JQY Blog

ဘဝရဲ့ ထီး၊ ရေဗူးနဲ့ ဖိနပ်

IMG_9898မေဒေးနေ့က တက်ခဲ့တဲ့ ဓမ္မစကူးလ် (၂) နှစ်ပြည့် အခမ်းအနားက စကားတစ်ခွန်းကို မမေ့ဘူး။ ဓမ္မစကူးလ် ဖြစ်မြောက်ရေးမှာ အဓိက အထူးတာဝန်ခံ တစ်ဦးဖြစ်တဲ့ ဦးဝင်းအောင်ဟာ ပီနန်ဆရာတော်ရဲ့ “တစ်ကျောင်း တစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ်ဆန်း ဆိုတာက တကယ်တော့ မကောင်းဘူး၊ မြန်မာတစ်နိုင်ငံလုံး ဓမ္မစကူးလ်ကို တညီတည်း သင်နေမှ ကောင်းတာ” ဆိုတဲ့ စကားကို ကိုးကားပြီးတော့ တစ်နိုင်ငံလုံး ခြေထောက်ရှည်နေသူ ခြေထောက်ဖြတ်၊ ခေါင်းပိုနေသူ ခေါင်းဖြတ် တစ်သမတ်တည်း ရှိရမည် ဆိုတဲ့ ပညာရေးစနစ်နောက် လိုက်ပြီး တစ်နိုင်ငံလုံး ဓမ္မစကူးလ်ကို တစ်ပုံစံတည်း သင်ရေးအားပေးစကား ပြောပါတယ်။ တစ်ခါက ဟာသ တစ်ပုဒ်ကို ဖတ်ဖူးတယ်။ အဲဒါကတော့ ပြင်သစ်သမ္မတနဲ့ အမေရိကန်သမ္မတတို့ နှစ်ဦးတွေ့ဆုံကြသတဲ့။ တွေ့တော့ ပြင်သစ်သမ္မတက သူ့နိုင်ငံ ပညာရေးနှင့် ပတ်သက်ပြီး တစ်နိုင်ငံလုံးမှာ ဘာသင်တယ် ဘယ်အတန်းမှာ ဘာသင်တယ်ဆိုတာကို သူ တိတိကျကျ သိပါတယ်လို့ ပြောတယ်။ အမေရိကန်သမ္မတကတော့ “ကျုပ်ကတော့ ဘယ်ကျောင်းမှာ ဘာသင်လဲ မသိဘူး၊ ဘယ်အတန်းမှာ ဘာသင်လဲ မသိဘူး၊ ရှင်းရှင်းပြောရရင် ကျုပ်မြို့ကကျောင်းတွေမှာတောင် ဘာတွေ သင်နေမှန်း မသိဘူး” လို့ ပြောပါသတဲ့။ ပြောသာ ပြောရတာပါဗျာ။ သင်တန်းတစ်ခုမှာ တစ်ကမ္ဘာလုံး ပညာရေး အခြေအနေတွေကို ဆွေးနွေးဖြစ်တော့ ကျွန်တော်တို့ရဲ့ လေးစားရတဲ့ Jim Conner က အမေရိကန်မှာလည်း မြန်မာနိုင်ငံ ပညာရေးလိုပါပဲလို့ ပြောရှာပါတယ်။ တစ်ကမ္ဘာလုံးက Mono Culture ဖြစ်ရေးဦးတည်နေတဲ့ ပညာရေးစနစ်ကို တကယ်လက်ခံထားလိုက်ကြပြီဆိုတော့ မပြောတော့ပါဘူး။

ဒါပေမယ့် ကိုယ့်တိုင်းရင်းသား ကိုယ့်လူမျိုးအတွက် အကျိုးမပြုတဲ့စာကို မသင်တဲ့အထဲမှာ ကျွန်တော်တို့ အသိုက်အဝန်းလေး တစ်ခု ပါပါတယ်။ ပါပါတယ်ဆိုတာထက် ကျန်နေပါသေးတယ်လို့ ပြောရမလားပဲ။ ပါဝင်နေပါတယ်လို့ ပြောလို့တော့ မရတော့ဘူး ထင်တယ်နော်။ မြန်မာတစ်နိုင်ငံလုံး နိုင်ငံခြားကိုပဲ လူထင်ကြပေတော့သကိုးလေ။ တနေ့ စျေးသည် တစ်ယောက်က “ဤနေရာတွင် စျေးမရောင်းရ” ဆိုတဲ့ ဆိုင်းဘုတ်နားမှာ စျေးရောင်းနေလေတော့ ဓာတ်ပုံတွေ ဘာတွေ ရိုက်ပြီး “နိုင်ငံခြားသားတွေ မြင်ရင် ဘယ်လို ပြောရပ” လို့ ရေးထားပေသကိုး။ ဒါကို ဘယ်ဘက်က စဉ်းစားကြမလဲ။ ကိုယ့်နိုင်ငံ ကိုယ့်မြေ ကိုယ့်ရေ ကိုယ့်လူမျိုးရဲ့ ဓလေ့စရိုက် တစ်နိုင်ငံလုံး အသားကျနေတဲ့ စည်းကမ်းကို စည်းကမ်းလို့ မသတ်မှတ်မှုကိုပဲ အပြစ်တင်ရမလား။ နိုင်ငံခြားသား အထင်ကြီးသွားအောင်ပဲ စျေးသည်ကို နေရာ ရွှေ့ပေးရမလား။ တစ်ကမ္ဘာလုံး ဒီလူမျိုး ဒီဓလေ့ ဆိုတာထက် တစ်ကမ္ဘာလုံး ဘာလူမျိုးဖြစ်ဖြစ် ဒီဓလေ့ပဲ လို့ တွင်စေရစ်မလား။ ကိုယ့်ရေမြေ ကိုယ့်လူမျိုးနဲ့ ကိုက်ညီတဲ့ စာကို သို့တည်းမဟုတ် ပညာကို သင်ကြမလား။ ရင်ထဲကလက်ခံ နားလည်တဲ့ ပညာကို သင်ကြမလား။ နိုင်ငံခြားသွားလို့ရအောင် နိုင်ငံခြားသား အထင်ကြီးအောင် စာသင်ကြမလား ကွယ်ရို့။

ကဲ ဒီနေရာလေးကနေ အခြားဆောင်းပါးကို ဆက်ပြီးဖတ်ကြည့်ရအောင်  ပရမ်းပတာကြီးတွေပါကွာ

မြန်မာနိုင်ငံမှာ သို့တည်းမဟုတ် ကမ္ဘာမှာ ပညာရေးရဲ့ ရည်ရွယ်ချက်က ဘာလဲ။ ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာဖို့ လောကဓံကို ရင်ဆိုင်နိုင်ဖို့ မဟုတ်ဘဲ ဂုဏ်တုဂုဏ်ပြိုင်အတွက်လား။ PhD ဆိုတဲ့သူတွေ ဘာကို တကယ်တတ်ပါသလဲ။ အဲလို လူတွေ အများကြီးနဲ့ ကမ္ဘာကြီးကို ဘာလုပ်ဖို့လဲ။ ကိုယ်ကိုယ်တိုင် လေ့လာတွေ့ရှိထားတာ မဟုတ်တဲ့ အခြားသူတွေ ရှေးလူတွေ ရေးထားတဲ့ စာကို အလွတ်ကျက်ပြီး မှတ်မိသလောက် ပြန်ချရေးတတ်သူကို ပညာတတ်လို့ သတ်မှတ်ပြီး နှလုံးသား မပါတဲ့ ဆရာဝန်တွေ အင်ဂျင်နီယာတွေ လုပ်ငန်းရှင်ကြီးတွေ ခရိုနီတွေ မွေးထုတ်တဲ့ ပညာရေးကို ဘုရားမှတ်နေတဲ့ခေတ်မှာ ရည်ရွယ်ချက်ပျောက်နေတယ် မထင်ဘူးလား။ စာသင်ကျောင်း Schooling ရဲ့ ရည်ရွယ်ချက်ကို ကော သိကြပါသလား။ စာသင်ကျောင်းရဲ့ ပင်မရည်ရွယ်ချက်ကိုက အလုပ်သမား များများ ထွက်လာရေးပဲလေ။ ဘယ်စာသင်ကျောင်းက မင်းတို့ ဒီပညာတတ် ဒီအတန်းအောင်ပြီးရင် လယ်ထဲဆင်းလို့ ပိုအဆင်ပြေပြီ ပြောလို့လဲ။ (ရေဆင်းမှ လွှဲ၍) ဒီအတန်းအောင်ရင် ဒီအမှတ်နဲ့ အောင်ရင် ဘယ်မှာ အလုပ်ရမယ်လို့ပဲ ပြောတာ မလား။ အိမ်အလုပ် ပြန်လုပ်တဲ့သူကို ကဲ့တောင် ရဲ့လိုက်သေးပါရဲ့။ ပြီးတော့ ဘွဲ့ရပြီးလို့မှ အလုပ်လုက်မဲ့ ဖြစ်နေရင်လည်း မေးဝိုင်းငေါ့တတ်သေး မဟုတ်လား။ ပြီးတော့ ကိုယ်လည်း ဒီပုတ်ထဲက ဒီပဲ။ တကယ်တမ်း အဲလို အလုပ်လုပ်ရတဲ့အခါ အိမ်နဲ့ ပိုပိုဝေးသွားကြရတယ်။ မိဘနဲ့ ဝေးသွားကြရတယ်။ (ရေးရင်း ဆရာပီတာရဲ့ စာကိုကိုညွှန်းသလို ဖြစ်နေပါပေါ့) အလုပ်ရုံ စက်ရုံထဲမှာ ဘဝကို နစ်မွန်းကြရတယ်။ ဒီအလုပ်က ငါ့အတွက် တက်လမ်းမရှိဘူးလို့ ရှာရင်းနဲ့ ကုမ္ပဏီပြောင်းရင်း နှစ်တွေ ကုန်ကြရတာ မလား။

ဒါမျိုးကို ဆက်ရေးပါဦးမယ်