JQY Blog

လူမျိုးမဲ့

“ကိုဂျေတို့ဘက်မှာကော စစ်ဖြစ်လို့ ပြေးရတာရှိလား၊ အဲလိုကော ပြေးဖူးလား ငယ်ငယ်တုန်းကပေါ့”

ဒါက သူငယ်ချင်းတယောက်က မေးတာ။

“ထောင်ထဲမှာ သွားကြည့်လိုက် စစ်အစိုးရကို မကျေနပ်လို့ ဆန့်ကျင်ရင်း ထောင်ကျနေတာ ဗမာတွေချည်းပဲ”

ဒါက သင်တန်းတွေ အလုပ်ရုံဆွေးနွေးပွဲတွေမှာ သင်တန်းသားတွေ သို့တည်းမဟုတ် အလုပ်ရုံဆွေးနွေးပွဲ တက်သူတွေ ပြောတာ။

“တိုင်းရင်းသားတွေက ဘာလို့ ဗမာတွေကို မုန်းနေတာလဲ မသိဘူး၊ ဗမာတွေလည်း တိုင်းရင်းသားပါပဲ၊ စစ်ဖိနပ်အောက်မှာ အတူတူခံရတာချည်းပဲ”

ဒီလိုကတော့ စကားပြောဖြစ်တဲ့ ဗမာတွေက ပြောပြောကြတာ။

တောင်ကြီးမြို့ ဘုန်းကြီးကျောင်း တကျောင်းမှာနေတုန်းကတော့ စစ်သားတွေ ကျောင်းကို ခဏခဏလာတယ်။ လာတဲ့စစ်တပ်ကလည်း ဆေးတပ်ကရယ် တပ်ထိန်းတပ်ကရယ်ပါပဲ။ ဘယ်ကနေ ဘယ်လို ရှေ့တန်းထွက်တဲ့ တပ်တွေက ပါပါလာတယ်တော့ မသိဘူး။ စစ်သားအချင်းချင်း ပြောကြတဲ့ စကားထဲက ခုထက်ထိ နားထဲက မထွက်သေးတဲ့ စကားတခွန်းရှိတယ်။

“ရွာသူကြီးက မေးတာကို ပြန်မဖြေတာနဲ့ နားနားကပ်ပြီး သေနတ်ကို ဆွဲထည့်လိုက်တာပဲ”

သူဆိုလိုတာက နားနားကပ်ပြီး သေနတ်ကို ဆွဲလိုက်တာ။ လူကိုပစ်တာတော့ မဟုတ်ဘူး။ ခြိမ်းခြောက်တဲ့ သဘော။ ဒါကတော့ ထူးထူးခြားခြား မှတ်မိနေတဲ့ စကား။

“ဖေဖေ ဘယ်သွားလဲဟင်”

“ဗမာစစ်ကြောင်းရှိလို့ တောထဲသွားပုန်းနေတယ်”

ဒါက ကိုယ်နားလည်တတ်စ အရွယ်မှာ မကြာခဏ မေးမေးဖြစ်တဲ့ မေးခွန်း။ မေမေကလည်း ဒီစကားကိုပဲ ပုံစံအမျိုးမျိုးနဲ့ ဖြေခဲ့တယ်။

ကျွန်တော်တို့ ရွာတွေမှာ ဘယ်တော့မှ နားထောင်လို့ မပြီးနိုင်တဲ့ ပုံပြင်တွေ အများကြီး ရှိတယ်။ ဘယ်တော့မှလည်း ရိုးမှာ မဟုတ်ပါဘူး။ အဲဒါကတော့ ပေါ်တာပါသွားတုန်းက ဘယ်လိုအနှိပ်စက်ခံခဲ့ရတာ။ ငှက်ပျောဖူးတွေကို ထမ်းခဲ့ရတာ။ ကျောပိုးအိပ်က ဘယ်လောက်လေးတာ။ ဘယ်နှစ်ရက်လောက် ထမင်းမစားဘဲ သွားခဲ့ရတာ ဒါတွေပေါ့။

“ဆိုက်ခေါင်ဘက် ရောက်ဖူးလား”

တလောတုန်းက ရောက်ခဲ့တဲ့ ညောင်ရွှေမြို့နယ် ဘန်းဗြင်အုပ်စု ကားယရွာဘက် ရောက်တုန်းက အသက် ၅၀ ကျော်အရွယ်ရှိတဲ့ လူတယောက်ကို မေးကြည့်လိုက်တဲ့ စကား။ သူက

“ငယ်ငယ်တုန်းက တခေါက်ရောက်ဖူးတယ်”

“ဘာကိစ္စနဲ့ ရောက်သွားခဲ့တာလဲ”

“တခြားကိစ္စတော့ မဟုတ်ပါဘူး။ ဗမာစစ်သားတွေ ပေါ်တာဆွဲလို့ ပါသွားရာကနေ ရောက်ဖူးတာပါ”

နောက်တခေါက်ထပ်မရောက်ဖူးပါဘူးလို့ ပြောပါတယ်။ အဲလိုလူတွေ အများကြီးရှိတယ်။

အရင်တုန်းက သူပုန်တွေကို ထောက်ပံ့လို့ဆိုပြီး စစ်အစိုးရက ဖြတ်လေးဖြတ်တွေနဲ့ ရွာတွေကို နှိပ်စက်ခဲ့ဖူးတယ်။ ရွာတွေကို ခြံစည်းရိုးခတ်ပြီး ရွာထဲကလူ ရွာပြင် မထွက်ရ ရွာပြင်ကလူ ရွာထဲ မဝင်ရဆိုတော့ နောက်ဆုံး တိုင်းရင်းသားတပ်မတော်တွေ အရှုံးပေးခဲ့ရတယ်။

“ပလောင်ရွာတွေက အိမ်အသစ်တွေချည်းပဲနော်”

စစ်တပ်က တောင်ပေါ်ကနေ မောင်းဆင်းထားတာလေတဲ့။ ကာလိနဲ့ ခိုလမ်ကြားမှာ။

“ဗမာတွေကို ဘာကြောင့် မုန်းကြတာလဲ မသိဘူး၊ တကယ်တမ်း ဒါတွေကို စစ်တပ်က လုပ်တာ”

ဒါကတော့ ဗမာတွေနဲ့ ဆုံတိုင်း အပြောခံရတဲ့စကား။

ဒါပေမယ့် . . .

ရုံးကန္နားတွေမှာ တိုင်းရင်းသားတိုင်း အမြဲတမ်း အပြောခံရတာက၊ မျက်နှာငယ်သွားစေတဲ့ စကားက

“နင်တို့ ……………. လူမျိုးတွေက အ,ကိုအ,တာ”

ပါတဲ့။

မုန်းစေချင်လို့ ရေးတာ မဟုတ်ပါဘူး။ ပြောပြကြည့်တာပါ။ ဘာကိုမှလည်း မရည်ရွယ်ပါဘူး။ လူတွေက စိတ်ထဲ ရှိတာ ပြောပြီး အဲလိုပြောပြောကြတာဆိုတော့ ကျွန်တော်လည်း ပြောကြည့်တာပါ။ တကယ် မရည်ရွယ်ပါဘူး ခင်ဗျာ။ ကျွန်တော် တိုင်းရင်းသားပေမယ့် ကပြားပါ။ ဘယ်ဘက်ကမှ ကျွန်တော့ကို မချစ်ပါဘူး။ ဘယ်ဘက်ကမှ ကျွန်တော့ကို ဗမာတွေလောက် အရေးမလုပ်ခဲ့ကြတာ အမှန်ပါပဲခင်ဗျာ။

ဘယ်ချိန်ကစလို့ လူမျိုးတွေ ကွဲပြားလာခဲ့ကြတာလဲ။ လူမျိုးတွေကို နင်းကန်စွဲနေတော့ကော ဘာဖြစ်လာမလဲ။ ဆရာလို ရင်းနှီးရတဲ့ အွယ်ပီးဆိုတဲ့ လူကတော့ လူတွေအတွက် အစုအဖွဲ့ တခုခုထဲ ပါဝင်နေတာ ကောင်းတယ် တဲ့လေ။ ဟုတ်ချင် ဟုတ်နေမှာပေါ့။ အားတခုဖြစ်ချင်လည်း ဖြစ်မှာပါ။ တခုခု အောင်မြင်သွားရန် ငါတို့လူမျိုးကွ ဆိုတဲ့ လူတစ်စုရှိလာမှာပေါ့။ တိုင်းရင်းသား ဖြစ်ပြီး အခြားတိုင်းရင်းသားကို တမ်းတပြမိတဲ့အခါ လောက်ကောင်ဘွဲ့ရတာပေါ့။ တိုင်းရင်းသား ဖြစ်ရတဲ့အခါ အလိုအလျောက် အနှိပ်စက်ခံရတာပေါ့။ အဲ့ဒါကြောင့်တော့ လူမျိုးတွေကွဲပြီး လူမျိုးတွေ စွဲကြတာတော့ မဟုတ်ဘူးထင်ပ။ တနေ့တော့ ဦးပဇင်း တပါးက ပြောတယ်။

“အဖေက ပအိုဝ်း အမေက အင်းသား ဦးဇင်းက ဓနု” တဲ့။

ဆိုတော့ တချို့က ပြောပြောနေကြတယ်။ ကျနော်က ဘာသာမဲ့တဲ့။ အဲတော့ ပြောလိုက်ဦးမယ်။ ကျနော်က လူမျိုးမဲ့။

%d bloggers like this: