ်စကားနဲ့ ပြောရရင် ငှက်ပျောသီး အခွံခွာတာကမှ ခက်သေး။ (မရှာတတ်ရင်တော့ မြင်္မိုရ်တောင် ပတ်ရှာနေရသလိုပဲ၊ ဘယ်မှာရှိမှန်းကို မသိတာ။) သူတို့ကျတော့ ရေကိုပဲ ကြည့်ကြည့် မြေကိုပဲကြည့်ကြည့် လေကိုပဲကြည့်ကြည့် စီးပွားရေးချည်းပဲ။ သယံဇာတဆိုတာကလည်း မြေကြီးက ပင်လယ်က အလျံအပယ် ထုတ်ပေးနေတာပဲလည်းလေ။ ဒါပေတဲ့ ဟိုးရှေးရှေးတုန်းက ဆိုရင်တော့ ကမ္ဘာကြီးက အကြီးကြီးဖြစ်နေလိမ့်မပေါ့။ အခုတော့လည်း ကမ္ဘာကြီးက မကြီးတဲ့အပြင် ဒီလိုနောက်ထပ် ငါးလုံး လောက်ရရင်တောင် မလောက်သေးဘူး ဖြစ်နေရတယ်။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က စီမံကိန်းတခုအတွက် မြန်မာနိုင်ငံရဲ့ မြေပုံကို ကြည့်ပြီး ရှမ်းပြည်ဘက်က တောင်တန်းတွေဆိုတော့ လက်ညိုး လိုက်ထောက်လိုက်သတဲ့။ ဒါပေမယ့် ဘယ်မှာမှ နေရာလွတ်မရှိတော့ဘူးဆိုပဲ။ သူများတကာထက် ပိုပြီးကောင်းကောင်းနေရဖို့ ကြိုးစားကြသူတွေထဲက ဘယ်သူ တွေများ အဲလိုကြိုဝယ်ထားနိုင်ခဲ့ပါလိမ့်။ ဘယ်သူတွေကများ မြန်မာနိုင်ငံ မြေပုံကြီးကို ကြည့်ပြီး ပြုံးနေကြမှာပါလိမ့်။ ပြုံးခဲ့တဲ့သူက သင်ဆိုရင်တော့ ဒီစာက သင့်အတွက် ခနဲ့ပြုံးပြုံးဖို့ပါခင်ဗျား။

 

အနောက်တိုင်း ရုပ်ရှင်တွေမှာတော့ ဇာတ်လမ်းလေးနဲ့ ရိုက်ပြတတ်တယ်။ လူဆိုးကြီးတွေက ပိုက်ဆံရဖို့ ပြန်ပေးဆွဲတာ၊ ဘဏ်ကို ဖောက်တာ၊ ရောဂါတွေနဲ့ ခြိမ်းခြောက်ပြီး ပိုက်ဆံတောင်းတာ၊ နျူကလီးယားကို စျေးကွက်ကစားပြတာ စသဖြင့် ကြောက်စရာကောင်းအောင် စီးပွားရေး ဝိသမလောဘသားတွေကို ဇာတ်လမ်းဆင် ရိုက်ပြတာတွေတော့ ရှိရဲ့။ တကယ်တမ်းကျတော့ အဲဒါတွေက နိမိတ်ပုံလောက်ပဲလေ။ အဲလိုနိမိတ်ပုံတွေက ရိုးအေးလွန်းပါတယ်။ အပြင်မှာ ပိုကြောက်စရာကောင်းနေတယ်။ သို့သော် ရန်သူကို ရန်သူလို့ မထင်ကြသူတွေချည်း ပြည့်နေတယ်။

စကားတခွန်း ရှိတယ်။ အသံတိတ် လူသတ်သမား တဲ့။ ခုများ တို့နိုင်ငံမှာ အသံတိတ် လူသတ်သမားတွေ ပေါမှပေါ ဖြစ်နေတယ်။ ဘယ်သူတွေပါလိမ့်။ သေနတ်တချက် ဖောက်စရာ ခြိမ်းချောက်စရာ မလိုပါဘူး။ “ငါ့မိသားစု” ဆိုတာကို ကြည့်တဲ့သူများကို ခေါင်းခေါက်လိုက်ရုံပါပဲ။ လွယ်ပါတယ်။ ဝါးလုံးဖျား ချီးသုတ်ပြီး ရမ်းတယ်လို့ ဆိုချင်နေမလား။ ငါတို့တော့ မဟုတ်ပါဘူးလို့ ယုံကြည်နေမလား။ ဒီစာရဲ့ ခေါင်းစဉ်က စီမံကိန်း အနီးတွင် နေထိုင်ခြင်းပါတဲ့ခင်ဗျာ။ သယံဇာတ မုဆိုးတွေနဲ့ မုဆိုးနောက်လိုက် အကြောင်းလေး နည်းနည်း ပါးပါးပြောကြည့်မလားလို့ပါလေ။ ဒီလိုလေးတော့ ရှိပါသေးတယ်။ ဒီစာ ဖတ်တဲ့သူတွေက သယံဇာတကို တူးဖော်ပြီးလုပ်တဲ့ အလုပ်ဆိုတာ တယောက်တလေများ ဒေသခံအပေါ် ခေါင်းပုံဖြတ်ခြင်း သဘာဝပတ်းဝန်းကျင်ကို တဦးတယောက် ချမ်းသာဖို့ ဖျက်ဆီးပစ်ခြင်း စတာတွေကို မသိနိုင်တဲ့ အမြင်ပြောင်းခံရသူများဆိုရင်တော့ မပြောတတ်ဘူးပေါ့။ သူရို့စကားယူသုံးရရင် ဦးနှောက်ဆေးခံရသူများပေါ့။ တီကျစ် နဂါးဘိလပ်မြေ စက်ရုံထဲကို လေ့လာရေးသွားဖြစ်တုန်းက ဘိလပ်မြေ အရည်အသွေးစစ်တဲ့ဌာနက အသက် ၅၀ ကျော်အရွယ် ပိန်ပိန်းပါးပါးနဲ့ မိန်းမကြီးတယောက်က ပြောတယ်။ “ဘိလပ်မြေစက်ရုံမှာ အလုပ်လုပ်ခွင့်ရတာ ကုသိုလ်အရဆုံးအလုပ်ပါ၊  လူတွေ မွေးကတည်းက သေတဲ့အထိ ဘိလပ်မြေကို အသုံးပြုကြရတယ်လေ” တဲ့။ အားလုံးပြုံးဖြစ်ခဲ့ကြလေရဲ့။

 

၂၀၀၈ ခုနှစ်လောက်က ထင်ပ၊ တီကျစ်ကျောက်မီးသွေး စက်ရုံနဲ့ ပတ်သက်ပြီးတော့ စာတမ်းလေးတခုရဲ့ခေါင်းစဉ်ကို ဖတ်ဖူးတယ်။ “အနာဂတ်ကို လုယူ ဖျက်ဆီးခြင်း” တဲ့။ တကယ်တမ်းကျတော့ အဲဒီထက်ပိုတဲ့ စကားလုံးကို ရှာမတွေ့သေးတာ ဖြစ်ပါလိမ့်မယ်။ သို့သော်လည်း အဲဒီထက်ပိုတဲ့ စကားလုံးကလည်း အလုပ်ဖြစ်မှာတော့ မဟုတ်ပါဘူး။ သက်သေလိုတယ်လေ။ ဥပမာ အိန္ဒိယမှာ ဂျမေကာမှာ ဘယ်လိုဖြစ်သွားတယ်ဆိုတာ ဓာတ်ပုံနဲ့တောင် မကဘူး၊ ဒေသခံတွေရဲ့ ပြေစကားဗွီဒီယိုမှတ်တမ်းကလေးနဲ့ ဖြစ်နေမှကို အနေတော်လောက်ပဲ ဖြစ်မှာ။ တနေ့တော့ ကယားပြည်နယ်ဘက်မှာ တာဝါတိုင် တွေနဲ့ ပတ်သက်ပြီး ဒေသခံတွေက ခေါင်းကိုက်ရောဂါ၊ မှတ်ဉာဏ်ချို့ယွင်းတာ၊ ကိုယ်ဝန်ဆောင်မိခင် မီးဖွားတဲ့အခါ အန္တရာယ် ဖြစ်တာ ကင်ဆာစတဲ့ ဘေးထွက်ဆိုးကျိုးတို့နဲ့ နည်းစနစ်ကျကျလေးပြောတော့ တာဝါတိုင်စိုက်ဖို့ မဲဆွယ်တဲ့သူတွေက မေးတယ်။ ဘယ်မှာလဲ သက်သေ တဲ့။ ဒါနဲ့ သူငယ်ချင်းကလည်း အင်တာနက်ပေါ်က ရှာဖွေလို့ ရသမျှအကုန် စာရွက်တွေနဲ့ ချပြလိုက်တယ်။ “ခင်ဗျားတို့က သူများပါးစပ်စိုတာ မနာလို သိပ်ဖြစ်တတ်တာကိုး” လို့ ပြောပါသတဲ့။ လောကကြီးမှာ လူဆိုးတွေ သိပ်များနေပြီလေ။

 

ကိုယ့်အလုပ်ရှင်တွေအပေါ် သစ္စာမဲ့ရင် ထမင်းကျွေးတဲ့လက် ပြန်ကိုက်တယ်လို့ ပြောတယ်။ အလုပ်ရှင်အပေါ် သစ္စာရှိရင် ငယ်ကျွန်ကြီးလို့ ခေါ်တယ်။

 

ဆက်ရေးပါဦးမည်…