JQY Blog

ဘေးကပ်ရက်ခုံလေးများ

တနေ့တော့ တရားတစ်ပုဒ် နာလိုက်ရတယ်။ လူ့ဘဝဆိုတာ ကားလက်မှတ်ဖြတ်ပြီး ကားတက်စီးတာလေးလောက်ပါပဲ။ ကားပေါ်မှာတော့ ကပ်ရက်ခုံက လူနဲ့တွေ့ရမယ်။ ကားပေါ်ပါတဲ့ လူတွေနဲ့ တွေ့ရမယ်။ ဒရိုင်ဘာ စပယ်ယာနဲ့တွေ့ရမယ်။ ဒါပါပဲ…တဲ့။ ကျွန်တော်နဲ့ ကပ်ရက်ခုံမှာ ထိုင်ဖြစ်ခဲ့တဲ့ သူတွေအကြောင်း နည်းနည်းပြောကြည့်ချင်တယ်။ ပန့်ပုန်းရွာ။ ကျောင်းထိုင် ဘုန်းကြီးက စကြည့်ရအောင်။ ကျွန်တော် သိမီလိုက်တဲ့ ဆရာတော်က ဦးကောသလ္လ။ ကရင်ပြည်က။ ပအိုဝ်း ကရင်ကပြား။ ဆရာတော်လည်း အသက်ငယ်ငယ်နဲ့ ကျောင်းထိုင်ခဲ့တယ်။ ရွာအတောင်ဘက်ရှိ မူလကျောင်းဟောင်းကနေ ရွာအမြောက်ဘက် ကျောင်းသစ်ကို တဖန် ပြန်ဆောက်ပြီးရွှေ့ပြောင်းခဲ့တယ်။ ကျွန်တော့်ရဲ့ ငယ်ဆရာ ဆိုလည်း မမှားခဲ့ဘူး။ သူများပြောပြချက်ကတော့ သူလည်း အုပ်ချုပ်စချိန်မှာ တော်တော်ဆိုးခဲ့တယ်။ အရိုက်အနှက် ကြမ်းခဲ့တယ် ဆိုပါတယ်။ ကျွန်တော်တို့ လက်ထက်မှာတော့ ဆရာတော်ဟာ တော်တော်သိမ်မွေ့ပါတယ်။ ဆဲဆိုခြင်း ရိုက်နှက်ခြင်း မရှိပါဘူး။ တစ်နှစ်ကျော်ကျော်လောက်ပဲ အတူနေဖူးပြီး ရံဖန် ရံခါ ရွာပြန်ရောက်တဲ့အချိန်မှာလောက်ပဲ စကားပြောဖြစ်တယ်။ အလံတရာဂိုဏ်းက ဖြစ်တော့ သက်သတ်လွတ်စားပါတယ်။ မျက်စိ ကျန်းမာရေးကစလို့ အားအင် ချိတဲ့ရောဂါရချိန် ဆရာဝန်က အမဲသား စားခိုင်းလို့ အသားပြန်စားတယ်။ အဲနောက်ပိုင်း ရွာက သိပ်မကြည်တော့တဲ့ ပုံမှာ ရှိခဲ့တယ်။ မာတုဂါမတွေနဲ့ သမုတ်ခံရတယ်။ ဆရာတော်လည်း စိတ်ပျက်လို့ ထင်ပါရဲ့။ ကျောင်းကို သံလွန်းဆရာတော်ဆီ အပ်ပြီး သာသနာ့ဘောင်ထဲကနေ ထွက်သွားခဲ့တယ်။ နောက်တပါးကတော့ ဦးဉာဏ ဆိုသူပါ။ သူကတော့ တော်တော်တက်ကြွလှုပ်ရှားတဲ့ ဆရာတော်ဖြစ်ပါတယ်။ သူကျတော့ တစ်နှစ်ပဲ ခံလိုက်တယ်။ ကောင်းကောင်း မတွေ့ဖူးလိုက်ဘူး။ သူ့ လုပ်ဆောင်ချက်ဒဏ်ကို ရွာသားတွေ မခံနိုင်ပုံပေါက်တယ်။ ဆက်လက်ပြီးတော့ သိန်းဇော်ခေါ် ဦးသောဘန ရောက်လာတယ်။ သူဟာ အငယ်စား ရုံးစာရေး ဖြစ်ဖူးတယ်။ ဇာတ်မင်းသား လုပ်ဖူးတယ်။ သူ့လက်ထက်မှာတော့ ဆွမ်းစားကျောင်းသစ်လေး ရခဲ့တာပေါ့။ မီးလောင်သွားလို့ လုပ်ဖြစ်တာလား။ လုပ်မလို့ စိတ်ကူးခဲ့လေသလားတော့ သူပဲ သိမှာပဲ။ သူက ၁၀ နှစ်ကျော်တယ်။ အလုပ်မလုပ်ဘူး။ တောထွက်မို့ ရလာတဲ့ လာဘ်လာဘကို အိမ်ပို့တယ် စသဖြင့် ရွာသားတွေရဲ့ သမုတ်တာကို ခံရပြန်တယ်။ ငွေသုံးကြမ်းခဲ့ပုံရတယ်။ အလုပ်မလုပ်တဲ့အတွက် အဲဒါကပဲ သူ့ဘဝကို အဆုံးအဖြတ်ပေးလိုက်တယ်။ သံလွန်းဆရာတော်ရဲ့ မင်နီနဲ့ရေးထားတဲ့ စာကို ရလိုက်ပုံရပါတယ်။ နောက်ပိုင်း ရွာကို တခေါက် နှစ်ခေါက် ပြန်ရောက်တယ်တဲ့။ အခု လက်ရှိတော့ မိုင်းပွန်ကနေ ပြောင်းလာတဲ့ လွယ်ကော်ဇာတိ ဆရာတော် ဦးဉာဏိက ဖြစ်ပါတယ်။ သူကျတော့ အလုပ်တော်တော်လုပ်တယ်။ နားတယ်ရယ်လို့ မရှိဘူး။ ကျောင်းမှာ ဓမ္မာရုံ၊ စေတီ ၂ ဆူ၊ သိမ်၊ ဘုရားတောင်တက်လမ်း စသဖြင့် အလုပ်ကို မနားတမ်းလုပ်ပြီး ရွာအတွက်လည်း လမ်းတွေ လုပ်ပေးတယ်။ တံတားတွေ ထိုးပေးတယ်။ ရွာသားတွေရဲ့ ကောင်းချီးကို တော်တော်ရတဲ့ ကျောင်းထိုင်တပါး ဖြစ်တယ်။

နောက်ကပ်ရက်ခုံကို ထပ်ပြောရရင် ကိုယ်နဲ့အတူ ကျောင်းနေ စာဝါလိုက်ခဲ့ကြတဲ့ သူတွေ။ မှတ်မိသလောက်တော့ ခုမိန်းမရပြီဖြစ်တဲ့ ဝင်းထိန်၊ ခုထိ လူပျိုကြီး ဖြစ်နေသေးတဲ့ မောင်ရွှေ၊ တောမှီ ရဟန်းလုပ်နေတဲ့ တိလောကတို့ ဖြစ်မယ်။ ဝင်းထိန်ကတော့ အရင် ဦးကောသလ္လလက်ထက်ကတည်းက လူဝတ်လဲလိုက်တယ်။ ရွာမှာ စျေးဆိုင်လေးဖွင့်ပြီး စီးပွားရှာတယ်။ စီးပွားတော်တော် ဖြစ်ပုံရတယ်။ မောင်ရွှေကတော့ ဦးဉာဏိက လက်ထက်ကျမှ ဒဏ်မခံနိုင်တော့လို့ လူထွက်တယ်လို့ ပြောပါတယ်။ ကျောင်းကို လက်လွတ်ရမှာ စိုးရိမ်တဲ့ ကျောင်းထိုင်ရဲ့ ငြူစူမှုဒဏ်လို့တော့ ပြောတာပဲ။ အာဝါသမစ္ဆရိယဆိုတာမျိုးက ကုလ မစ္ဆရိယဆိုတာမျိုးက ပြောရခက်သား။ တိလောကလည်း ဒါမျိုး အသံထွက်တယ်။ ခုတော့ ရွာတောင်ဘက်နားလေးက ဖီလာတောင်တောင်စောင်းမှာ တောရကျောင်းလေးဆောက်ပြီးတော့ သိပ်တောမရနိုင် ဖြစ်နေပုံရတယ်။ တရားအားထုတ်ပြီး လူမှုရေး ဝင်စွက်နေတယ်ထင်တာပဲ။ နောက် လေးကျွန်းချမ်းသာ (ဟဲကယ်) မှာကျောင်းထိုင်နေတဲ့ ဦးကိတ္တိသာရ (ဦးထွန်းအေး) ရှိတယ်။ စစ်ကိုင်း မြစင်္ကြာစာသင်တိုက်မှာ စာချဖြစ်လုလု ဉာဏတိက္ခရှိတယ်။ လူဝတ်လဲသွားတဲ့ ကောက်ကူးဆိုတာ ရှိတယ်။ ဦးကိတ္တိသာရကတော့ အေးရာအေးကြောင်း တော်တော်ရှာကြံတတ်တဲ့ သူဖြစ်ပါတယ်။ ရွာမှာ မကြာခဏ ကျောင်းထိုင် လစ်လပ်မှု ဖြစ်တယ်။ တချို့ရွာသားတွေက သူ့နာမည်ကို အဆိုတင်သွင်းခဲ့ပေမယ့် တချို့ရွာသားတွေကတော့ ငြင်းပယ်ခဲ့ကြတယ်။ သူပြောတာကတော့ ငါ ရွာပြန်နေတဲ့အခါ ငါကျောင်းထိုင်တဲ့အခါမှာ ငါ့အမေ စီးပွားရေးကောင်းခြင်း မကောင်းခြင်းဟာ ငါ့ကြောင့်လို့ သူများပြစ်တင်လိမ့်မယ်လို့ ဆိုတယ်။ ဉာဏတိက္ခ ကတော့ တချိန်က သူ့ရဟန်းခံပွဲကို ကျွန်တော် သိပ်မတက်ဖြစ်မှုနဲ့ ကျွန်တော့်ကို သိပ်မကြည်ဘူး။ ကောက်ကူးကတော့ သံလွန်းနဲ့ ကံကြီးမှာနေပြီး ဆရာတော်ရဲ့ ငြိုငြင်မှုကို ခံရပြီးနောက် လူဝတ်လဲသွားတယ်။ ဒါက သာသနာနဲ့ အပိုင်းပေါ့။

ကဲ ဒီနေရာလေးကနေ အခြားဆောင်းပါးကို ဆက်ပြီးဖတ်ကြည့်ရအောင်  သူတို့ပြောတာတွေ

လူဝတ်ကြောင်နဲ့ အပိုင်းရှိတယ်။ မှတ်မှတ်ရရ ရှိနေတာက လေးတန်းဘဝပါ။ ကျွန်တော်၊ ထွန်းတင်၊ ဝင်းနိုင်၊ တင်လှ၊ ကျင်မြိုင်၊ လှစိုးဆိုပြီး ခြောက်ယောက်သား ရွာမှာ ပထမဆုံး လေးတန်းအောင်ခဲ့ကြတာပေါ့။ ထွန်းတင်က ဓနော့လူမျိုးစု။ သူ့မိဘကလည်း ရွာနောက်ခြမ်းမှာ သြဇာရှိတယ်။ ခုတော့ သူက သားသမီးတွေနဲ့ သူကိုယ်တိုင်လည်း သြဇာတည်တဲ့ ပုဂ္ဂိုလ်တယောက် ဖြစ်နေတယ်။ ဝင်းနိုင်ကတော့ သူဌေးသမီးနဲ့ ယူပြီး စီးပွားရေး လုပ်တော့ ခုဆို ရွာမှာ အချမ်းသာဆုံး စာရင်းကောက်ရင် သူ့နာမည်ထည့်ရတယ်။ ဓနော့လူမျိုးဖြစ်တဲ့ တင်လှကတော့ အနောက်ပင်းတယက ဓနုလူမျိုးနဲ့ ရတယ်။ သူမက ငယ်ငယ်က တော်တော်ချို့တဲ့ခဲ့လေတော့ ခုထိ ကပ်စီးတယ်ဆိုတဲ့ နာမည်လှလှကြီးတွင်နေတုန်း။ ကျင်မြိုင်ဆိုသူကတော့ ပအိုဝ်းဓနုစပ်လူမျိုးပေမယ့် ပအိုဝ်းစကား တစ်လုံးမှ မတတ်တော့တဲ့ ဓနုလူမျိုးဖြစ်နေပြီး ပအိုဝ်းလူမျိုးဆိုတာ အဖေလည်းဆုံးပြီမို့ ဓနုမလေးသာ ဖြစ်နေပြီး လူချမ်းသာ တစ်ဦးရဲ့ သားနဲ့ အိမ်ထောင်ကျတာပဲ။ သူမယောကျာ်းလည်း ဝင်းနိုင်လို စာရင်းဝင်ပဲ။ လှစိုး။ သူမကတော့ အပေါ်က ဦးကိတ္တိသာရရဲ့ ညီမငယ်ဖြစ်တယ်။ ကျွန်တော်တို့ ခေတ်တုန်းက အလှဆုံးဆိုရင်လည်း မမှားဘူး။ သူမဟာ သူမအလှမှာ ယစ်မူးခဲ့ဖူးပုံရတယ်။ အပျိုကြီး ဖြစ်လုနီးနီးမှာ ရွာမှာ အဆင်းရဲဆုံးလူတဦးရဲ့ အဖျင်းဆုံးသားနဲ့ အိမ်ထောင်ကျရှာတယ်။ ခုထက်ထိလည်း ပင်ပင်ပန်းပန်း ရုန်းကန်လှုပ်ရှားနေရပုံပဲ။ ခုတော့ လေးတန်းတုန်းက ခြောက်ယောက်ဟာ အရင်တုန်းကလို တယောက်နဲ့ တယောက် မခင်ကြတော့ပါဘူး။ သူတို့ ရွာထဲမှာပဲ ရှိနေကြပါတယ်။ ကျွန်တော့်ကိုလည်း မခင်ကြတော့ပါဘူး။ မတတ်သာလို့ ဆုံခဲ့ရင်တောင် ဟက်ဟက်ပက်ပက် မရှိကြတော့တာပါ။ တဲ့တယ်။ ရတော့ ငွေရှာကြမ်းတဲ့ သူနဲ့ရတယ်။ ဒါက လွမ်းမိတဲ့ အပိုင်းပေါ့။ အဲဒီအချိန်ကတည်းကနေ ခုထိ ရုပ်ဆိုး စာရင်းဝင်ကျွန်တော့်ကို သိပ်မခင်ကြသလို ရုပ်ဆိုးပေမယ့် ထင်ပေါ်ချင်တဲ့ ကျွန်တော့်ရဲ့ ဆိုးခဲ့တဲ့ အပြုအမူတွေကြောင့်လည်း ဖြစ်မှာပါ။ နောင်တ ပြန်ရမယ်ဆိုရင် ငါအဲချိန်တုန်းက မဆိုးခဲ့သင့်ဘူးပေါ့။

ကစားဖော်လေးလည်း ရှိခဲ့ဖူးတယ်။ အများကြီး မရှိဘူး။ ကျွန်တော်တို့က ရွာပြင်ထုတ်ခံရတဲ့သူဆိုတော့ အပေါင်းအသင်းနည်းတယ်။ အိမ်နီးချင်းအဖြစ် တခါမှ မတွေ့ဖူးတော့တဲ့ ထွန်းရင်ဆိုသူ ရှိတယ်။ တောင်ရိုးလူမျိုး။ ကျွန်တော်မှတ်မိတော့ သူတို့ မိသားစုက တောင်ပြည်လို့ ကျွန်တော်တို့ ခေါ်တဲ့ အောင်ပန်းတောင်ဘက် ကမ်းပါးနီဘက် ပြောင်းသွားတယ်။ စံရာ။ သူကို အိမ်နီးချင်း အမျိုးမကင်းသူ။ ခုထိ သူကတော့ ရွာမှာ လူပျိုကြီးခေါင်းဆောင်။ အမေ့ကို လုပ်ကျွေးမယ့်သူ မရှိဘူးလေ ဆိုပြီး အမေ့ကို လုပ်ကျွေးနေသူ။ ကျွန်တော် ငယ်ငယ်က ကစားနည်းတွေ အများကြီး မသိခဲ့ဘူး။ သိတဲ့ ကစားနည်းကလည်း အမြဲရှုံးတတ်တော့ အမေကလည်း သိပ်မကစားခိုင်းဘူး။ ကျွန်တော်တို့ကလည်း အရမ်းကြီး ဆင်းရဲတော့ အဲလောက် မအားခဲ့တာလည်း ပါမှာပါ။
ဘေးကပ်ရက်ခုံလေးများအကြောင်းကို ဆက်ရေးပါဦးမယ်။