JQY Blog

ဘေးကပ်ရက်ခုံလေးများ

လူတွေဟာ ဆင်းသွားလိုက် တက်လာလိုက်နဲ့ ဘေးကပ်ရက်ခုံလေးမှာ လူတွေ အမျိုးမျိုး လာရောက်ပြီး ထိုင်ခဲ့ကြပါတယ်။ တပည့်လိုလူတွေ ပါသလို ဆရာလိုလူတွေလည်း ပါတယ်။ စာကို ဖတ်ကောင်းအောင် ရေးရရင် သူစိမ်းတွေ ပါသလဲ ဆွေမျိုးတွေလည်းပါတယ်။ ကိုယ့်ထက် မြင့်မြတ်သူတွေ ပါသလို နိမ့်ကျသူတွေလည်း ပါခဲ့တယ်။ ဒါက စာဖတ်မယ့်သူတွေအတွက် ရေးရတာ။ ကိုယ်ရေးချင်တာ အဲဒါတွေ မပါဘူး။ ဒီတပတ်မှာ ပြောချင်တဲ့ ဘေးကပ်ရက်ခုံလေးမှာ လာထိုင်ခဲ့ကြသူတွေကတော့ ကိုယ့်ရဲ့ ဆရာသမားတွေ ဖြစ်ပါတယ်။ ဘာကြောင့် ဆရာသမားတွေကို သတိရသလဲဆိုတော့ မနေ့ ၂၀၁၇ ခုနှစ် မတ်လ ၃ ရက် ဂဏန်းလိုရေးရင်တော့ လှတယ် (၃.၃.၂၀၁၇) ရက်မှာပေါ့။ အဲရက်မှာ တောင်ကြီးမြို့ မင်းကျောင်းကျောင်းတိုက် ဆရာတော် (မြို့နယ်ဥက္ကဌ) အေးစေတီက တိုက်အုပ်ဆရာတော် (ဒုဥက္ကဌ) စူဠာမုနိဆရာတော် (အတွင်းရေးမှူး) တို့ ကျောင်းခွင့်ပြုမိန့်ကျဖို့အတွက် ကွင်းဆင်းလေ့လာရေးအနေနဲ့ လာခဲ့ကြရင်းက ကိုယ့်ဆရာသမားတွေ အကုန်လုံးကို သတိရသွားတာ။ အကုန်လုံးဆိုတာက ကိုယ့်ဘေးမှာ လာထိုင်မိကြတဲ့ အကုန်လုံးကို ခုချိန်မှာ မရေးရဲသေးပါဘူး။ အတ္ထုပ္ပတ္တိတွေထဲမှာ ဆရာရွှေဥဒေါင်းရဲ့ တသက်တာမှတ်တမ်းက မချွင်းမချန်ရေးတယ်လို့ ပြောတာပဲ။ ဂျာနယ်ကျော်မမလေးရဲ့ သူလိုလူလည်း ဦးချစ်မောင်အကြောင်း မချွင်းမချန်ဆိုပဲလေ။ ဟုတ်ချင်မှ ဟုတ်မှာပါ။ ခုလိုရေးတော့ မကောင်းတတ်တဲ့သူတွေကို ချန်ထားရမှာပဲ။ ကိုယ်နဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက် ချခဲ့ရတဲ့သူတွေ တချို့ကို ပြောတာပါ။ ဆုံးဖြတ်ချက်ဆိုတာ သူတို့အပေါ် ကိုယ့်စိတ်ထားတွေကို ပြောတာ။ သူတို့ ကိုယ့်အပေါ် ဆက်ဆံတဲ့ အမူအရာနဲ့ အမျိုးအစားကို ကြည့်ပြီး ခွဲခြမ်း စိတ်ဖြာရမှာပဲ။

ဇာတာအရတော့ ကျနော်က မိမိကိုယ်ကို အားကိုးရမယ့် ဇာတာပါတယ်လို့ အဟောခဏခဏ ထွက်ပါတယ်။ အဲဒါတွေကြောင့် ကိုယ့်ဆရာသမားတွေက ကိုယ့်ကို သတိမထားမိတာ ဖြစ်နိုင်သလို တော်လွန်းတဲ့သူလည်း မဟုတ်။ ညံ့လွန်းတဲ့သူလည်းမဟုတ် (ဆိုးဆိုးမိုက်မိုက်ထဲကလည်း မဟုတ်) ဆက်ဆံရေးကလည်း မကောင်းတော့ သာမာန်လူတွေကြားမှာ သာမန်ပဲ နေခဲ့ရတော့ ဘယ်သူမှာ သတိမထားမိတာလည်း ဖြစ်နိုင်ပါတယ်။ အိုမာခယမ်ရဲ့ ကဗျာလို လက်သည်းလည်း ရှည်မထွက်လာ။ သွေးစိမ်းကလည်း မထွက်။ မျက်လုံးကလည်း တပြင်လုံးမနက်ဖူးလေတဲ့ သာမာန်လူထဲက သာမာန်လူ ဖြစ်နေတာလည်း ပါမှာပါ။

ဆရာဦးကျော်စိုးဝင်း။ ခုတော့ ဆုံးသွားပြီ။ ရန်ကုန်ဇာတိ။ ပန့်ပုန်းလို ဟိုးချောင်ကြိုချောင်ကြား ရွာကို ရောက်လာတာ။ သူကတော့ ရွာမှာ ပထမဆုံး လေးတန်းရောက်လာတဲ့ ကျောင်းသားခြောက်ယောက်ကို ချစ်တတ်သူ။ ဆိုတော့ အဲဒီထဲမှာ ကိုယ်ပါတယ်။ ကိုယ်က အငယ်ဆုံး။ ယောက်ျားလေး သုံးယောက်ထဲမှာ သင်္ချာ အတော်ဆုံးဆိုတော့ အချစ်ခံရတယ်။ ဆရာမဒေါ်သစ်သစ်လွင်။ သူက ကချင်လူမျိုး၊ ခရိယာန်ဘာသာ ကိုးကွယ်သူ။ အခုတော့ သူ့ပြည်ပြန်သွားပြီး မကြာဘူး ဆုံးသွားတယ်လို့ ကြားတယ်။ အင်္ဂလိပ်သင်တဲ့ ဆရာမ။ ကိုယ်က အင်္ဂလိပ်စာညံ့တော့ ဆရာမက ကိုယ့်ကို သတိထားမိတာ။ ငါးတန်းမှာ။

နောက်ဆရာမတယောက်က သမိုင်းသင်တာ။ သူ့နာမည် မမှတ်မိဘူး။ သူနဲ့ ခဏလေးပဲ စာသင်ခွင့်ရတယ်။ သူ့ဇာတိက မန္တလေးက။ စကားပြောရင် ငိုသံကလေးနဲ့။ သူသာ အခုခေတ်ရေပန်းစားနေတဲ့ စာသင်နည်းတွေနဲ့ ထိတွေ့ခွင့်ရခဲ့ရင် မြန်ပြည်တလွှား အရမ်းကျော်ကြားတဲ့ ဆရာမဖြစ်လာလိမ့်မယ်လို့ ယုံကြည်တယ်။ အဲခေတ် စာသင်စဉ်ကတည်းကိုက သမီးတို့ဆိုရင် ဘာလုပ်မလဲ သားတို့ဆိုရင် ဘယ်လိုဆုံးဖြတ်မလဲ စသဖြင့် ကျောင်းသားတွေကို စဉ်းစားဆင်ခြင်စေတတ်ခဲ့တာ။ နားလည်တတ်စ အရွယ်ရောက်မှ ပြန်ကြားရတာ ရှိတယ်။ ဆရာမဟာ မနာလိုမှုတခုရဲ့ အတွန်းအတိုက်ကြားက အစားခံရတဲ့ နယ်ရုပ်ကလေး ဖြစ်သွားရရှာတယ်တဲ့။ အဲဒီဆရာမက ကိုယ့်ကို ချစ်တယ်။ ကိုယ်အမြဲအမှတ်အရဆုံး ဆရာမဆိုလည်း သူမပါပဲ။ ကိုယ်ချည်းပဲ သူမေးတာကို ဖြေတာ များပြီး ကိုယ်က ကျောင်းမှာ အငယ်ဆုံးမို့လို့။ ဘာကြောင့် အငယ်ဆုံး ဖြစ်ရသလဲဆိုတော့ ကိုယ် အသက်ပြည့်တာနဲ့ ရွာမှာ စာသင်ကျောင်းရောက်လာတာနဲ့ တိုက်ဆိုင်လို့။

အယ်သီဝင်းဆိုတဲ့ တပည့်မကလေး တယောက်ရှိတယ်။ သူ အရင်တုန်းက ရင်ဖွင့်လေ့ ရှိတာက “သူငယ်ငယ်တုန်းက ဆရာတွေ ဆရာမတွေ သူ့ကို ချစ်တယ်၊ ၁၀ တန်းရောက်တဲ့အထိ ချစ်ကြတယ်။ ကြီးလာတော့ ဘယ်ဆရာသမားမှ သူ့ကို မချစ်တော့ဘူး။ မချစ်တော့တဲ့ အပြင် မုန်းတာတောင် ပါလာသေးတယ်” လို့ သူက ပြောဖူးတယ်။ ကိုယ်လည်း အဲလိုပဲ။ တောင်ကြီးမြို့ ဥတ္တရာရုံကျောင်းတိုက်မှာနေတယ်။ ဆရာတော် ကိုယ့်ကို မသိပါဘူး။ သိလိုက်တာနဲ့ ကိုယ်က အဆူခံရတဲ့ အပြစ်တင်ခံရတဲ့ အနေအထားမှာပဲ ရှိတယ်။ ဆရာတော်က သူ့တပည့်တွေကို စာသင်တိုက်တွေ ပို့တယ်။ ကိုယ်မပါပါဘူး။ နောက်တော့ ကိုယ်လည်း သူများစာသင်တိုက်ဆိုတာနဲ့ စာသင်တိုက်ချင်လာလို့ သွားလျှောက်ရတယ်။ ဆိုတော့ သူက ညောင်ရွှေ ကန်ကြီးကို ပို့ပေးခဲ့တယ်။ အဲမှာလည်း ဆရာသမားတွေက ကိုယ့်ကို မသိပါဘူး။ တကျောင်းတည်းနေ ကိုယ်နဲ့ မတည့်တဲ့ဦးပဇင်းတပါးက ကုန်းတိုက်လို့ တိတ်တိတ်ကလေးဆိုးတာကို ဆရာတော်တွေ သိပြီး အနှင်ထုတ်မခံရခင် သီသီလေး ကိုယ့်ဘာသာကိုယ်ထွက်လာနိုင်ခဲ့တယ်။ မန္တလေးမြို့ မစိုးရိမ်တိုက်သစ်ရောက်ခဲ့တယ်။ ပြောရရင် အခု နာယကတွေဖြစ်နေတဲ့ ဦးကဝိန်၊ ဦးကုသလ၊ ဦးကောဏ္ဍညတို့နဲ့ ဆွမ်းတဝိုင်းတည်းစားခဲ့တာ။ ဒါပေမယ့် သူတို့ နာယက ဖြစ်သွားတော့ ကိုယ့်ကို မသိတော့ပါဘူး။ မပေါင်းသင့်တော့တဲ့ အနေအထားကို ရောက်သွားတာလည်း ဖြစ်ချင်ဖြစ်လိမ့်မယ်။ အဲနောက်တော့ လေသာဆိုတော့ ကျောင်းကို ရောက်ပါရော။ မှတ်မှတ်ယယ ပြောရရင် ၂၀၀၇ ရွှေဝါရောင်ပြီး ဖြစ်လိမ့်မယ်။ ၂၀၀၇ သံဃာ့အရေးအခင်းမှာ မစိုးရိမ်တိုက်သစ်က သံဃာတွေကို အကုန်နှင်ပါတယ်။ နာယကကလွှဲပြီး ဘယ်သူမှ မကျန်ရပါဘူး။ အဲဒီမှာ ကိုယ်တို့က ပေကပ်ကပ်နဲ့ ကျန်ခဲ့တာပေါ့။ ကျန်ဆို ကွန်ပျူတာသင်တန်းကိုပဲ သွားသွားနေတာလေ။ မနက် ရှစ်နာရီခွဲလောက်ဆို မနက်စာရော နေ့လည်စာပါ ပေါင်းစားပြီးတော့ သီဟဇော် ဆိုတဲ့ တောင်ကြီးသူနဲ့ ရထားတဲ့ ကိုသောင်းညွှန့်ဆိုသူ ဖွင့်တဲ့ လေးလုံးသာ ရှိတဲ့ ကွန်ပျူတာနဲ့ သင်တန်းဖွင့်ထားတဲ့ ကွန်ပျူတာ သင်တန်းကို သွားသွားနေတာပေါ့။ တဲ့ တဲ့ တဲ့တွေ ထပ်ပြီးထည့်လိုက်တော့ တချိန်က ကြိုက်ခဲ့တဲ့ လွန်းထားထားဝတ္ထုတွေကိုတောင် သွားသတိရမိသေး။ သူမလေးက သော သော သော ဆိုပြီး ဝတ္ထုကို တယောက်ယောက်ကို ညွှန်းပြီး ဖွင့်လေ့ရှိသကိုး။ သူညွှန်းတာက ဆရာ မင်းသိင်္ခညွှန်းတာနဲ့ မတူဘူး။ မင်းသိင်္ခက ဆန့်ကျင်ဘက်တွေကိုမှ ညွှန်းတာ။ အလွန်လည်းရက်စက်တတ် အလွန်လည်းသနားညှာတာတတ်သော အလွန်ကြမ်းထန်းပြီး အလွန်နူးညံ့သော စတာတွေမျိုး။ လွန်းထားထားကတော့ ချမ်းသာသော ကြွယ်ဝသော လိမ္မာရေးခြားရှိသော အရာရာတတ်သိနားလည်သော ဆိုတာမျိုး။

ကဲ ဒီနေရာလေးကနေ အခြားဆောင်းပါးကို ဆက်ပြီးဖတ်ကြည့်ရအောင်  ထီနောင်ရေကန်

ကွန်ပျူတာသင်တန်းကိုမှ မသွားရင်လည်း သွားစရာက မရှိပါဘူး။ လက်ဘက်ရည်ဆိုင်တွေကလည်း ဘုန်းကြီးတွေ လာထိုင်တာ လက်သိပ်မခံရဲတဲ့အချိန်။ ပြီးတော့ ၃၅ လမ်းထိပ် မြတောင်ကျောင်းတိုက်နားလေးမှာ သံဆူးကြိုးတွေနဲ့ လမ်းပိတ်ထားပြီး စစ်သားတွေ စောင့်နေသကိုး။ ဆိုတော့ တောင်ကြီးသူကို ယူထားတဲ့ ဆရာ့ဆီပဲ အမြဲသွားဖြစ်တယ်။ နောက်ပိုင်းတော့ ကျွန်တော့မှာ ဘာစိတ်တွေပေါက်တယ် မသိဘူး။ လုံးဝကို မသွားတော့တာ။ ကျွန်တော့မှာ အဲဒီမကောင်းတဲ့ အကျင့်ရှိတယ်။ တယောက်ယောက်ကို မကြိုက်တော့ရင် လှည့်ကို မကြည့်တတ်တဲ့အကျင့်။ သီဟဇော်လို့ပဲ အများက ခေါ်တဲ့ ကိုသောင်းညွှန့်က ကောင်းပါတယ်။ ကိုယ်က ညံ့ခဲ့တာ။ ခုထိတော့ ဆရာနဲ့ သွားမတွေ့ဖြစ်တာကို နောင်တရနေတုန်းပဲ။ သွားလည်းမတွေ့ချင်သလို ဖြစ်နေတယ်။ အဲလိုကိုယ့်ဘက်က မှားပြီး မတွေ့ရဲတော့တာ သည်ဆရာတပါးရှိမယ်ထင်ရဲ့။ အဲကနေ လေသာဆိုတဲ့ကျောင်းကိုရောက်။ အသားလွှတ် ကျောင်းတိုက်ကနေ နှင်ထုတ်ခံရတယ်။ အဲလို ချစ်ဖို့ကောင်းခဲ့တဲ့ကိုယ်ပါ။ အဲဒီနောက်ပိုင်း ကိုယ်က အတ္တတွေ အရမ်းကြီးလို့လား အပြောအဆိုတွေ မတတ်ခဲ့လို့လား သူများကို ဆရာလုပ်တာ များသွားလို့လား မသိပါဘူး။ ဘယ်သူ့မှ ကိုယ့်အပေါ် အကောင်းမမြင်ကြပါဘူး။ ကိုယ့်ဘာသာကိုယ် မရပ်တည်နိုင်တဲ့ အခြေအနေကြောင့်လားလည်း မသိပါဘူး။ မုန်းတယ် အမြင်ကပ်တယ်ဆိုတာကို ပွင့်ပွင့်လင်းလင်း အပြောမခံရရုံတမယ်ပဲ ကိုယ့်မှာ ရှိတာ။ တခါတုန်းက ကဗျာလေး တပုဒ်စပ်ဖူးတယ်။ တိတိကျကျတော့ မမှတ်မိတော့ပါဘူး။ ကဗျာကလေး နာမည်က “မင်းတို့ဘဝပဲ အေးချမ်းပါတယ်ကွာ” တဲ့။ ဒီကဗျာကို ကောင်းကောင်းမှတ်မိသူကတော့ နှင်းစက်သွေး ဖြစ်မယ်ထင်တယ်။ တခါခါ သူပြန်ရွတ်ပြတတ်လို့။

ကျွန်တော့ဘေးကပ်ရက်ခုံကလေးတွေမှာ လာရောက်ခဲ့ကြတဲ့ အမျိုးမျိုးသော လူများအကြောင်းကို ဆက်လက်ရေးဖို့တော့ စိတ်ကူးကလေးတွေ ရှိနေပါသေးရဲ့။ တချိန်ချိန်ကျရင်တော့ ကျွန်တော် မဖော်ြပခဲ့တဲ့ မဖော်ြပရဲသေးတဲ့ အကြောင်းအရာတချို့ကို ချပြနိုင်မလားမသိဘူး။ သည်အတိုင်းပဲ သေသွားမလားမသိဘူး။ တနေ့တော့ တယောက်ယောက်က အတ္တုပ္ပတ္တိတခု လာပေးဖတ်တယ်။ ဖတ်ဖို့ ရောက်ရှိလာတယ်ပဲ ဆိုကြစို့ရဲ့။ စစ်ကိုင်းဝန်ဦးဖိုးသင်းတဲ့။ ကျနော်မှ သူ့မသိတာ။ ဖတ်ပါဘူး။ အဲလိုပဲ။ အဲဂလိုကလေးပါပဲလို့။ အပိုင်းကလေးတွေနဲ့ မဖော်ပြပါဘူး။ ကိုယ့်ဘဝမှာ အပိုင်းတွေ အပိုင်းတွေ များလွန်းလို့။