JQY Blog

အဖေ


ကျွန်တော်တို့ မောင်နှမ ရှစ်ယောက်လုံးက သူ့ကို အဘလို့ ခေါ်ခဲ့ကြတယ်။ ဒီအသုံးအနှုန်းက ကျွန်တော်တို့ ရွာရဲ့ အသုံးအနှုန်းပါ။ ဒါပေမယ့် အဖေ့ရဲ့ တကယ့်လူမျိုးဖြစ်တဲ့ ဓနုလူမျိုးရဲ့ အခေါ်အဝေါ်လည်း ဖြစ်နေပြန်ပါတယ်။ ဒါကို အဖေကျနပ်မှာပါ။ ဟုတ်ပါတယ်။ ကျွန်တော့်အဖေကို အားလုံးက ပအိုဝ်းလူမျိုးလို့ ထင်ခဲ့ကြတယ်။ အဖေ့ရဲ့ လူမျိုးအစစ်က ဓနုလူမျိုးပါ။ ပင်းတယမြို့နယ်၊ ဘော်ဆိုင်းကျေးရွာအုပ်စုအတွင်းရှိ ငုတ်ရွာမှာ အဖေ့ကို မွေးဖွားခဲ့တယ်လို့ ယူဆရပါတယ်။ အဖေက သူ့ကို ဘယ်မှာ မွေးခဲ့တယ်ဆိုတာ မပြောဖူးပါဘူး။ တခါပဲ သူဟာ ဘော်ဆိုင်းဘက်ကပါလို့ ပြောခဲ့ဖူးတယ်။

အဖေဟာ တော်တော်ရုန်းကန်ခဲ့ရပါတယ်လို့ ပြောရင် အားလုံးလည်း ဒီလိုပါပဲလို့ ပြောကြပါလိမ့်မယ်။ အဖေဟာ ပိုပြီး ရုန်းကန်ခဲ့ရလိမ့်မယ်လို့ ထင်ပါတယ်။ အဖေငယ်ငယ်ကတည်းက တောင်ကြီးမြို့နယ်၊ ဇလဲကျေးရွာအုပ်စု၊ နာဟစ်ရွာက ကျွန်တော်တို့ရဲ့ အဖိုး အဖြစ်တော်ရမယ့်သူက မွေးစားခဲ့တာပါ။ မွေးစား တယ်ဆိုတာထက် ကျွဲကျောင်း နွားကျောင်းဖို့ ခေါ်ခဲ့တာလို့ ထင်ပါတယ်။ ပြီးတော့ ဘယ်လို ကိုရင်ဝတ်ခဲ့တယ် ဆိုတာ မသိပါဘူး။ ဘာကိုမှ သိပ်နားမလည်ခင်မှာ လူပြန်ထွက်ပြီး ကျွဲနွားပြန်ကျောင်းပါတယ်။ အဲဒီအချိန်မှာပဲ အဖေ့ဇာတိရွာက ဦးပဇင်းနဲ့ တွေ့ပြီး ကိုရင်ပြန်ဝတ်ပေးပါတယ်။ အနောက်ဘက် ဘော်ဆိုင်းကို ပြန်လာခဲ့ပါတယ်။ ပအိုဝ်းစကားပဲ တတ်တော့တဲ့ အဖေ့အတွက် အနောက်ဇာတိရွာက အဆင်မပြေတော့ပါဘူး။ ဒါနဲ့ အရှေ့ဘက်ကို ပြန်လာခဲ့ပါတယ်။ ကိုရင် ပြန်ဝတ်ပေးတဲ့ ဦးဇင်းကလည်း ပျံလွန်တော်မူသွားခဲ့တယ်။ ကိုရင်ဘဝနဲ့ ဟိုကျောင်းပြောင်း ဒီကျောင်းပြောင်းလုပ်ရင်း ဗေဒင်တွေ သင်ခဲ့ပါတယ်။ ဗေဒင်တတ်တယ်ဆိုပေမယ့် အဖေဟာ ပရိယတ္တိစာကိုလည်း သင်ခဲ့ပုံရတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တောင်ကြီးမြို့ တောင်ကျောင်းကြီးမှာ အဖေနေဖူးတယ် ဆိုလို့ပါ။ ဦးဇင်းဘဝအထိ ရောက်ခဲ့ဖူးပုံလည်း ရပါတယ်။ ဒီလိုပါပဲ။ အဖေနဲ့ ပတ်သက်လာရင် တစ်ခုမှ ရေရေရာရာ မသိပါဘူး။ အဖေ လူဝတ်ဘယ်လို ပြန်လဲခဲ့တယ်ဆိုတာ မသိပါဘူး။ တောင်ကြီးမြို့နယ်ထဲက နန်းသြမှာ အရင်ဦးဆုံး အိမ်ထောင်ကျတယ်။ အဲဒီအိမ်ထောင်နဲ့ သားသမီးနှစ်ယောက် ထွန်းကားတယ်။ တဆိုးနှင့် နန်းထွန်းဆိုတဲ့သားသမီးပါ။ သူတို့နာမည်တွေ ဘာလို့ သိသလဲဆိုတော့ အဖေဟာ ကျွန်တော်တို့အမေနဲ့ အိမ်ထောင်ကျပြီးသည့်တိုင် သူတို့ကို ခေါ်လာလို့ပါ။  တဆိုးကတော့ အိမ်ထောင်ကျပြီး သူ့အမျိုးသမီးကိုယ်ဝန်ရှိနေချိန်မှာပဲ ငှက်ဖျားရောဂါနဲ့ ဆုံးသွားပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အဖေဟာ အံကြိတ်မျက်ရည်ကျခဲ့ရတယ်။

အဖေဟာ ကျွန်တော်တို့ လက်ရှိဇာတိရွာမှာ ကျွန်တော်တို့အမေနဲ့ တတိယအိမ်ထောင်ဆက်ကျပါတယ်။ ဒုတိယအိမ်ထောင်က ဘော်ဆိုင်းမှာ ကျပါတယ်။ အဖေဟာ ဒေါသကြီးသူ အငြိုးအတေးကြီးသူ အမှတ်ကြီးသူ တစ်ဦးဖြစ်သည့်အလျှောက် ပထမရော ဒုတိယအိမ်ထောင်နဲ့ပါ မမြဲခဲ့တာပါ။ ပထမအိမ်ထောင်က အဖေ့ရဲ့ ဗေဒင်စာအုပ်တွေ ဗေဒင်စားပွဲတွေကို မရိုမသေလုပ်ရာကနေ အိမ်ထောင်ကွဲတာပါ။ ဒုတိယအိမ်ထောင်နဲ့ကျ အဖေဟာ ဒေါသကြီးသည့် အလျောက် ကွဲခဲ့ရတယ်လို့ ထင်ပါတယ်။ သားတစ်ယောက်ရတယ်။ အဲဒီသားကိုလည်း အဖေဟာ သနပ်ဖက်ဖို မီးထဲ ဆွဲထည့်ရလောက်အောင် စိတ်ဆိုးခဲ့တယ်လို့ ကြားဖူးပါတယ်။ အဖေ့ဒေါသကိုတော့ ကျွန်တော်ငယ်ငယ်ကတည်းက မျက်မြင်ကိုယ်တွေ့မို့ ယုံပါတယ်။ အရက်သောက်ပြီး အမေ့ကို ဆူတာ ဆဲတာ ရိုက်တာကို ခုထိ ကျွန်တော့် မျက်စိထဲက မထွက်သေးပါဘူး။ အဲလို ဒေါသကြီးတဲ့ အဖေကို အမေဟာ တော်တော် သည်းခံခဲ့တယ်။ သည်းခံရမှာပေါ့လေ။ အမေကလည်း သူများ မွေးစားသမီးကိုး။ အဲဒီမွေးစားသမီးဆိုတာကြောင့်လည်း ကျွန်တော်တို့ ဒုက္ခပင်လယ်ဝေခဲ့ရတာပေါ့။

အမေ့ကို မမွေးစားခင် အမေ့ကို မွေးစားတဲ့ မွေးစားမိဘမှာ သားတယောက်ရှိပါတယ် လုံးဝ မတော်ချင်ခဲ့တဲ့ ဦးလေး ဆိုပါတော့။ အမေ့ရဲ့ မွေးစား မိဘများ ဆုံးသွားတော့ မတော်ချင်တဲ့ ဦးလေးဟာ မွေးစားအဖေပေးခဲ့သမျှ အမွေအားလုံးကို အမေ့ဆီကနေ ပြန်သိမ်းပါတယ်။ လက်ရှိ အိမ်ပေါ်ကလည်း နှင်ချလိုက်ပါတယ်။ အဲဒီအချိန်က ကျွန်တော့်အသက် သုံးနှစ်ကျော်ကျော်လောက်ပဲ ရှိဦးမယ် ထင်ပါတယ်။ ကျွန်တော့်ညီ စိုင်းဇော်ခင် သို့မဟုတ် ရွာအခေါ် အောင်စိုင်းနဲ့ သမီးလေး ဥမ္မာတင် မီးဖွားပြီးစပေါ့။ ဆိုတော့ ပုခက်ထဲမှာပဲပေါ့။ နို့စို့ကလေးအရွယ်ပေါ့။ ရွာကိုလည်း အဲဒီအချိန်က ပအိုဝ်းလက်နက်ကိုင်တွေ ခဏခဏ လာတတ်တာကိုး။ လာပြန်တော့ အဖေနဲ့က ရင်းနှီးသမို့ အပြောအဆို အဝင်အထွက် ရှိမပေါ့။ အဲဒါကို အဖေဟာ သူပုန်တွေနဲ့ အဆက်အသွယ်ရှိပါတယ်ဆိုပြီး အမွေကို လိုချင်ရာကနေ မတော်ချင်တဲ့ ဦးလေး (နာမည်က ဦးဗြတ်) ဟာ အမေ့ကို အိမ်ပေါ် နှင်ချတဲ့အပြင် ရွာသူကြီးတွေနဲ့ ပေါင်းပြီး ကျွန်တော်တို့ မိသားစုကို ရွာပြင်ထုတ်လိုက်တော့တာပေါ့။ အဖေ့သားဖြစ်တဲ့ တဆိုးဟာ လက်ရှိ ရွာဘုန်းတော်ကြီးကျောင်း အရှေ့ဘက် တောအုပ်ကြီးကို ရှင်းပြီး အဖေနဲ့ အကိုတဆိုးတို့ကိုယ်တိုင် ဆောက်တဲ့ အိမ်လေးမှာ နေခဲ့ရတာပေါ့။ အဲဒီတောအုပ်အကြောင်း တခါခါ ပြောဖြစ်တယ်။ သစ်ပင်ကြီးတွေ။ ငှက်ဆိုးတွေ။ ညဆို အိမ်ပြင်တောင် မထွက်ရဲတာတွေပေါ့။ တဆိုးဟာ အလုပ်ကြိုးစားတယ်။ ဒီလိုနဲ့ သူဟာ တောင်ပြည်လို့ ကျွန်တော်တို့ခေါ်တဲ့ နန်းတိုင်းဘက်က အမျိုးသမီးနဲ့ အိမ်ထောင်ကျတယ်။ သူ့အမျိုးသမီး ကိုယ်ဝန် ရချိန်မှာပဲ တဆိုးဟာ ငှက်ဖျားနဲ့ ဆုံးပါတယ်။ ဆေးဖိုးမရှိ။ အကူအညီတောင်းစရာ မရှိ။ ရွာထဲကနေ နှင်ထုတ်ခံထားရတဲ့ ကျွန်တော်တို့ မိသားစုရဲ့ ဦးစီး ကျွန်တော့်အဖေ ဘယ်လောက် ကြေကွဲပြီး အံကြိတ်မျက်ရည်ကျခဲ့ရမလဲဆိုတာ စဉ်းစားကြည့်ပေါ့ဗျာ။

ကဲ ဒီနေရာလေးကနေ အခြားဆောင်းပါးကို ဆက်ပြီးဖတ်ကြည့်ရအောင်  ပင်လုံအိုင်ဒိုး

တောထဲမှာ ငါးနှစ်လောက်နေတော့ ကျွန်တော်တို့ရဲ့ ညီငယ်ကို သန့်ဇင်ကို တောထဲမှာမွေးတယ်။ တောထဲမှာ မွေးလို့လား မသိဘူး။ အဖေ့ကို တော်တော် ဒုက္ခပေးတဲ့သား ဖြစ်လာတယ်။ အဖေ သည်းမခံနိုင်တဲ့သားဆိုပါတော့ဗျာ။ ဒါမှမဟုတ် ဒုက္ခကိုက အဖေ့ကို ချစ်မြတ်နိုးတာ ဖြစ်နိုင်တယ်။ သန့်ဇင်ကို မွေးပြီး မကြာခင်မှာ ရွာထဲ ပြန်နေခွင့်ရတယ်။ ပြန်နေခွင့်ရတယ်ဆိုတာကလည်း မကောင်းတတ်လို့ဖြစ်တယ်။ ရွာထဲမှာ အဖေ့ကိုပေးတဲ့ မြေကွက်က မြေကြမ်း ဖြစ်တယ်။ အခုထိ နေနေရတုန်းပါပဲ။ စုန်းမတယောက် ပိုင်တဲ့မြေဖြစ်တယ်။ ဘေးကပ်ရက်အိမ်ကလည်း စုန်းအိမ်ဖြစ်တယ်။ သူတို့ကလည်း အဖေ့ကို အမြင်ကတ်ကတ်နဲ့ ခဏခဏ ပြုစားတယ်။ မှတ်မိသလောက် အဖေဆေးကြမ်းဆိုတာ ဆောင်ထားရတယ်။ ခဏခဏ ညစာချကျွေးရတယ်။ ကျွန်တော်တို့တောင် မစားနိုင်တဲ့ အမဲသားဆို ပိဿာနဲ့ ဝယ်ချက်ပြီး ညမှောင်လာပြီဆို ခြံထောင့်နားသွားချရတယ်။ ပြောင်တာပဲ။ တခါခါ မဝလို့ဆိုပြီး နောက်ညလည်း ချက်ကျွေးရတတ်တယ်။ ဒါက တဒုက္ခ။

နောက်ကျတော့ လူလုပ်တဲ့ဒုက္ခ။ သို့တည်းမဟုတ် မတော်ချင်ဘဲ တော်စပ်ပေမယ့် နောက်ပိုင်း မခေါ်ဖြစ်တဲ့ ဦးလေးက ပေးတဲ့ဒုက္ခ။ ဦးဗြတ်ဆိုသူ။ သူ့ရဲ့ လက်ကိုင်ဒုတ်က သူ့သမက် ဦးမြမောင်။ သို့မဟုတ် အမွေစိန်။ မမေ့သေးတာက။ ညနေမှောင်ရီပျိုးစအချိန် အဖေ့ကို “ဆရာပင် အစည်းအဝေးတဲ့” ဆိုပြီး တကယ်အစည်းအဝေးဟန်မျိုးနဲ့ အိမ်နောက်ကနေ အိမ်ရှေ့ဖြတ်ပြီး ပြောသွားတယ်။ အဖေ့ကို ဆရာပင်လို့ခေါ်တာက အဖေဟာ ဗေဒင်ပညာမှာ ဆရာကြီးမင်းသိင်္ခလိုမဟုတ်ပေမယ့် ဇလဲနယ်တဝိုက်၊ သိမ်ကုန်းရွာမှာ ဆရာကြီးတစ်ဆူပဲ။ အဖေဟာ ကျွန်တော်တို့ကို သူတတ်တဲ့ ဗေဒင်ပညာနဲ့ ကျွေးမွေး ပြုစုစောင့်ရှောက်ခဲ့တာ။ ရွာမှာတော့ ဆရာပင်လို့ပဲ ခေါ်တယ်။ အဲလို အစည်းအဝေးခေါ်သွားတဲ့ညမှာ သူကြီးက ဦးပညာပဲ။ ဦးပညာကတော့ ဘယ်လိုနေထိုင်ခဲ့တယ် မသိပေမယ့် ဦးဗြတ်နဲ့ အသိုင်းအဝိုင်းဟာ အဖေနဲ့ အမေကို ဓားနဲ့ ချိန်ခဲ့တယ်။ တူမီးသေနတ်နဲ့ ချိန်ပြီး ခြိမ်းခြောက်ခဲ့တယ်။ အမေဟာ အဲဒီည တညလုံး ငိုတာပဲ။ အဖေလည်း အိပ်မပျော်ခဲ့တဲ့ညပေါ့။ အဖေဟာ ကျွန်တော်တို့ကြောင့် အဲလို ဒုက္ခတွေကို ခါးသီးစွာ ရင်ဆိုင်ခဲ့တယ်။ ပြီးတော့ ရွာမှာ အဖေ့ကို ဆရာလို့ မသတ်မှတ်ပါဘူး။ အဲဒီအပြင် အဖေ့ကို ရန်သူလိုသာ ရွာက ဆက်ဆံခဲ့တယ်။ အထူးသဖြင့် ဦးဗြတ်အသိုင်းအဝိုင်းကပေါ့။ သူတို့က ရွာတဝက်နီးပါးလေ။ ဦးစိုးငယ်တို့ဆို အဖေ့ကို လက်ညိုးငေါက်ငေါက်ထိုးပြီး လူလည်ခေါင် အပြစ်ပြောခဲ့တာပေါ့။ အဖေဟာ အဲလို ဒုက္ခတွေနဲ့ ကျွန်တော်တို့ကို ပြုစုပျိုးထောင်ပေးခဲ့တယ်။ အဖေဟာ စီးပွားရေး မလုပ်တတ် လုပ်တတ်နဲ့ သနပ်ဖက်တွေ ချိတ်တွေ လုပ်ခဲ့တယ်။ မအောင်မြင်ခဲ့ပါဘူး။ ဒါက အဖေ့ရဲ့ တကယ့်ဘဝ။

ကျွန်တော်နဲ့ အခြားအမှတ်ရစရာကတော့ ဗေဒင်ဟောလို့ ရလာတဲ့ ပိုက်ဆံနဲ့ တောင်ကြီးမြို့ပေါ် လိုအပ်တာ လိုက်ဝယ်ရင်း ပိုက်ဆံကုန်သွားတာနဲ့ ရွာကို ခြေကျင်လမ်းလျှောက်ပြန်ခဲ့ရတာ။ နန်းသြရွာမှာ ပြဇာတ်ခေါ်ကြည့်တာ။ တရွာပြီး တရွာ လမ်းလျှောက်ခေါ်တာ။ နောက်ပိုင်း အဖေက တရားဓမ္မတွေ လိုက်စားလာပြီး ကျွန်တော်ကလည်း တရားဓမ္မတွေ ပြန်ပြောပြဖြစ်တာ။ ဗေဒင်တွေတုန်းကလည်း အဖေ့ကို ဗေဒင်တွေ ပြန်သင်ပေးဖြစ်တာ။ အဖေသင်ပေးတဲ့ ဗေဒင်ပညာတွေကိုတော့ ကျွန်တော်ဘာမှ မရပါဘူး။ အဖေဟာ ရွာမှာ သူသတိရနေတဲ့ အတိတ်က အဖြစ်ဆိုးတွေကို မေ့ချင်ယောင်ဆောင်ရင်း ကျွန်တော်တို့ကို ပြုစုပျိုးထောင်ရင်း ၂၀၀၅ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက် တနင်္ဂနွေနေ့ တောင်ကြီးမြို့ ထွန်းဆေးရုံ အပေါ်ဆုံးထပ် ကျွန်တော့်လက်ထဲမှာပဲ အသက် ၈၁ နှစ်နဲ့ အသက်ကုန်ခဲ့တယ်။