JQY Blog

စီမံကိန်း အနီးတွင် နေထိုင်ခြင်း (၂)

ယောနိသော မနသိကာရ ထားရမလားလို့ ကိုယ့်ကိုယ်ကို ခဏခဏ ပြန်မေးရတဲ့ အဖြစ်က ရှောင်လွဲလို့ မရတော့ဘဲ စက်ရုံ အလုပ်ရုံဘေးနား မဖြစ်မနေ နေထိုင်ရခြင်းပါပဲ။ ယောနိသော မနသိကာရ ဆိုတာကကော ဘယ်လို အခြေအနေမျိုးမှာ ထားရတာလဲ။ ကိုယ်ကိုယ်တိုင် မေးနေကျ မေးခွန်းဖြစ်တဲ့ “ပျော်လား” ဆိုတဲ့ အခြေအနေမှာလား။ စက်ရုံကြောင့် စိတ်ညစ်နေရတဲ့ ကြားထဲ Mytel Cellphone Tower တိုင်ရောက်လာရခြင်းကြောင့် ပိုစိတ်ဆင်းရဲသွားရတဲ့ အခြေအနေမှာလား။ စိတ်ညစ်တယ်ဆိုတဲ့ နေရာမှာ အကြောင်းပြချက် အများကြီး ရှိတယ်။ စက်ရုံနဲ့ပတ်သက်လို့ ပထမဆုံးက ဆူညံသံ။ တစ်ရက်တည်း ကြားရတာမျိုး ခဏလေးကြားရတာမျိုးမဟုတ်ဘဲ ၂၄ နာရီလုံးလုံးကြားနေရတဲ့ ဆူညံသံ။ ဒုတိယက အနံ့။ ကျောက်မီးသွေးနံ့ဟာ မြောင်းပုပ်နံ့နဲ့ ဆင်တူပါတယ်။ လေထဲပါလာတာလေ။ အသက်ကလည်း အမြဲရှူနေရတာလေ။ တတိယကတော့ မီးခိုးမှုန်ပါပဲ။ ဒါက ပိုဆိုးပါတယ်။ မမြင်ရဘူး။ ကျောင်းရှေ့မှာ ပန်းကလေးတွေ စိုက်ထားတယ်။ အဲဒီပန်းတွေထဲမှာ နှင်းဆီဖြူပါတယ်။ သိပ်လှတာပဲ။ နှင်းဆီဖြူဟာ ပြာမှုန်တွေနဲ့။ အားလုံး သိအောင်ဖြင့် ပြောကြည့်ချင်ပါသေးတယ်။ တနေ့သား စက်ရုံဟာ အသံတိုးသွားပါတယ်။

“အလုပ်နားလို့ စက်ရုံသံတိုးသွားတာလား”

နည်းနည်းအရာရောက်တဲ့ ဝန်ထမ်းတစ်ဦးက မတော်မကာရောက်လာလို့ မေးကြည့်လိုက်တာ။

“အမလေး ဒီတပတ်လုံး ခုထိ မနားရသေးဘူး။ စစ်ဆေးရေးဝင်မယ်ဆိုလို့ ဖုန်တွေ မရှိအောင် လုပ်နေတာ၊ ဒီနေ့တော့ အသံမြည်တဲ့ အပိုင်းတွေ ခဏရပ်ထားတယ်”

ဖြေတော်မူသဗျား။ စစ်ဆေးရေး ဝင်မှာကို ခင်ဗျားတို့က ဘယ်လိုလုပ် ကြိုသိနေတာတုန်း။ ဝန်ထမ်းက မဖြေသော်ငြားလည်း သိလိုက်ပါတယ်။ ငွေရှင် ဓနရှင်ကို ဘယ်ဌာနမွှားမွှားလေးတွေက ကျော်ရဲမှာတဲ့တုန်း။ နည်းနည်းပေါက်ရောက်တဲ့ ခပ်ရာရာတစ်ယောက်ကို မေးဖူးတာလည်း ရှိတော့ သိတာပေါ့။

“ခင်ဗျားတို့ စက်ရုံကို တိုင်တဲ့သူ တောတဲ့သူတွေများ မရှိဘူးလား”

သူပြောမှပဲ တနိုင်ငံလုံးက တိုင်စာတွေ ပစ်စာတွေ ရေးကြ ပေးကြတဲ့သူကို သနားသွားမိတယ်။

“ကျနော်တို့ စက်ရုံကို တိုင်တဲ့စာတွေက ကျနော်တို့သူဌေးဆီအရင်ရောက်ပြီးမှ ဖြေရှင်းလို့ရတဲ့ ပြဿနာတွေ စာတွေဆို ဌာနကို ပြန်ပို့ပါတယ်”

Mytel Mytel ဖုန်းလိုင်းသစ် ဖုန်းလိုင်းသစ် ဖုန်းလိုင်းသစ် Mytel

အောင့်ခနဲကို ဖြစ်ကရောပဲ။

တလောတုန်းက ကျွန်တော့် Facebook စာမျက်နှာမှာ Mytel နဲ့ပတ်သက်ပြီး နည်းနည်းပါးပါး ပြောသေးတယ်။ သူတို့ Tower တိုင်နဲ့ပတ်သက်ပြီး စာပို့တာလေး။ ကျွန်တော့်ဆီ ရောက်လာခဲ့တဲ့ ဝန်ထမ်းမျက်နှာကို ခုထိ မမေ့ဘူး။

“ဒီကျောင်းနားမှာလည်း မလုပ်နဲ့။ ကျောင်းအနီးအနား ရွာမှာလည်းမလုပ်နဲ့”

ဆိုတဲ့စကားကို လုံးဝ ဂရုမစိုက်တဲ့ မျက်နှာထား။ @mytel.com.mm ဆိုတဲ့ လိပ်စာတွေဆီ စာပို့တာလည်း အဖက်ကလေးတောင် မလုပ်ကြတာကတော့ Mytel ဝန်ထမ်းများရဲ့ ကျွန်ကောင်းကျွန်မွန်ပီသမှုကို လေးစားမိတာပါပဲ။ အော် ကျွန်ကောင်းကျွန်မွန်ဆိုလို့ သူ့အဓိပ္ပါယ်ကို ဋီကာလေး ဘာလေး ချဲ့ပြချင်သေးသဗျား။

သူငယ်တန်းကတည်းကနေ ဘွဲ့ရတဲ့အထိ ကျောင်းတက်လာရတဲ့ အချိန်၊ ငွေဟာ ဘာနဲ့မှ ပြန်ရှာလို့ မရတော့ပါဘူး။ ပြီးတော့ အလုပ်တွေ လိုက်လျှောက်ခဲ့ရတဲ့ မျက်နှာငယ်မှုတွေကလည်း နောက်ထပ် မရချင်တော့ဘူး။ အလုပ်ရဖို့ တက်ခဲ့တဲ့ သင်တန်းတွေ အလုပ်က ပေးခဲ့တဲ့ သင်တန်းတွေကလည်း စွန့်ခွာလို့ မရတော့ဘူး။ ဒီမှာ ဒီလိုလုပ်လို့ မရဘူးဆိုရင် တင်ရမယ့် အစီရင်ခံစာတွေကလည်း မလွယ်လှဘူးဆိုတော့ လစာကလေး တစ်ပဲခြောက်ပြားကို ဘဝမှတ်ရမှာ ဖြစ်တဲ့အတွက် ပထမဆုံး ကျွန်ကောင်းကျွန်မွန်လုပ်ဖို့ ဆုံးဖြတ်ရပါတယ်။ ဝန်ထမ်းဆိုတဲ့ စကားလုံးကသာ လှတာရယ်။ တကယ်တမ်း သူများအလုပ်လုပ်ရတာ။ သူများအလုပ်ဆိုတော့ ကိုယ့်စိတ်ကြိုက်လုပ်လို့ ရတာတွေမရှိပါဘူး။ ပြီးနောက် အလုပ်ရှင်လို့ခေါ်ရင်တော့ လှသပေါ့။ အလုပ်ရှင် ဆိုတဲ့ စကားကို Thesaurus ကနေ ရှာကြည့်ပါလား။ သခင်လို့လည်း ထွက်လာမှာပဲလေ။ သခင်ဆိုတာ ရှိရင် သူ့ကျွန်ဆိုတာ ရှိတာပေါ့။ သူများ အလုပ်လုပ်တယ်ဆိုတာ ကျွန်ပါပဲ။

ကဲ ဒီနေရာလေးကနေ အခြားဆောင်းပါးကို ဆက်ပြီးဖတ်ကြည့်ရအောင်  ပြစ်မှုမြောက်သောနေ့

တနေ့တော့ အနီးရှိ စက်ရုံက အရာနည်းနည်းပေါက်လုလု သို့တည်းမဟုတ် ပေါက်ချင်ချင်ဆိုလည်း မမှားတဲ့ ဝန်ထမ်းတယောက်လာလည်တယ်။ အလ္လာပ သလ္လာပပြောရင်း သူပြောတာက “တချို့လူတွေဟာ အလုပ်ကို တာဝန်ချိန်လောက်ပဲ ဝတ်ကြေတန်းကြေ လုပ်ချင်ကြတယ်၊ ကိုယ့်အလုပ်ကို တန်ဖိုးမထားကြဘူး။ တကယ်တမ်းဆို အလုပ်ကို စေတနာပါပါနဲ့ ကိုယ့်အလုပ်ရှင် သူဌေးအဆင်ပြေအောင် လုပ်ပေးရမှာ” ပါတဲ့။ သူပြောတာက သည့်ထက်ပိုပါတယ်။ သူ့စကားလုံးကို သိပ်အတိအကျ မမှတ်မိလို့။ အတွေးအခေါ်ကို ဟဟတောင် မပေးလိုက်နိုင်ဘူးပေါ့ဗျာ။ အလုပ်ကို စေတနာ မထားရဘူးရယ်လို့ မဆိုလိုပါဘူး။ ခုက သတင်းစာ ဂျာနယ် ရုပ်မြင်သံကြား စတာတွေကအစ သင်ကြားနေတာတွေက ကျွန်ဖြစ်နည်းတွေချည်းပဲလေ။ နာမည်ကြီးတဲ့ တက်ကျမ်းလိုလို ဘာလိုလို စာကလေး တပုဒ်ရှိသေးတယ်။ လူနှစ်ယောက်အလုပ်အတူတူလုပ်တယ်။ အတူတူကြိုးစားတယ်။ အဲဒီထဲက တယောက်က ရာထူးတိုးသွားတယ်။ ဘာကြောင့် ညာကြောင့် ဘယ်လိုတိကျ ဘယ်လိုသေချာ ဘယ်လိုတောင် တော်တာဆိုပြီးတော့ ရေးကြတာလေ။ အဲမှာကတည်းက သူများအလုပ်လုပ်ဖို့ အားပေးနေတာ။ ဒါကိုလည်း တနိုင်ငံလုံးက ကြိုက်ကြတာလေ။ အဲလို ဖြစ်အောင်လည်း ကြိုးစားကြတာလေ။

နောက်တော့ ကျွန်သေးသေးလေးကနေ ကျွန်ကြီးကြီးဖြစ်ချင်နေတဲ့ အဲဒီခပ်ရာရာပြောတာက “ကျနော်တို့ သူဌေးလည်း အလှူတွေ လုပ်နေတာပဲ၊ ကိုယ်လုပ်လို့ ရတဲ့ အမြတ်တွေက သူဌေးက အလှူလုပ်ရင် ကိုယ်လည်း ရတာပဲလေ” တဲ့။ အများအကျိုးပြုသယောင် လှူပြတဲ့အလှူကို အဟုတ်မှတ်နေတဲ့ လူတွေကလည်း ရှိသေးသကိုး။ လိပ်ပြာလုံလုံနဲ့ ယုံယုံကြည်ကြည်ရှိရဲ့လားလို့ မေးကြည့်ကြည့်ပါလားလေ။ ဘာညာသာရကာဆုတွေဆိုတာကလည်း အဲလိုလူကိုမှ ပေးသကိုးနော့။ ကိုယ့်ကို ရှိမှန်းတောင် မသိတဲ့ သူဌေးအတွက် ဘုရားကျောင်းကန်တောင် ခြေဦးမလှည့်နိုင်တော့တာကတော့ ကျွန်ကောင်းကျွန်မွန် ပီသတဲ့ နောက်တချက်ပါပဲ။

ကျောင်းနောက်မှာ စက်ရုံကြီးရှိနေလို့ ကျောင်းရှေ့ရောက်လာတဲ့ Mytel ကို စာတွေ ဘာတွေပို့ပါတယ်။ ကျွန်ကောင်းကျွန်မွန် ပီသလိုက်ကြပုံများ Vettel တုန်းကလို sorry for your situation ကလေးတလုံးလောက်တောင် ပြန်မပို့ကြဘူး။

စီမံကိန်းရဲ့ အနီးတွေမှာ နေမိတော့ စီမိကိန်းနဲ့ ပတ်သက်တာလေး တွေးမိတာများပါဗျာ။ ဆက်ဆံရ ခက်တဲ့ ကျွန်ကောင်းကျွန်မွန်လေးများအကြောင်းပေါ့။ သခင်အားရ ကျွန်ပါးဝ ဆိုတဲ့ စကားပုံကလည်း လှသဗျား။