JQY Blog

ပြစ်မှုမြောက်သောနေ့

မနက်ခင်းထောင်ထားသော နာရီက လေးနာရီခွဲတွင် သွင်းထားသော ခပ်ညိမ့်ညိမ့်သီချင်းသံဖြင့် မြည်လာသည်။ ခပ်လှမ်းလှမ်းတွင်ရောက်နေသော ဖုန်းဆီကို အိမ်မှုန်စုံမွှားဖြင့် စမ်းပြီး ပိတ်ရန်ဖြစ်ကြောင်းခလုတ်ကို ဘေးသို့ တချက်ခတ်လိုက်၏။ ပြီးလျှင် ဆက်အိပ်လိုက်သည်။

အပြင်မှ တံခါးဖွင့်သံကြားရသည်။ ကိုရင်များ၏ ခြေသံတရှပ်ရှပ်ကြားရသည်။ ကိုရင်များ အိပ်ယာက ထလာကြလေပြီ။

“သောက်တော်ရေလှဲလေ”

အပြစ်တင်သံဖြင့် ကိုရင်တစ်ပါးနှင့်တစ်ပါး အသိပေးသံကို ကြားရသည်။ ခဏနေ သောက်တော်ရေခွက်ကို မမီ့တမီဖြင့် ဆွဲချသံ သော်တော်ရေခွက်ဆေးသံနှင့် သောက်တော်ရေလှဲသံကို ကြားရ၏။

“ညီညီထိုင်ကြ”

ကိုရင်များကို ဦးဆောင်ထသော ဦးပဇင်းရှိသည်။ ခါတိုင်းတွင် ဦးသီလာဝံသက ဦးဆောင်ထတတ်သော်လည်း ခုတလော ဦးခတ္တိယမှ ဦးဆောင်ပြီး ကိုရင်များကို နှိုးသည့် အလုပ်ကို လုပ်နေသည်ကို တွေ့ရသည်။ တွေ့ရသည်ဆိုခြင်းမှာ အသံကြားရ၍ ဖြစ်သည်။ ဦးဆောင်ထသော ဦးပဇင်းမှ ထုံးစံအတိုင်း ငိုက်ငိုက်မြည်းမြည်းနှင့် မညီမညာထိုင်ကြသော ကိုရင်များအား အမိန့်ပေးသံကြားရသည်။ နေရာရွှေ့သံသဲ့သဲ့ကြားရသည်။ မကြာမီ ကိုရင်တစ်ပါးမှ ဦးဆောင်၍ ဘုရားရှိခိုးသော အသံကို ကြားရသည်။ အသံများက လျော့ရိလျော့ရဲ။ ဦးဆောင်သည့် ဦးဇင်းအသံကလည်း တိုးလွန်းသည်။ သြကာသ၊ မေတ္တာသုတ်၊ မေတ္တာပို့ပြီးနောက် အမျှဝေကြသည်။ ပြီးသည့်နောက် ဦးဆောင်ထသော ဦးပဇင်းကပင် ၁၀ ပါးသီလပေး၏။

“အလှည့်ကျတဲ့ကိုရင်တွေ တံမျက်စည်းလှည်း၊ ပန်းကန်ဆေး၊ ခုံချ” ဟုပြောသဖြင့် အလှည့်မကျသော ကိုရင်ကလေးများ အလျှိုအလျှိုဆင်းသွားကြ၏။

ကျောင်းအောက်ခြေနားက ကြို့ပင်အောက်တွင် ကျောင်းတွင် စာသင်ပေးသော ဆရာဘသော်က မနက်တိုင်း ထမင်းဟင်း ထချက်ပေး၏။ မီးဖိုဆောင်ဟူ၍ သီးသီးသန့်သန့်မရှိ။ ကြို့ပင်အောက်ရှိ ခပ်လျှောလျှောမြေတွင် သင့်သလိုလုပ်၍ မီးဖိုကာ ဟင်းချက်ရ၏။ ထမင်းကို အရင်ချက်သည်။ ထမင်းက ချက်ရလွယ်သည်။ ပေါင်းအိုးက လေးပြည်ဆန့် ပေါင်းအိုးကြီး။ ပြီးတော့ ကျောင်းပေါ်မှာ ဆန်ဆေးရေထည့်ပြီး ပေါင်းလိုက်ရုံ။ ယခင်က ကျွန်ုပ်ကိုယ်တိုင် ထပေါင်းပေးရာ ထမင်းများ ကောင်းကောင်းမွန်မွန်ကျက်ပြီး ရှိသည့်သံဃာများ ဧည့်သည်များနှင့်ကိုက်၏။ ယခုအခါမူ ဆရာဘသော်က ထချက်သဖြင့် ထမင်းက နပ်တစ်မနက် မနပ်နှစ်မနက်ဖြစ်နေ၏။ သည်မနက်ဆိုလျှင် ပိုဆိုးသည်။ အတွင်းဆန်လုံးက မကြေ။ ဆရာဘသော်မှာ အလွန့်အလွန်နှေးကွေးသူတစ်ယောက်ဖြစ်ရာ ရံဖန်ရံခါ ညကတည်းက ချက်စရာဟင်းများကို ပြင်ဆင်ထားပါမှ မနက်တွင် အလျဉ်းမီအောင် ချက်နိုင်သည်။ သည်မနက်တော့ ဘသော်က ခရမ်းသီးချက်သည်။ ခရမ်းသီးဆိုတာမျိုးက ညနေကတည်းက လှီးထားတာမျိုး လုပ်၍ မရ။ ထို့ကြောင့် ဘသော်က မနက်မှ ထလှီးသည်။ ပုံမှန်အားဖြင့် ဗမာတွေချက်လျှင် ခရမ်းသီးကို လေးခြမ်းခြမ်းပြီး ချက်တတ်သလို အတုံးလိုက်တုံးပြီးလည်း ချက်တတ်ကြ၏။ ဘသော်က ဟင်းကို ဗမာချက်မချက်တတ်။ ခရမ်းသီးကို ပါးပါးလေးလှီး၏။ ထမင်းချက်ပြီးမှ ခရမ်းသီးကို တစ်ဇလုံလောက် ပါးပါးလှီးသဖြင့် တော်တော်နဲ့မပြီး။ သူက ကိုရင်လေးတွေကိုလည်း အားနာတတ်သဖြင့် ခေါ်မခိုင်း။ အခြားသူကိုလည်း အကူအညီမတောင်းဘဲ တစ်ယောက်တည်းသာ ကြိတ်လုပ်နေတတ်ရာ ၆ နာရီခွဲအထိ ဟင်းမချက်နိုင်သေး။ ၆ နာရီခွဲမှ ခရမ်းသီးကို ရေစိမ်ပြီး ကြက်သွန်ဖြူခွာ ငရုပ်သီးထောင်းလုပ်နေ၏။

Mytel Mytel ဖုန်းလိုင်းသစ် ဖုန်းလိုင်းသစ် ဖုန်းလိုင်းသစ် Mytel
ကိုရင်များ ၇ နာရီ ၁၅ မိနစ်တွင် ဆွမ်းခံကြွရ၏။ သူတို့၏ ဆရာဘသော် ဟင်းချက်နေပုံမှာ ၇ နာရီခွဲသည့်တိုင် ကျက်ဦးမည်မဟုတ်မှန်း သိသဖြင့် ကိုရင်များ ဆွမ်းခံသပိတ်ဆွဲသူဆွဲ ကြေးစည်ထုသူထုလုပ်ကာ ၇ နာရီ မထိုးခင်ဆွမ်းခံထွက်ကုန်၏။ ကျွန်ုပ်မူကား နောင်ချိုရွာမှာ တကာတစ်ယောက်ပို့ထားသော ငါးကြော်၊ တကာမ တစ်ယောက်ပို့ထားသော မြေပဲချက်၊ စူကာသီးပြုတ်ဖြင့် ဆွမ်းဘုဉ်းကာ အားမနာ လျှာမကျိုးစားရင်း ဆရာဘသော် စောစောက ကြိုလုပ်သင့်ကြောင်း ကိုရင်တွေကူခိုင်းသင့်ကြောင်း ဦးပဇင်းများလည်း လုပ်ကူသင့်ကြောင်းအပြစ်တင်စကားပြောသည်။ ခဏနေ ကိုရင်များ ပြန်ရောက်လာတော့ ကျွန်ုပ်မှာ ဆွမ်းဘုဉ်းပြီးဖြစ်ရာ ကော်ဖီမစ်ဖျော်ပြီး ဆေးလိပ်ဖြင့် အခန်းအောင်း၍ ကွန်ပျူတာရှေ့ထိုင်၏။ လုပ်စရာ ထွေထွေထူးထူးရှိ၍ကားမဟုတ်။ Facebook ၏ new feed ကို အကြိမ်ကြိမ်အခါခါ အပေါ်အောက် ဆွဲကြည့်၏။

ထိုပေါ်တွင် ဘုမသိ ဘမသိ သူငယ်ချင်းဖြစ်ထားသူများထဲမှ တယောက်က လူတယောက်ကို ဆဲဆိုနေ၏။ တယောက်က အမေ့ကို လွမ်းကြောင်းရေးထား၏။ တယောက်က သူ့ရွာကို အလှပုံရိုက်၍ စာဖွဲ့၏။ တယောက်က သူ့အလှပုံတင်၏။ တယောက်က ယောက်ျားတန်မဲ့ ပါးဖောင်း၍ သူ့ပုံကို တင်ထား၏။ ထိုသူနည်းတူ တယောက်ကလည်း ကျားကျားလျားလျားကြီးကို ခြောက်နေအောင် ပြင်ထားပြီး အလှပုံလုပ်ကာ တင်၏။ ကျွန်ုပ်က ထိုကဲ့သို့ ကောင်လေးများ ခြောက်သလိုလို စိုသလိုလိုလုပ်တင်လျှင် Unfriend လုပ်၍ မကောင်းတတ်သဖြင့် Unfollow လုပ်ထားသည်။ သို့သော်ငြားလည်း မခြောက်မစို ကိုယ်တော်ကြီးများက သိသိသမျှ မိန်းကလေးတွေကို လိုက်၍ tag ထားရာ ကျွန်ုပ်လည်း မရှုချင် မမြင်ချင် မြင်ပေးရ၏။ ကျွန်ုပ်သည် ထိုကဲ့သို့သော new feed များကို အထက်သို့တခေါက် အောက်သို့တခေါက် အဖန်ဖန်အထပ်ထပ် ကြည့်၏။

ကဲ ဒီနေရာလေးကနေ အခြားဆောင်းပါးကို ဆက်ပြီးဖတ်ကြည့်ရအောင်  နောက်ဘဝမှာ သင်ဘာလူမျိုး ဘယ်ဘာသာဝင်ဖြစ်ချင်လဲ

အပြင်တွင် ကိုရင်များ ဆွမ်းစားခါနီး မေတ္တာပို့သံကြားရ၏။ ထို့နောက် ဆွမ်းစားသံ ခုံသိမ်းသံကြားရ၏။ မကြာမတင် ၈ နာရီခွဲ၍ ခေါင်းလောင်းထိုးသံကြားရ၏။ ဆရာဘသော် စာသင်သံကြားရသည်။ ကျွန်ုပ်မူကား ကွန်ပျူတာရှေ့ ဖင်တစ်ချက်မရွှေ့သေး။ အစားအကြောင်းပိုစ့်များ၊ ဘုရားပွဲပိုစ့်များ၊ လွမ်းနေကြောင်းပိုစ့်များ၊ ဘိုလို မတတ်တခေါက်ရေးထားသော ပိုစ့်များ၊ ငယ်ငယ်ကတည်းက ခင်လာတဲ့သူငယ်ချင်းကို ‘စု’ရေ သုံးနှစ်တဲ့ဟ ဆိုသည့်ပိုစ့်များ၊ လွန်ခဲ့သည့် နှစ်က တင်ခဲ့သည့် ပိုစ့်ကို ‘ဒီနှစ်လည်းမှန်တုန်း’ ဆိုပြီး ပြန်တင်သူများ၊ ဖန်တရာတေ share ထားသော ပိုစ့်များ၊ ငယ်ငယ်က အမှတ်တရများကို တင်ထားသော ပိုစ့်များ၊ မွေးနေ့ဆုတောင်းပိုစ့်များ၊ ယနေ့အခြေအနေ ခေါင်းကိုက်နေကြောင်း စသည် ရေးထားသော ပိုစ့်များ၊ အလုပ် ဂိမ်းနှင့် ပစ္စည်း ကြော်ငြများ၊ လကုန်ရက်ကာတွန်းများကို ဘဝ၏ အကျိုးရှိရာများတွင် မသုံးဖူးသော အင်အား အချိန် ခံစားမှုစသဖြင့်ကို သုံးလျှက် အချန်ကို သေမင်းဆီအပ်၏။ ကိုရင်များ စာကျက်ချိန်ပြီးပြီးသွားပြီးနောက် နေ့လည်စာအတွက် ပြင်ဆင်နေကြသည်ကို ကြားရသည်။

နေ့လည်စာ ဆွမ်းဘုဉ်းပေးချိန်ရောက်လာသည်။ ခါတိုင်း တစ်ပန်းကန်ကုန်အောင် မစားနိုင်သော ကျွန်ုပ်အတွက် ယနေ့တွင် ထမင်းက မနပ်သဖြင့် သုံးလေးလုပ်လောက်စားပြီး ကိုယ့်အခန်းထဲ ပြန်ဝင်ခဲ့၏။ Facebook ကို ပြန်ကြည့်သည်။ မနက်က ကြည့်ခဲ့သည့်အရာထက် ထူးသည်ဆို၍ တစ်ခုမှ မရှိဘဲ ကြည့်သည်။ နေ့လည်း တစ်နာရီရောက်တော့ ကိုရင်များ ကြေးမောင်းခေါက်၏။ ခဏနေ ဆရာရဲထွဋ်နှင့် ဆရာမျိုးသန့် တစ်လှည့်စီ စာသင်နေသည်ကို ကြားရသည်။ ကျွန်ုပ်က ကွန်ပျူတာရှေ့ကနေ မခွာ။ ကော်ဖီထပ်ဖျော်သောက်၏။ အခန်းထဲတွင်လည်း ဆေးလိပ်တစ်လိပ်ပြီး တစ်လိပ်သောက်ထားသမို့ နံစော်နေ၏။ သုံးနာရီခွဲတော့ ကိုရင်တွေ စာသင်ချိန်ပြီးသွားသည်။ အပြင်တွင် ကိုရင်တွေ ဟိုဟိုဒီဒီ ပြေးလွှားသံကြားရ၏။ ညနေစောင်း ဘုရားလာဖူးသူ အသံကြားရ၏။ အပြင်တွင် wifi လိုင်းမကောင်းကြောင်း ပြောနေသံကြားရ၏။ ကျွန်ုပ် ကွန်ပျူတာရှေ့ကနေ မထသေး။ Facebook တွင် တစ်ခုခုထူးဆန်းလာမည်လား နင်းကန်ကြည့်သည်။ ဇွတ်ဇက်ကြည့်သည်။ ဘေးကို တချက်ကြည့်လိုက်လျှင် တခုခုများ လွှဲချော်သွားမလားဆိုပြီး ကြည့်သည်။ သူများပြောနိုင်ပြီး ကိုယ်လည်း facebook သုံးတာချင်းတူတူ မသိလိုက်တာ မရှိမှာစိုး၍ feed ကို အဆုံးထိ မရရအောင် ဆွဲသည်။ မနက်က တက်လာသော newfeed ကလွဲ၍ နည်းနည်းလေးပိုလာသည်သာ ရှိသည်။ အကြောင်းအရာတွေက သိပ်မထူး။ သတင်းစာမျက်နှာများကိုလည်း သတင်းမမှန်လွန်း၍ တစ်ခုမှ Like လုပ်မထားရာ သတင်းကလည်း ထူးခြားလွန်း၍ တယောက်ယောက်က share လုပ်မလာမချင်း မသိရသည့်ကြား သူငယ်ချင်ထဲမှ မည်သူမှလည်း Share မလာကြရာ newfeed ကြီးက ဘာမှ မထူး။ သို့သော်လည်း Facebook ကလွှဲ၍ ကြည့်စရာကလည်း မရှိသမို့ ဆက်ကြည့်နေသည်။

“သင့်ကို ကြိတ်ကြွေနေသူ ဘယ်သူလဲ”

[yikes-mailchimp form=”1″ description=”1″ submit=”Submit”]

ဆိုသည့်စာမျက်နှာကိုတော့ ဝင်ဖြစ်အောင် ဝင်သည်။ ဘယ်သူများ ဖြစ်မလဲ play ကြည့်သည်။ ယောက်ျားကြီး ဖြစ်နေလျှင် play again လုပ်သည်။ ထို webpage ထဲက ရှိရှိသမျှ ဗေဒင်လိုလို ဘာလိုလိုအလုပ်ကို လျှောက်လုပ်သည်။ တယောက်တည်း ပြုံးသည်။ မဲ့သည်။ ရယ်သည်။ ညနေစောင်းသွားသည်။ ငါ ရေမချိုးရသေးဘူးဟု သတိရသည်။ ရေမလာသည်မှာ နှစ်ရက်ရှိပြီ။ ယနေ့ရေလာသည်။ အမှန်က ရေကို စောင့်ကြည့်သင့်သည်။ ရေက အောက်ရေကန်သို့ တစ်ဆင့်လာသည်။ ထိုအောက်ရေကန်မှ အပေါ်ရေကန်သို့ မော်တာဖြင့် တဆင့်တင်ရသည်။ တခါခါ မီးခလုတ်သာ ဖွင့်ထားကြသည်။ ရေတက်မတက် ဘယ်သူမှ မကြည့်။ တခါခါ အောက်ရေကန်က ရေမရှိတော့။ သို့သော်လည်း မီးက ဖွင့်ထားတော့ စက်ကြီးက တဝီးဝီးနဲ့ အလုပ်လက်မဲ့ လည်ပတ်နေရတာရှိသည်။ နောက်တစ်မျိုးလုပ်ရန်ရှိသည်။ ဆောက်လက်စ အကြွေးများစွာဖြင့် ကျောင်းကြီးကို ဆေးသုတ်နေသော လူငယ်များရှိသည်။ သူတို့လည်း သူတို့ဘာသာ သူတို့ သုတ်ချင်သလိုသုတ်သည်။ သွားမကြည့်လျှင် မလုပ်ကြမှန်း သိသော်လည်း သွားမကြည့်ဖြစ်။ ညနေစောင်း ရောက်လာသဖြင့် နည်းနည်းပါးပါး အခန်းပြင်ထွက်သည်။ ထွက်တော့လည်း တခြားမဟုတ်။ စကိုင်းနက်ကြည့်သည်။ စကိုင်းနက်ကလည်း ကြည့်ပြီးသား gifted ဆိုသည့်ဇာတ်ကားဖြစ်သည်။ ဇာတ်လမ်းအသွား ဖြစ်လာမည့်အဖြစ်အပျက်ကို ကြည့်နေသူ ဦးပဇင်းငယ်များကို ပြောပစ်ပြီး အခန်းတွင်း ဝင်ကာ facebook ကို ထပ်ကြည့်သည်။ ကြည့်ရင်း ဤစာကို ရေးသည်။ ရေးရင်း facebook မှာ ဘယ်သူများ ဘာပိုစ့်တင်လိုက်လဲ ရှာကာ ချော်တောငေါ့ comment ပေးသည်။