JQY Blog

နောက်ဆုံးလက်ကျန်များ (၁)

IMG_9366ပုံမှန်အားဖြင့်တော့ ကျနော် ဒီပွဲမျိုး တက်လေ့ မရှိပါဘူး။ သို့သော်လည်း ဒီနှစ် ကျနော်တို့ ကျောင်းမှာ ညီလာခံ နှစ်ခုတောင် ကျင်းပမှာ ဆိုတော့ ဘယ်လို လုပ်သလဲ ဆိုတာကို သိချင်လို့ တက်ခဲ့တာ ဖြစ်ပါတယ်။ မနက်စော ကားကနေဆင်းတော့ ဇေကမ္ဘာဘုရားက ဘယ်နားမှာလဲလို့ တာဝန်ခံ ဆရာမ မြင့်မြင့်ထွန်းကို လှမ်းမေးတယ်။ သူက ကားကြီးကွင်းနားမှာပဲလို့ပြောတယ်။ ဇေကမ္ဘာဘုရားရောက်တော့ ကြိုဆိုရေးအဖွဲ့က စာရင်းနှင့် ချက်ချင်းကောက်ပြီး ဘုရားဝင်းထဲ နှစ်သက်တဲ့နေရာ သွားနားခိုင်းတယ်။ ဒီအစီအစဉ်က မဆိုးဘူး။ နေ့လည်စာ စားဖို့လည်း ထမင်းဖိုးတွေ ထုတ်ပေးတယ်။ ညနေ ရောက်တော့ ငွေငန်းဖြူဆိုတဲ့ကားနဲ့ ခရီးဆက်ခဲ့တယ်။ ကားပေါ်မှာတော့ ဖွံ့ဖြိုးရေး လောကသားတွေရဲ့ တွေ့နေကျ မျက်နှာတွေကို တွေ့ပါတယ်။ ဒါကတော့ ထုံးစံလိုလို ပါပဲဗျာ။ ငြိမ်းချမ်းရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး စသဖြင့် ကြိုက်တဲ့ ခေါင်းစဉ်ကို စီချလိုက်။ လူတွေကတော့ ဒီလူတွေပဲ။

အဲလိုနဲ့ ကားပေါ် ပါသွားတယ်။ တစ်ခါမှ မရောက်ဖူးတဲ့ နယ်တွေဆိုတော့ နည်းနည်း မျက်လုံးစွင့်သွားတယ်။ ဝေါမြို့နားရောက်တော့ မြို့လည်ခေါင်က မြစ်လား ချောင်းလား မြောင်းလားမသိ။ ရေကောနေပြီးတော့ကို ဘူဒိုဇာနဲ့ကို ရေချောင်းထဲမှာ မြေတွေထိုးနေတာ တွေ့တယ်။ အဲမြို့ထဲမှာပဲ နောက်တချောင်းက ရေရှိတယ် ဆိုရုံလေး ရှိနေတာ တွေ့ရတယ်။ မြို့အထွက်နားလေးရောက်တော့ ချောင်း သို့တည်းမဟုတ် မြောင်းလို့ သတ်မှတ်ထားတဲ့ နေရာလေး တစ်ခု တွေ့ရတယ်။ တစ်ခါကတော့ ရေစီးသန်ခဲ့ပုံပါပဲ။ ထိုးထားတဲ့ တံတားတွေက အခိုင်အမာတွေမို့လေ။ သို့သော်လည်း မြောင်းရဲ့ ဘေးနှုတ်ခမ်းသားတွေမှာတော့ ပလပ်စတစ်တွေနဲ့ ပြည့်နက်နေပြီး ရေစိုတဲ့ အမှတ်အသားဆို နေနေသာသာ သွေ့လို့ကို နေပါတယ်။ ဒါမျိုးက ဒီမြို့ရယ်မှ မဟုတ်ဘူးလို့ထင်ပါတယ်။ နောက်နောင် မြန်မာနိုင်ငံ အဝှမ်းလုံး ဖြစ်လာမှာပဲ။ ကျနော်တို့ ရွာမှာတောင် အရင်က ရွာအရှေ့ဘက် အိုင်ကြီးတွေ ရွာမြောက်ဘက် အိုင်ကြီးတွေ ခုကလေးတွေ သွားပြော ယုံမှာ ဟုတ်ဘူး။ ပြီးတော့ ရွာအတောင်ဘက်က ရေစီးသန်တယ် ဆိုတဲ့ချောင်းကလည်း ပုံပြင်။ ကားဆက်စီးရင်း နည်းနည်း မှေးခနဲ ဖြစ်ဖြစ် လာပြီ။
IMG_9553
တနေရာရောက်တော့ ညနေစာ ဆင်းစားကြတယ်။ ကိုယ်က ညနေစာ စားလို့ မရတဲ့သူ ဆိုတော့ ဟိုဟိုဒီဒီ လိုက်ကြည့်တယ်။ လမ်းဘေးစျေးသည်တွေဆီမှာ ဘယ်လို ဒေသအစားအစာတွေ ရှိလဲပေါ့။ အသီးနီနီရဲရဲနဲ့ …. အစေ့တခြား အသီးတခြားသီးပါတယ်ဆိုတဲ့ အသီးကို တွေ့တယ်။ ဒါပေမယ့် မမေးဖြစ်ခဲ့ဘူး။ နောက်တမျိုးက ရေငန်းသီးလို့ ခေါ်တဲ့ အသီး။ သူ့အခွံက ကြမ်းပြီး စူးတယ်။ အတွဲလိုက်သီးတယ်။ ခပ်ချွန်ချွန်ပုံစံပဲ။ အထဲကို ခွာစားတော့ ဒူးရင်းနံ့နဲ့ ခပ်ဆင်ဆင် အနံ့လေး ရတယ်။ စားချင်တာနဲ့ ကိုသုမောင်စိုးကို ဝယ်ခိုင်းတယ်။ ကိုသုမောင်စိုးဝယ်တော့ နည်းနည်းမြည်းရင်း တော်တော်လေး စားဖြစ်တယ်။ အပြန်ခရီးတော့ ကျောင်းက ဆရာမလေးတွေ ဖြစ်တဲ့ သဇင်ကြည်နဲ့ ရီရီလေးကို ကျွေးကြည့်သေးတယ်။ နည်းနည်းမြည်းပြီး နောက်နောင် ငွေ တစ်သိန်းပေးပြီး စားခိုင်းတောင် မစားဘူးလို့ ရီရီလေးကတော့ ပြောတာပဲ။

ဆက်ပြီးကားပေါ် အိပ်ပျော်သွားတယ်။ သူငယ်ချင်း ပြောလွန်းအားကြီးတဲ့ မလွဲတောင်ကို ဘယ်လို ဖြတ်သွား သလဲဆိုတာတောင် သိပ်မသိဘူး။ ချောက်တွေ နက်တယ်။ အကွေ့အကောက် များတယ် လို့တော့ ပြောတာပဲ။ ဟုတ်မယ် ထင်တာပဲလို့သာ မှတ်လာတယ်။ တစ်ချက် တချက် နိုးတော့ ဘေးဘီကို ကြည့်ဖြစ်တယ်။ ပြုလုပ်ထားစ လမ်းဆိုတော့ ကျောက်သားတွေ မြေသားတွေ လမ်းဘေးကို အလျှောလိုက် ပုံထားတာတွေ့ရတာပါပဲ။ နောက်နေ့ မနက် (၅) နာရီလောက် ကလိန်အောင်ဆိုတဲ့ မြို့လေးကို ရောက်တယ်။ ဒေသခံ အသံတွေ ကြားရပေမယ့် စားပွဲထိုးတွေ အသံကတော့ ဗမာအသံ ပီပီသသကြီးပါပဲ။ ဟိုကြည့်ဒီကြည့် အဲမှာ ကလိန်အောင် တံတားကြီးကို သိန်းပေါင်း ကိုးထောင်နဲ့ ဖောင်ဒေးရှင်းပဲ ပြီးသေးတာ တွေ့ခဲ့တယ်။ တံတားတည်ဆောက်ပုံ အရတော့ အဲနားလေးက အိမ်နှစ်လုံး ကွမ်းခြံလေးနဲ့အတူ ဖယ်ပေးရမယ့် ပုံစံပါပဲ။

နောက်က ကားတွေကို မစောင့်နိုင်တော့တဲ့ အဆုံး ရောက်လက်စ ကားနှစ်စီးထဲနဲ့ ထွက်ခဲ့တယ်။ ရွာကို ရောက်ဖို့လမ်းတွေက နည်းနည်းကျဉ်းပြီး လမ်းဘေး တစ်ဖက်မှာတော့ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကြောင့် ဘဝပျက်ရတော့မည့် ချောင်းလေး တစ်စင်းက ခပ်နက်နက်မှာ ကျောင်တုန်း ကျောက်ခဲလေးနဲ့ သူ့အလှတွေကို ဝမ်းနည်းစွာ ပြနေတယ်။ ရောက်တော့ ရောက်ရှိကြောင်း လက်မှတ်လေးထိုးလိုက်တယ်။ ပူတယ်ဆိုတာ ဗမာပြည် အလယ်ပိုင်းလောက် ရန်ကုန်လောက်ပဲ ထင်ခဲ့ပေမယ့် တောထဲ တောင်ထဲမှာရှိတဲ့ ဧရာဝတီဟာ ပူလောင်နေတာကို အံ့သြရင်း ကိုယ့်ကျောင်းအတွက် ဓာတ်ပုံလေးကပ်တယ်။ အခမ်းအနား ပြင်ဆင်ပုံနဲ့ ဧည့်သည်များအတွက် စီစဉ်ပုံတွေကို လိုက်လေ့လာတယ်။ ဧည့်သည်တည်းစရာ နေရာတွေ စီစဉ်ပုံကို လေ့လာတယ်။ ရီရီလေးကတော့ ပအိုဝ်းစာမေးပွဲ အစီအစဉ်အတိုင်းပါပဲလို့ ဂါထာရွတ်တယ်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာလိုလို လာတဲ့ အဖွဲ့အစည်းတွေကို ကြိုသလိုလို ခေတ်သစ်အနုပညာအချို့ကိုလည်း တွေ့ခဲ့တယ်။ နောက် စီစဉ်စရာရှိတာတွေ နည်းနည်းလေး လျှောက်လုပ်ပြီး ညနေကျတော့ ပြည်နယ်အလို မိတ်ဆက်တာ ထရပ်ပေးခဲ့တယ်။ နောက်နေ့ မနက်ရောက်တော့ အစီအစဉ်စတယ်။

ကဲ ဒီနေရာလေးကနေ အခြားဆောင်းပါးကို ဆက်ပြီးဖတ်ကြည့်ရအောင်  အိပ်မက်

အခမ်းအနားကို ကြေငြာသူ နှစ်ဦး မှတ်တမ်းရေးသူ လေးဦး အခြားနောက်ကွယ်က ပံ့ပိုးနေသူ တပုံတပင်ကြီးတွေလိုက်တယ်။ ကလုံးထာဆရာတော် ဦးပညာဝံသက “လမ်းလျှောက်လို့ လမ်းပျောက်နေချိန်မှာ အနာဂတ် မပျောက်ဖို့ အရေးကြီးတယ်” လို့ သြဝါဒပေးတယ်။ အစီအစဉ်ကြေငြာသူက တစ်ဦးနှင့်တစ်ဦး တဖွဲ့နှင့်တဖွဲ့ လက်တွဲ လုပ်နိုင်ဖို့ ဆိုပြီးတော့ အဖွဲ့အသီးသီးလိုက် မိတ်ဆက်တယ်။ ဆရာတစ်ဦးကတော့ “ဒီနေ့ ကိုယ်ဘာလုပ်နေသလဲက မနက်ဖန် ကိုယ်ဘာဖြစ်မလဲကို ရည်ရွယ်တယ်” လို့ ပြောပါတယ်။ ဆရာမသိန္နီဦးက “သမိုင်းသစ် ရေးထိုးဖို့ လိုတယ်” လို့ပြောတယ်။ ဆရာ ဘိုဘိုလွင်က ပြောင်းလဲမှုကို လုပ်ဖို့ လိုပြီနဲ့ သူရေးထားတဲ့ သတိနဲ့ စားသောက် သွားလာ နေထိုင်မှု အကြောင်း နည်းနည်းပြောတယ်။ နောက်ပိုင်းတော့ ဥပဒေတွေ အကြောင်း ပြောလာတယ်။ “ဥပဒေတိုင်းဟာ ပြည်သူတွေ အတွက် မဟုတ်ဘူး၊ မဟုတ်တဲ့ ဥပဒေကို ပြင်ရမယ်” လို့လည်း ကြားမိပါသေးတယ်။ ၁၉၆၂ မတ် ၂ ရက်အထိ သုံးခဲ့တဲ့ ဥပဒေကို အက်ဥပဒေလို့ခေါ်ပြီး ယနေ့သုံးနေတဲ့ ဥပဒေကို ဥပဒေလို့ခေါ်ကြောင်း စသဖြင့် တော်တော်လေး ကြားရပါတယ်။ ပြီးတော့ အဖွဲ့အသီးသီးက မိတ်ဆက်တဲ့ အစီအစဉ် စပါတယ်။ အဖွဲ့အသီးသီး မိတ်ဆက်ရာမှာ ဘာတွေကို တောက်လျှောက် ကြားနေရသလဲဆိုတော့ “ပလပ်စတစ် အမှိုက်ကောက်” ဆိုတဲ့ စကားလုံးဖြစ်တယ်။ ဒီစကားလုံးနဲ့ ပတ်သက်ပြီး ဆရာ ဘိုဘိုလွင်ဟာ ၂၀၁၁ မှာ တစ်ခါ ပြောဖူးတယ်လို့ ထင်ပါတယ်။ “အမှိုက်ကောက်တယ် ဘယ်လောက် ရတယ်၊ ဘယ်လောက်ထိ ကောက်တယ် ဆိုတာထက် အမှိုက်တွေ မပစ်အောင် ဘယ်လောက် ပြောနိုင် ဟောနိုင် စည်းရုံးနိုင်ခဲ့တယ်က ပိုကောင်းပါတယ်” လို့လေ။ ဒီနောက်ပိုင်း ဆရာ ဒီစကားကို မပြောတော့ဘူးလို့ ထင်ပါရဲ့။ နေ့လည်ခင်းမှာ အစီအစဉ် တချို့စပြီး နေအရမ်းပူလွန်းတော့ အခမ်းအနားကို မစဘဲ ခေတ္တသိမ်းလိုက်ရတယ်။ ဘယ်သူမှတော့ ကောင်းကောင်း မနားနိုင်ပါဘူး။ ရာသီဥတုက ပူလွန်းသကိုး။ ညနေစောင်းတော့ ရွာထဲ ဆင်းလည်ဖြစ်ခဲ့တယ်။ ရိုးရာအိမ်လေးတွေ ထူးဆန်းတယ်။ ဓာတ်ပုံရုံက်ချင်ပေမယ့် ကားပေါ်မှာဆိုတော့ ဓာတ်ပုံ မရိုက်ဖြစ်ဘူး။ ဒီလို အိမ်လေးတွေက မလေးရှားမှာလည်း ရှိတယ်၊ မလေးရှားမှာ ထားဝယ်လူမျိုးတွေ နာမည်တမျိုးနဲ့ ရှိတယ်လို့ ကြားဖူးတယ်။ သူတို့ ထားဝယ်စကားကိုပဲ ပြောကြပါတယ်တဲ့။ ထားဝယ်က ပြခန်းမှာ ပြထားတဲ့ ဓာတ်ပုံအရ သမိုင်းကြီးတဲ့ လူမျိုးစု တစ်စုပါ။ ဆိုတော့ သူတို့တိုင်း သူတို့ပြည်ပျက်တော့ ထွက်ပြေးရတဲ့ လူတစ်စု ထင်ပါရဲ့။
IMG_9468
နောက်နေ့မှာ ပွင့်သစ်ငြိမ်းချမ်းတို့ ဦးတင်မြင့်တို့ အသီးသီး အသက အသက ဟောပြောကြလေရဲ့။ ထုံးစံအတိုင်း ဟောပြောတယ်ဆိုတာ ကိုယ်စိတ်ဝင်စားတဲ့ ကိုယ်ကြိုသိထားတဲ့ ကိစ္စမဟုတ်လေတော့ နားထောင်ပြီးမေ့တာပါပဲ။ အကြားရဲ့ မှတ်နိုင်စွမ်းကလည်း နည်းနည်းပဲ ရှိတာ မလား။ မေးဖြေ ကဏ္ဍထည့်မယ်ဆိုပေမယ့် ဆရာတွေကတော့ အလုပ်များချင်ယောင်ဆောင်ရင်း အရောက်နောက်ကျတာနဲ့ သူတို့ ပြောချင်တာ များနေတာနဲ့ မလုပ်ဖြစ်လိုက်ဘူး။ အင်း ဒါက အဆိုးမြင်လွန်းရာကျမလားတော့ မသိဘူး။ နေ့လည်ခင်းရောက်တော့ အဖွဲ့လိုက် အုပ်စုခွဲ ဆွေးနွေးတဲ့ အပိုင်းပါ။ ကိုယ်ပြောချင်တာလေး ကိုယ်သိချင်တာလေး ရှိလို့ ရေချို အရင်းအမြစ်များ အကြောင်းထဲ ဝင်ပါလိုက်တယ်။ လူတယောက် စကားရှည်နေတာနဲ့ သူတို့ကလည်း သဘာဝပတ်ဝန်းကျင်ကို အဓိကထားနေတာနဲ့ ကိုယ်ပြောချင်တာ မပြောလိုက်ရ။ ကိုယ်သိချင်တာ မသိလိုက်ရဘူး။ လူတစ်ယောက်ကတော့ ကလုံးထားရွာသားတွေကို အပြစ်တင်ဖို့ လာခဲ့တယ် ထင်ပါရဲ့။ သူ့အထင်တွေ ဇွတ်ဇက် အန်ချသွားလေရဲ့။ ပါတဲ့ ကလုံးထာ ရွာသားနှစ်ယောက်တော့ ဘယ်လိုနေလို့ ဘယ်လို ထိုင်ကျန်ခဲ့မယ် မသိ။ နောက်တော့ အဖွဲ့အသီးသီးတင်ပြကြတယ်။ နေပူလို့လား။ ကိုယ်က မမှတ်နိုင်လို့လားမသိဘူး။ အခုနေများမေးရင် တစ်ခုမှ မဖြေနိုင်ဘူး။ ကဲ သုံးရက် ကျင်းပတာလေးကို တစ်ရက်နဲ့ တစ်ပိုင်းစာလေး အရင်ပိုစ့်လိုက်ပါဦးမယ်။