JQY Blog

နောက်ဆုံး လက်ကျန်များ (၂)

 

IMG_9561နောက်ဆုံးလက်ကျန်များဆိုတဲ့ နာမည်ကို ပေးရတာက အရမ်းကြီး Hot ဖြစ်တဲ့ တော်တော်များများဟာ မကြာခင် ပျောက်ကွယ်တော့မယ့် အရေးကို ဦးတည်တယ်လို့ ယူဆထားတဲ့ ကျွန်တော့် ယူဆချက်ကြောင့်ပါ။ ဘုရားဟောတွေထဲမှာ ပဋ္ဌာန်းတရားတော်ဟာ အရင်ဆုံးပျောက်ကွယ်မယ်လို့ ကျမ်းစာထဲမှာ ပါတယ်။ အဲဒီအကြောင်းကို ဘယ်ဆရာတော်က ထုတ်ဟောလိုက်တယ် မသိဘူး။ မြန်မာတစ်နိုင်ငံလုံး ပဋ္ဌာန်းပွဲတွေကို ညံသွားတာပဲ။ ဟောခု။ ဟေတု ပစ္စယေန ပစ္စယောဆိုတဲ့ အသံကိုတောင် ကိုယ့်ဘာသာ ကိုယ်ပြန်ရွတ်ကြည့်မှ ကြားဖူးတော့မှာ။ အဲလို Hot ဖြစ်ပြီး ပျောက်ကွယ်သွားတာတွေက များမှ များပဲ။ အခုလည်း မြန်မာနိုင်ငံမှာ ပရဟိတ ဆိုတာကြီးက အရမ်းကို ဟော့ဖြစ်လွန်းတယ်။

အော် မေ့တော့မလို့။ ညီလာခံရဲ့ ဒုတိယနေ့ကို သူတို့က အစိမ်းရောင်နေ့လို့ သတ်မှတ်ကြတယ်။ ဆိုလိုတာက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကြဖို့ပေါ့။ ဆွေးနွေးတာတွေကလည်း အဲဒီ အကြောင်းအရာတွေပါပဲ။ ညကျတော့ တိုင်းရင်းသား ရိုးရာ အစားအစာတွေ ပြိုင်ကြတယ်။ ကောင်းလိုက်တဲ့ အစီအစဉ်။ မြန်မာနိုင်ငံမှာ အသင့်စား တရုတ်လုပ်မုန့်တွေ ပျံ့နှံ့လာပြီးနောက် ပျောက်ကွယ်လာတဲ့ ရိုးရာအစားအစာကို ပြန်ဖော်ထုတ်ကြတယ်။ အဲလိုမျိုး တစ်ချိန်က ဗိုလ်ချုပ်ကြီးလား ဘာလား ခင်ညွှန့်ဆိုတဲ့ ပုဂ္ဂိုလ်ချောကြီးက မြန်မာ့ရိုးရာ အမွှေအနှစ်ကို ထုတ်ဖော်တဲ့အနေနဲ့ ဆိုကရေးတီးတွေ ဇွတ်လုပ်ခဲ့သေးတယ်။ တစ်ဖက်ဖော် တဖက်ကဖုံးနဲ့ သူ့ဝါဒ ကိုယ့်ဝါဒ မတူတာနဲ့ ဒါလည်း ပျောက်ကွယ်သွားခဲ့ပြီလိုလိုပဲ။ ရှိနေ မရှိနေတော့ မသိ။ ကိုယ်ကလည်း TV မကြည့်ဖူးလေတော့ မသိ။ အဲဒီညမှာပဲ ဇီးကွက်ရုပ်ဖွင့်တဲ့ အစီအစဉ်ဆိုပြီးလုပ်တယ်။ ကလျာဏမိတ္တဖောင်ဒေးရှင်းအတွက် ငွေစုတဲ့သဘော။ ဒါကိုတော့ ဖြစ်စေချင်ပါတယ်။ အလှူရှင်တွေကို အားကိုးရတဲ့ ကိုယ့်အဖြစ်ကို ကိုယ်ချင်းစာမိတယ်လေ။

အဲညမှာပဲ (၇) ကြိမ်မြောက် တိုင်းရင်းသား လူငယ်များ ညီလာခံကို နောက်နှစ်ဘယ်မှာ လုပ်ကြမလဲလို့ ဆရာဘိုဘိုလွင်က ပြောပြီး အားလုံးနဲ့ တိုင်ပင် ဆွေးနွေးခိုင်းတော့ နောင်တောင်းကပဲ ရသွားတယ်။ ဟုတ်တယ်။ အဲလို အစီအစဉ်အတိုင်းသာဆို နောင်တောင်းမှာ လုပ်စေချင်တယ်။ အထူးသဖြင့် မဲုင်ကောင်ဒေသမှ လုပ်စေချင်ပါတယ်။ ဘတ်ဂျက်ရရင်တော့ မဲုင်ကောင်လို နေရာမျိုးမှာ သွားလုပ်မယ်။

ညီလာခံ တတိယရက်ကတော့ အပြာရောင်နေ့တဲ့။ ငြိမ်းချမ်းရေးနေ့ပေါ့။ အဓိကကတော့ မြန်မာနိုင်ငံ စစ်ဖြစ်နေတာ၊ ဘာသာရေးနဲ့ ပတ်သက်ပြီး ပဋိပက္ခ ဖြစ်နေတာကို ဦးတည်တာပေါ့လေ။ ဒါပေမယ့် အဲလို ဝေါဟာရတွေကို ရှောင်ကွင်းပြီးတော့ ဆွေးနွေးသွားကြလေရဲ့။ ကျွန်တော်စိတ်ဝင်စားတဲ့ ခေါင်းစဉ် နှစ်ခုရှိတယ်။ အဲဒါကတော့ တိုင်းရင်းသား ညီအစ်ကို မောင်နှမများ ပြန်လည်သင့်မြတ်ရေးနဲ့ လူ့အခွင့်အရေးနှင့် နိုင်ငံသားကောင်း အမူအကျင့်များ ဆိုတဲ့ Topic ဖြစ်ပါတယ်။ တနေရာပဲ သွားနိုင်တာဆိုတာ့ တိုင်းရင်းသား ညီအစ်ကို မောင်နှမများ ပြန်လည်သင့်မြတ်ရေး ဆီကို သွားခဲ့တယ်။ Hope International Agency က ဒေါ်ကညောဘောက Facilitate လုပ်တယ်။ သူနည်းနည်း လမ်းကြောင်းဖွင့်ပြီးတော့ ဆွေးနွေးသွားတယ်။ ဘယ်သူတွေ ဘာတွေ ဆွေးနွေးကြတယ် မသိ။ တချို့ကတော့ ဂျေဂျူဝိုင်နဲ့ ရဲအောင်တော့ တွေ့ပြီလို့ ပြောကြတယ်တဲ့။ ရဲအောင်ကို ကိုယ်ကလည်း မသိ။ ဒါပေမယ့် ကိုယ်တိုင် ခံစားနေရတာ မဟုတ်တော့ ဆွေးနွေးချက်တွေက လေပေါ်မှာပဲ ဖြစ်မယ်လို့ ပိတ်ပြောသွားသူဟာ ရဲအောင် ဖြစ်ပါလိမ့်မယ်။ ကျွန်တော်က ပအိုဝ်းတိုင်းရင်းသားမှာ ပါတီတွေ ကွဲထွက်လာတယ်။ ဟိုပုံးကိုရင်လေးက စစ်တပ်တည်ထောင်တာကို စိတ်ဝင်စားလို့ သွားဆွေးနွေးတာပါ။ ဒါပေမယ့် တကယ်တမ်း ရလာတာကတော့ ခင်မင်နေတဲ့ လူနှစ်ယောက်တောင်မှ ကတောက်ကဆ ဖြစ်ကြရတာပဲ။ အဲလို ဖြစ်တဲ့အခါ ရည်ရွယ်ချက်တွေ ပြောင်းပြီး ဆက်လက် လက်တွဲကြရတာပါပဲ ဆိုတဲ့ ပဋိပက္ခဖြေရှင်းနည်းလေးကိုတော့ ရလိုက်တယ်။ ဆရာမညောညောကတော့ ပဋိပက္ခဖြစ်ရတာဟာ ပထမဆုံး သယံဇာတကြောင့်လို့ အများက အနီးကပ် မြင်ကြတယ်။ တကယ်တမ်းကျတော့ ဆက်ဆံရေးက ပိုနီးကပ်နေသလို စနစ်ကလည်း ပိုနီးကပ်ပါသတဲ့။ အဲဒီထက် ပဋိပက္ခနဲ့ အနီးကပ်ဆုံးအကြောင်းအရာကတော့ တန်ဖိုးထားမှု ပါပဲတဲ့။ ဒါလည်း ဟုတ်နေတာပါပဲ။
IMG_9543
အဲဒီလိုနဲ့ ညနေပိုင်းတော့ ပြန်လည်တင်ပြကြတယ်။ အဲဒီမှာ ထင်ထားတဲ့အတိုင်း တက်လာတာကတော့ “မျိုးစောင့် ဥပဒေ” ပါပဲ။ သူတို့ ဆွေးနွေးပြသွားတာက မျိုးစောင့်ဥပဒေကြောင့် ကရင်ဗုဒ္ဓနဲ့ ကရင်ခရိယာန် လက်မထပ်ရ ဖြစ်နေပါတယ်။ တကယ်တမ်း လူမျိုးပျောက်တယ်ဆိုတဲ့ အကြောင်းမှာ ဆွေးနွေးဖြစ်တာကတော့ စာရင်းကြောင့်၊ စစ်ကြောင့်၊ ဆင်းရဲတာကြောင့် လူမျိုးပျောက်ပါတယ်လို့ အဖြေထုတ်ပြကြတယ်။ နောက်ဆွေးနွေးချက် တစ်ခုထဲမှာ ကြိုက်မိတာက “ကောင်းတာတွေ လုပ်နေရင်းနဲ့ ဘယ်သူတွေကို ထိခိုက်သွားလဲ” ဆိုတဲ့ စကားဖြစ်ပါတယ်။ ဒါက ဆရာတာပြောတဲ့ ဗြဟ္မစိုရ် ဆိုတာနဲ့လည်း သွားပတ်သက်နေတယ်။ ကောင်းတာ လုပ်တာပဲ။ တစ်ယောက်တလေ ထိခိုက်သွားတာတော့ ဘယ်တတ်နိုင်မှာလဲ ဆိုတဲ့ ဗြဟ္မစိုရ်နဲ့လည်း သွားပတ်သက်နေသလိုပါပဲ။ နောက် စကားတစ်ခွန်းကတော့ “အဖျက်သဘောဆောင်သော ငြိမ်းချမ်းရေး” ဆိုတဲ့ စကားတစ်ခွန်းပါ။ အားနဲ့ အင်နဲ့ ငြိမ်းချမ်းရေး လုပ်ကြတယ်။ တကယ်တမ်း ပြဿနာဇစ်မြစ်ကိုတော့ မရှာဖွေကြဘူးဆိုတဲ့ စကားရောပဲ ကြိုက်တယ်။ ကြည့်ရတာ မျိုးစောင့် ဥပဒေကိုပဲ စောင်းပြောနေသလားလို့ (ရန်စလိုက်ဦးမှ) ငြိမ်ဝပ်ပိပြားရေး ဆိုတဲ့ အသွင်ဆောင်နေတဲ့ ဥပဒေဟာ တကယ်တမ်းတော့ အဖျက်ငြိမ်းချမ်းရေးပါပဲတဲ့။ နောက်ဆွေးနွေးချက်တွေက ကိုယ့်နားနဲ့ မဆန့်လို့ သိပ်မမှတ်မိလိုက်ဘူး။ မှတ်မိတာတစ်ခုက Do No Harm ဆိုတဲ့ စကား။ အဓိပ္ပါယ်တော့ ကောင်းကောင်း မသိပါဘူး။ ပြီးတော့ ထုံးစံအတိုင်း အနှစ်ချုပ်ပါတယ်။ ဒီနေ့တော့ ဒေါ်သိန္နီဦးက အနှစ်ချုပ်သွားပါတယ်။

ကဲ ဒီနေရာလေးကနေ အခြားဆောင်းပါးကို ဆက်ပြီးဖတ်ကြည့်ရအောင်  မအောင်မြင်သူရဲ့ မှတ်စုများ (၂)

ညကျတော့ တိုင်းရင်းသား အကဖလှယ်ပွဲ ပြုလုပ်တယ်။ ပိတ်ပွဲလည်း ဖြစ်တော့ ဆရာတော်က သြဝါဒပေးတယ်။ ဆရာတော် သြဝါဒပေးနေပေမယ့် ဘယ်သူမှလည်း နားမထောင်ဘူး။ ဆရာတော်ကလည်း သိတော့ ခဏလေးပြောပြီး ဆင်းသွားတယ်။ နောက်လူတွေလည်း ဆက်ပြောကြတာပဲ။ ဘယ်သူမှလဲ နားမထောင်ပါဘူး။ နောက်တော့ အကတွေ တင်ဆက်ကြတယ်။ အကဆိုတာထက် တိုင်းရင်းသားတွေရဲ့ သူတို့ ရိုးရာကို သူတို့ ရိုးရာအတိုင်း တင်ဆက်ပြသကြတယ်လို့ မြင်ပါတယ်။ တကယ်တမ်း သူတို့ ရိုးရာ အကတွေဟာ သူတို့ တင်ဆက်သလောက်ပဲ ရှိပါလိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။ နိုင်ငံတော်က ပြုလုပ်တဲ့ တိုင်းရင်းသား ရိုးရာ အကပဒေသာ ဆိုတာကြီး လုပ်ကြည့်ပါလား။ ကိုယ့်ရိုးရာကို ဟိုဟာနဲ့ မွမ်း ဒီဟာနဲ့ထုံ လုပ်ကြလွန်းလို့ ယောင်ဝါးဝါး ရိုးရာလေးတွေပဲ တွေ့ရမှာ သေချာတယ်။ ခုတော့ တကယ့် ရိုးရာအက စစ်စစ်လေးတွေ တွေ့ရတယ်။ ပအိုဝ်းတိုင်းရင်းသား ရိုးရာအကကိုတော့ နန်းသဇင်ကြည်နဲ့ နန်းရီရီလေးက တီးရီးရီးရျော့နဲ့ ကပြသွားတယ်။ ထားဝယ်ရေအိုးသုံးလုံးဆင့် ရွက်ပြီးကတဲ့အကကို သဘောကျတယ်။ နောက် ဗမာတိုင်းရင်းသားတွေက ပြဇာတ်လုပ်တယ်။ ပါဖောင့်မင့်န်လို့ ခေါ်တဲ့ သရုပ်ပြလုပ်တယ်။ တော်တော်လေးကို ကောင်းကြတယ်။ သူတို့ ပြန်တည်းဖြတ်ပြီး ပို့လာပေးရင်တော့ ကောင်းပါလိမ့်မယ်။ ည (၁၂) နာရီနည်းနည်း စွန်းသွားတယ် အဲဒီည။
IMG_9673
နောက်နေ့ မနက် ပြန်တော့ နည်းနည်း ကမောက်ကမ ဖြစ်သွားတယ်။ ကားစီစဉ်သူက သေချာစီစဉ်ပေမယ့် အစီအစဉ်ကြေငြာသူက ကမောက်ကမ ငြေကြာလိုက်တော့ ကားတစ်စီးက လူမဆန့်ဘူး ဖြစ်သွားတယ်။ နောက် ဆည်မလုပ်ရ No Dam မှာ ဘာ Campaign လုပ်မယ်ဆိုလားပဲ ပြောလာကြတယ်။ အဲဒီနေရာရောက်တော့ ဘယ်သူမှ ဘာမှလည်း မရှင်းပြကြဘူး။ ဒါနဲ့ ကိုသုမောင်စိုးက ထပြီး ရှင်းပြတယ်။ Signature Capmaign လို့ ပြောထားတယ် မှတ်တာပဲ။ ကိုယ်ကပဲ သင်တန်းနောက်ဆုံးရက် အဆုံးသတ်မှာ ထိုးခဲ့ရတဲ့ “ထောင်သွင်း အကျဉ်းချထားခြင်း၊ တရားစွဲခြင်း ခံနေရသော တောင်သူ လယ်သမားများနှင့် လယ်သမားအရေး တက်ကြွ လှုပ်ရှားသူများ လွှတ်မြောက်ရေး” campaign နဲ့ မှားနေသလား မသိဘူး။ သင်တန်းပြီးတဲ့ညက အဲဒီမှာ အပြင် လက်မှတ်ထိုးရတာတွေက သုံးနေရာလောက် ရှိတယ်။ ထားဝယ်မြေပုံပေါ်မှာ။ အကျႌအကြီးကြီး တစ်ထည်ပေါ်မှာ။ အဲ ပြောရရင်တော့ ရှက်စရာ။ အဲဒီမှာ ဘာကြောင့် လက်မှတ်တွေ ထိုးခဲ့ရတာဆိုတာ မသိတော့ဘူး ဝှီး။ လျှပ်တပျက်လုပ်ရတာ တစ်ခုက မြန်မာနိုင်ငံ မြေပုံ ပုံစံငယ်ကို ဆရာတော်က အမှတ်တရအဖြစ် တက်ရောက်လာတဲ့ တိုင်းရင်းသား လူငယ်တွေ သယ်လာတဲ့ ကျောက်ခဲတွေနဲ့ လုပ်ချင်တယ် ဆိုတဲ့အတွက်လည်း တစ်မှုက ထမ်းရွက်ရသေးသကိုး။ လူရွှင်တော် လေသံနဲ့ ပြောလိုက်ပါဦးမယ်။ ရှိစေတော့ ရှိစေတာ့ ရယ်လို့။ အပြန်ခရီး အစီအစဉ် တစ်ခု ဖြစ်တဲ့ ထားဝယ်ရေနက် ဆိပ်ကမ်း ဆောက်လုပ်မယ့် နေရာကို ရောက်ခဲ့တယ်။ အဲဒီမှာ အားလုံးမှားနေကြတဲ့ ဒီရေနက်ဆိပ်ကမ်းသာ အောင်မြင်သွားရင် စင်္ကာပူတော့ ထမင်းငတ်ပြီ။ မြန်မာ ချမ်းသာပြီဆိုတာ တစ်ခုတည်းကိုပဲ သိကြတဲ့ အမှား။ မက်တဖွတ်ဒေသက စက်ရုံထက် အဆ (၂၀) ဆိုလား ကြီးတဲ့ စက်ရုံကြီး ရောက်လာမှာကိုတော့ ဘယ်သူမှလည်း မသိကြဘူး။ နောက် အဲဒီစီမံကိန်းကြောင့် အဖျက်ခံရမယ့် မူးဒူးရွာဘက် ရောက်ခဲ့တယ်။ ရွာသားတစ်ယောက်ကတော့ ရှင်းပြတယ်။ “ပြောင်းရမယ်ဆိုလည်း ပြောင်းမယ်၊ ဒါပေမယ့် ဘယ်နေ့ ပြောင်းရမယ်မှန်း မသိဘူး၊ လယ်စိုက်ရမလား မစိုက်ရဘူးလား။ အသီးအနှံ စိုက်ရမလား မစိုက်ရဘူးလား မသိဘူး၊ ဒီလို အခက်အခဲရှိတယ်။ နောက်တစ်ခုက ဆင်းရဲသားတွေ ပြောင်းချင်တယ်။ သူဌေးတွေ မပြောင်းချင်ဘူး။ ဒီ အကြောင်းတွေကြောင့် ရွာက နှစ်ခြမ်းကွဲလာတယ်” လို့လည်း ရှင်းပြပါတယ်။ အဲဒီရွာကနေ သုတ်သုတ် ထွက်ခဲ့တယ်။ မောင်းမကန်မှာ ဘာအစီအစဉ်ရှိမှန်း မသိဘူး။ ညနေ ငါးနာရီအထိ အချိန်ဖြုန်းခဲ့ရတယ်။ ကဲ နောက်နှစ်မှာ ဘယ်လို လုပ်ကြမလဲ။ ဘယ်လို စီစဉ်ကြမလဲ။

ဒါကတော့ မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသား လူငယ်များ ညီလာခံ အတွေ့အကြုံလေး ဖြစ်ပါကြောင်း….