JQY Blog

နောင်တောင်း (၁)

ကျွန်တော် နေမယ်လို့ရည်ရွယ်ပြီး နောင်တောင်းကို ရောက်ခဲ့တဲ့ရက်က ၂၀၁၁ သြဂုတ်လ ၁၄ ရက် စနေနေ့ပေါ့။ နောင်တောင်းဆိုတာက ဘုန်းတော်ကြီးကျောင်းကို အခြေခံထားတဲ့ စာသင်ကျောင်း။ အားလုံးနားလည်တဲ့ အခေါ်နဲ့ဆို ဘုန်းတော်ကြီးသင် ပညာရေးကျောင်း။ တည်နေရာက ရှမ်းပြည်နယ်ထဲမှာ။ အရင်အစိုးရလက်ထက်က စကားနဲ့ပြောရင်တော့ ရှမ်းပြည်တောင်ပိုင်း။ တောင်ပိုင်းလို့ ပြောပြော ရှမ်းပြည်လို့ ပြောပြော ချက်ချင်းသတိထားမိလိုက်တာက တောင်ကြီး။ နောင်တောင်းဘုန်းတော်ကြီးသင် ပညာရေးကျောင်းက တောင်ကြီးရဲ့ ဘယ်ဘက်မှာလဲ။ တောင်ကြီးရဲ့ အရှေ့ဘက်မှာရှိတယ်။ တောင်ကြီးရဲ့ အရှေ့ဘက်မှာက ဟိုပုံးမြို့ရှိတယ်မလား။ ဟိုပုံးမြို့ထဲမှာပေါ့။ မဟုတ်သေးဘူး။ ဟိုပုံးမြို့နဲ့တော့ နီးတယ်။ ဟိုပုံးမြို့ရဲ့ အရှေ့ဘက် မြို့အထွက်နားလေးမှာ မြောက်ဘက် မိုင်းပျဉ်းကိုသွားတဲ့ ကားလမ်းရှိတယ်။ အဲဒီကားလမ်းဘေးမှာ ရှိတာ။ မိုင်းပျဉ်းလမ်းကတော့ မိုင်းပျဉ်းအထိဆို အရှည်ကြီးရှိမှာပဲ။ လမ်းတဝက်မှာလား။ လမ်းအစမှာလား။ အဆုံးမှာလား။ ဟိုပုံးမြို့ကနေ မိုင်းပျဉ်းလမ်းအတိုင်းထွက်ခဲ့ ၁ မိုင်နှင့် ၃ ဖာလုံလောက် ရောက်ရင် ပထမဆုံးစတွေ့ရမယ့် စလိုးဒေါင်းကနေ “ဖြေးဖြေးမောင်း ကျောင်းရှိသည်” ဆိုတာကို ပအိုဝ်းမြန်မာ နှစ်ဘာသာနှင့် ရေးထားတဲ့ စာတန်းနဲ့အတူ တွေ့ရပြီးရင်တော့ သင် နောင်တောင်းကို သင်ရောက်ပါပြီ။ စလိုးဒေါင်းကိုတော့ ၂၀၁၄ ခုနှစ်လောက်မှာ လုပ်ထားရတာပါ။ ၂၀၁၄ လောက်မှ လုပ်ရတာကလည်း ကတ္တရာလမ်းက အဲဒီနှစ်လောက်မှ ပေါက်တာကိုး။ အရင်တုန်းကတော့ ကျောက်ခင်းလမ်း။ ဆိုင်ကယ်မောင်းမောင်း ကားမောင်းမောင်း ဖြေးဖြေးမောင်းလို့ ပြောစရာမလိုအောင် ကျောက်တုံးတွေက တားထားပေးတယ်။ လမ်းနည်းနည်းကောင်းသွားတဲ့နောက်တော့ ကျောင်းသားကျောင်သူ ကလေးတွေလည်း ထောင်ကျော်လာပြီလေ။

Subscribe to Blog via Email

Enter your email address to subscribe to this blog and receive notifications of new posts by email.

စလိုးဒေါင်းကို ကျော်လိုက်ရင်တော့ နောင်တောင်းဆိုတဲ့ ဘုန်းတော်ကြီးကျောင်းမြေကို စစနင်းလိုက်ရခြင်းပါပဲ။ မြင်ရမယ့် မြင်ကွင်းကတော့ နောင်တောင်းအဝန်းအဝိုင်းလေး ဖြစ်တဲ့ လမ်းရဲ့ ဘယ်ဘက်က “မြရတနာ လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်း” ဆိုတာဖြစ်လိမ့်မယ်။ အဲဒီထက် ခြေလှမ်း ၃၀ လှမ်းစာလောက် ဆက်သွားရင် ၁၈ ပေလောက်ကျယ်တဲ့ မုဒ်ဦးကြီးကြီးကိုတွေ့မယ်။ အဲဒါနောင်တောင်းပဲ။ မုဒ်ဦးမှာ ကောဇာ ၁၃၆၉ ခုနှစ်၊ ဝါခေါင်လနှင့် သာသနာ ၂၅၅၁ လို့ ခုနှစ်တွေ တပ်ထားတဲ့ “နောင်တောင်းပရဟိတ တပ်ဦးကျောင်းတိုက်” ကိုတွေ့မယ်။ တပ်ဦးလို့ ဘာကြောင့်ပါနေတာလဲ။ အဲဒီအတွက် အဖြေနှစ်ခုရှိမယ်။ တစ်ခုက ဟိုပုံးကနေ အရှေ့ဘက်သို့အထွက်မှာ ရှိတဲ့ “တပ်မတော် ကွန်ပျူတာနှင့် နည်းပညာတက္ကသိုလ်” အပိုင်နယ်မြေထဲကြောင့် ဖြစ်ပြီး တစ်ခုက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ပထမဆုံး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းဖြစ်ခြင်းကြောင့် ပါပဲ။ အလင်္ကာကျော်စွာ မြို့မငြိမ်းစကားနဲ့ ပြောရရင်တော့ “တပ်တော်ဦး” ပေါ့။

နောင်တောင်းကျောင်းလို့ ခေါ်တာက နောင်တောင်းရွာကို အခြေပြုပြီးတည်လို့။ တကယ့်တကယ် ကျောင်းနာမည်က “သုခအောင်ဆု ပရဟိတကျောင်းတိုက်” ဖြစ်ပါတယ်။ သို့ငြား အနွတ္ထသညာ ဖြစ်လာတာကတော့ ဂါမတ္ထသညာပေါ့။ များသောအားဖြင့်တော့ ကျောင်းနာမည် ဘယ်လိုပေးထားထား နောက်ဆုံး ရွာအမည်နဲ့ခေါ်တာက ဆန်းတော့မဆန်းပါဘူး။ သို့သော် သူ့ဘာသာ တိတ်ဆိတ်နေရာကနေ နောင်တောင်းဆိုတဲ့ အမည် ကံတင့်လာတယ်။ သို့မဟုတ် အလျဉ်းသင့်လာတယ် ဆိုရမယ်။  အလျဉ်းသင့် ကံတင့်ပုံကလည်း သည်လို။ မူလကျောင်းကြီးဟာ အရင်ဆရာတော် ပျံလွန်တော်မူသွားတဲ့အတွက် လက်ရှိ ဆရာတော်ကို အပ်လိုက်တယ်။ ဖြစ်ချင်တော့ မကြာမတင်မှာပဲ မီးခသွားခဲ့တယ်။ ဓမ္မာစရိယ တစ်ကျမ်းကျန်လို့ မန္တလေးမှာ စာဝါလိုက်နေတဲ့ ဆရာတော်ဟာ ချက်ချင်း ပြန်လာခဲ့ပါတယ်။ ပြီးတော့ ဆရာတော်ရဲ့ ငယ်ဆရာတော်တစ်ပါးဖြစ်တဲ့ ဟိုပုံးမြို့အဝင်က ရန်ကင်းကျောင်းတိုက် ဆရာတော်ကြီး အမြဲတောင့်တနေတဲ့ “ငါတို့ ဟိုပုံးမှာ ပရဟိတကျောင်းတကျောင်းကျောင်း သို့တည်းမဟုတ် ဘက ကျောင်းတစ်ကျောင်းကျောင်း ရှိရင် ကောင်းမယ်” ဆိုတဲ့ အာသီသကို ဆရာတော်ကလည်း အကောင်အထည်ဖော်ဖို့ အားခဲနေတဲ့ အချိန်လည်း ဖြစ်သွားပြန်တယ်။ သို့ငြား မူလမီးခခဲ့တဲ့ ကျောင်းမြေနေရာက နောင်တောင်းရွာရဲ့ မြောက်ဘက်မှာ ရှိတယ်။ တကယ်တမ်း ပရဟိတ ဘ/က လုပ်မယ်တဲ့အခါ ဆွမ်းကွမ်းကိစ္စ သွားရေး လာရေးကိစ္စအဆင်ပြေအောင် မြို့နဲ့လည်း နီးဖို့ လိုတယ်ဆိုတဲ့အခါ ဆရာတော်ဟာ နောင်တောင်းရွာရဲ့ တောင်ဘက် မိုင်ဝက်လောက် အကွာမှာ အခုနောင်တောင်းကျောင်းကြီးကို တည်ခဲ့တာ ဖြစ်တယ်။

ကဲ ဒီနေရာလေးကနေ အခြားဆောင်းပါးကို ဆက်ပြီးဖတ်ကြည့်ရအောင်  နောက်ဆုံး လက်ကျန်များ (၂)

မြေအနေအထားကို ကြည့်ရရင် ကုန်းလျောအနေအထား။ အပေါ်မှာ မြေကြီးလွှာပါးပါးကလေးသာ ရှိပြီး အောက်ကို နည်းနည်းကလေး တူးလိုက်တာနဲ့ တွေ့မှာက သဲကျောက်။ မြေလွှာပေါ်မှာက သြဇာနည်းတဲ့ မြေနီမျိုးလည်း ဖြစ်တာမို့ ခပ်ခြောက်ခြောက် မြက်ရယ်နှင့် မြင်လိုက်ရင် ညည်းငွေ့ဖွယ်ကောင်းတဲ့ ချုံပုတ်ကလေး ဟိုနားတစ်စ၊ သည်နားတစ်စ။ အနီးအနားပတ်ဝန်းကျင်က ဝေးဝေးတစ်နေရာမှာ သစ်ပင်ကြီး တစ်ပင်နှစ်ပင်။ ရေထွက်စရာ အကြောင်း တစ်စုံတရာ မရှိ။ ရေရှိတဲ့စမ်းချောင်းက တောင်စောင်းရဲ့အဆုံး အောက်ထဲက သုံးဖာလုံခွဲလောက်မှာ။ အဲဒီတုန်းက အိမ်ရယ်လို့ အနီးအနားမှာ တစ်လုံးရယ်မှ မရှိ။ အဲလို အခြေအနေမျိုးနဲ့ကို ကျောင်းနေရာအဖြစ် ဘာလို့ ရွေးလိုက်တာလဲ။

နောင်တောင်းကျောင်းရဲ့ တံဆိပ်ဝိုင်းကလေးကို ကြည့်လိုက်ရင် စေတီသုံးဆူကို မြင်ရမှာ ဖြစ်ပါတယ်။ အဲဒီစေတီသုံးဆူရဲ့ ပုံက ခုလက်ရှိ နောင်တောင်းကျောင်းရဲ့ အရှေ့ဘက်မှာ ရှိနေတဲ့ စေတီသုံးဆူပဲ။ ပြီးတော့ ကျောင်းတိုက် မတည်ခင်ကတည်းက ရှိနှင့်နေခဲ့တဲ့ စေတီလည်း ဖြစ်တယ်။ အဲဒီစေတီနားမှာ သင်္ခန်းကျောင်းသေးသေးလေး တဆောင်ဆောက်ပြီး အရင်နောင်တောင်း ဆရာတော်က သီတင်းသုံးခဲ့ဖူးတယ်။ သီတင်းသုံးရင်း ဒီမြေလေးဟာ နောင်တချိန်မှာ ဘာသာရောင် သာသနာရောင် ထွန်းကားမယ့်မြေရယ်လို့ နိမိတ်ညွှန်းခဲ့ဖူးတယ်။ အပေါ်က ပြောတဲ့ မြို့နဲ့နီးသင့်တဲ့နေရာဖြစ်တာရယ် အရင်ဆရာတော်ရဲ့ စကားကို ထောက်တာရယ် ပြီးတော့ စေတီကလေး ရှိနေတာရယ်ကြောင့် လက်ရှိကျောင်းနေရာကို ရွေးလိုက်ရတယ်လို့ ဆိုပါတယ်။

ကာလက ၂၀၀၀ ခုနှစ်။ ဧပရယ်လ (၁၇) ရက်။ တနင်္လာနေ့။

နောက်ပိုစ့်များကို mail ကနေ အသိပေးစေချင်တယ်ဆိုရင် အောက်မှာ သင့် mail ကို ဖြည့်ခဲ့ပါ

ဆက်ပါမည်…