JQY Blog

အရှိတရား၏ မရှိသောတရားများ

“ဆေးရုံတက်ရမယ်” လို့ ရန်ကုန်ဆေးရုံကြီးထဲက နှလုံးအထူးကြတ်မတ်ဆောင် ပရော်ဖက်ဆာကြီးဖြစ်တဲ့ ဒေါ်နွယ်နွယ်က နီနီဓာတ်ခွဲခန်းကနေ ၂၀၁၅ ခုနှစ် မေ ၃၁ ရက်မှာ ပြောခဲ့တယ်။ မွေးရာပါ သွေးလွှတ်ခန်းနှင့် သွေးသန့်ခန်းနံရံမှာ အပေါက်ကလေးပါတယ်။ အဲဒီအပေါက်မှာ ပိုးဝင်နေတယ်။ အဲဒီပိုးက အဆို့ရှင်ကိုပါ ကူးနေတယ်။ ဆက်ပြီးတော့ အဆုပ်ကိုလည်း ကူးဖို့ရှိတယ်။ အဲဒါဆိုရင်တော့ ကုဖို့ ပိုခက်သွားလိမ့်မယ်လို့ ပြောပါတယ်။ နယ်ဆေးရုံကို လွှဲပေးလို့မရဘူးလားဆိုတော့ ဒေါက်တာဒေါ်နွယ်နွယ်က “လူနာတွေဟာ သူတို့ဖြစ်ချင်တာပဲ သိတယ်” လို့ ရေရွတ်လိုက်သလိုလိုပါပဲ။ ပြီးမှ မရဘူးလို့ ပြောပါတယ်။ ဘယ်နေ့တက်ရမလဲဆိုတော့ ဒီနေ့ပဲတဲ့။ ဆရာကောင်းညွှန့်က သူ့ဇနီးကိုခေါ်လာပြီးတော့ ဆေးစစ်ထားတဲ့ စာရွက်ကို ဖတ်စေတယ်။ နှင်းနုလွင်ကလည်း ဆရာလေးကိုကြည်နိုင်ကို ခေါ်လာပြီးတော့ ဖတ်စေခဲ့ပါသေးတယ်။ တယောက်ယောက်ကတော့ နှလုံးတစ်ခန်းလည်း နည်းနည်းရောင်နေတယ်လို့ ပြောပါတယ်။ ဘယ်သူမှန်း မသိတော့ဘူး။

ဒီလို ရောဂါရှိတာကို သေသေချာချာသိခဲ့တာ ဟိုးသက္ကရာဇ် ၂၀၀၀ ခုနှစ် ဒီဇင်ဘာလ ကတည်းကပါ။ ခုဆို ၁၅ နှစ်တောင် ရှိနေပြီ။ ဒီထက်ပိုသေချာတာက မွေးရာပါ နှလုံးရောဂါ ရှိတယ်ဆိုတာကို ဟိုးငယ်ငယ် အသက် ၄ နှစ်အရွယ်မှာကတည်းကလည်း တစ်ကြိမ်သိခဲ့တယ်။ ဘဝတလျှောက်လုံး နှလုံးရောဂါ ရှိတယ်ဆိုတာ သိလာခဲ့တယ်ပဲ ဆိုပါတော့။ ဒါပေမယ့် ၁၉၉၈ ခုနှစ် ဇူလှိုင် သြဂုတ်လောက်ကတည်းက ဆေးလိပ်ကို စသောက်ခဲ့တယ်။ အဲဒီတုန်းကတော့ ဆေးလိပ်ကို တစ်ရက် သုံးလိပ်လေးလိပ် အများဆုံး သောက်ခဲ့တယ်။

  • ကွန်ပျူတာသင်တန်း၊ အင်္ဂလိပ်စာသင်တန်းတွေကို သင်ပေးတယ်။ စာသင်ကျောင်းဖွင့်ထားတယ်။ အခြားဖွံ့ဖြိုးရေးသင်တန်းလည်းပေးတယ်
၂၀၀၇ ခုနှစ် အောက်တိုဘာလနောက်ပိုင်းတော့ ဆေးလိပ်ကို ပြင်းပြင်းထန်ထန် သောက်ခဲ့တယ်။ ဆေးလိပ်တွေလည်း စုံခဲ့တယ်။ နောက် အစားအသောက်တွေ မဆင်ခြင်ခဲ့ဘူး။ သိရက်နဲ့ပေါ့လေ။ ပြီးပြန်တော့ ရေးပြလို့ မရတဲ့ တခြားကိုယ်နဲ့ မတည့်တာတွေလည်း လုပ်ဖူးတယ်။  မဖြစ်ခင်ကမို့ တွေးတာ ရှိတယ်။ ဖြစ်ရင် ခံလိုက်မယ်လို့။ ဘာဖြစ်သေးလဲလို့ပေါ့။ မဟာဂန္ဓာရုံ ဆရာတော် မိန့်ခဲ့တဲ့ စကားတစ်ခွန်းရှိတယ်။ “သတ္တဝါတွေဟာ ဒုက္ခမရောက်သေးသမျှ ဒုက္ခကို မကြောက်ရေးချ မကြောက်” တဲ့။

ရန်ကုန် ဆေးရုံကြီးကို ရောက်ခဲ့တယ်။ နှလုံးကြပ်မတ်ဆောင်မှာ ဆေးရုံတက်ခဲ့ရတယ်။ ပရော်ဖက်ဆာ ဒေါ်နွယ်နွယ်အကြောင်း ပြောပြခဲ့တာက ဓမ္မစကူးလ်ရုံးက ဦးရာဇိန္ဒနှင့် ဦးဥတ္တမ။ ဒေါ်နွယ်နွယ်နဲ့ ပြဖို့ အစအဆုံးကူညီခဲ့တာက အဲဒီရုံးက ဒေါ်ရင်ရင်မော်။ OPD ကနေ ဆေးရုံအခန်းထဲ ရောက်ဖို့ ကူညီခဲ့တာက နန့်စန္ဒာထွန်း၊ ပြီးတော့ တောင်ကြီးကျောင်းတိုက် ရောက်နေတဲ့ ဦးကုသလ။ ပြီးပြန်တော့ ခွန်သန်းထွန်း။ တစ်ပတ်လောက် အကြာ ရောက်လာခဲ့တာက ကျော်မင်းဦး။ ကြားထဲမှာ ဆရာကောင်းတို့ လင်မယား။ နှင်းနုလွင်နှင့် ကိုကြည်နိုင်။ နောက်တော့ သူသူ (ကော်ဘရာ)၊ ကိုဘုန်း၊ ကေသွယ်ဝင်း၊ နန်းသဲဖြူ၊ ခွန်မောင်ငယ် အစရှိသဖြင့်။ ဘေးနားကုတင်ကတော့ အသိတော်တော်များတယ်နော်လို့ ပြောခဲ့တယ်။ နေ့စဉ်နီးပါး မပြတ်လာကူညီပေးခဲ့တာက နန့်စန္ဒာထွန်း။ အမြဲစောင့်ပေးတာက ကျော်မင်းဦး။ ဒါက ဆေးရုံမှာ ကူညီခဲ့သူတွေ။ အပြင်က ကူညီခဲ့တာတော့ နောင်တောင်းဆရာတော်။ သူကပဲ ပိုက်ဆံထုတ်ပေးခဲ့တယ်။

ဒါက ဆေးရုံတက်တာ ဒုတိယအကြိမ်ပါ။ သို့တည်းမဟုတ် စတုတ္ထအကြိမ်လို့လည်း ပြောလို့ရပါတယ်။ ၂၀၀၀ ခုနှစ် မန္တလေး ဆေးရုံတက်တုန်းကလည်း Echo ရိုက်ဖို့ ရက်ချိန်းတက်ယူတာ တကြိမ်၊ ရက်ချိန်းရလို့ ပြန်တက်တာ တကြိမ်။ ဘယ်တော့မှ မမေ့ခဲ့တဲ့ မန္တလေးက ဒေါက်တာ တင်ကိုကို။ နောက် မမေ့တာက ဒေါက်တာခွန်စိုးမိုး။ အမြဲတမ်း ရယ်မိတဲ့ အဖြစ်အပျက်က ဒေါက်တာခွန်စိုးမိုးနှင့် ပြတဲ့အကွက်။ ဆေးရုံမှတ်တမ်းနဲ့ သူထိုင်တဲ့ ဆေးခန်းကို သွားပြတော့ ECG ဆွဲထားတာကို မေးတယ်။ မဆွဲခဲ့လို့ မဆွဲခဲ့ဘူးလို့ ဖြေလိုက်တော့ သူက စည်းကမ်းမရှိဘူး။ ပျောက်တယ်ဆို ပျောက်တယ် ဝန်ခံပါ လို့အပြစ်ဖို့ပါတယ်။ ထူးဆန်းတာက တကယ် ECG မဆွဲခဲ့တာပါပဲ။ ကိုယ်ကလည်း အဲလောက်ကြီး မအပါဘူး။ ဆရာဝန်တွေများ သူတို့ပဲ သိတယ် သူတို့ပဲ တတ်တယ်လို့ ထင်ကြသလားလို့တောင် တွေးမိတယ်။ ဘာဖြစ်ဆို ဒေါက်တာ ဒေါ်နွယ်နွယ်နဲ့ ပြတုန်းက Small VSD ရှိတယ်လို့ ပြောတော့ ခနဲ့တဲ့တဲ့ ပြုံးပြီး ရယ်ရှာသကိုး။ လူနာကို Zero လို့ သတ်မှတ်တာ ကောင်းပါတယ်။ ဒီစိတ်မျိုးကို ဆေးရုံမှာ ဆရာဝန်ကြီးတွေပဲ ရှိသင့်တယ်ထင်တာပဲ။ ခုတော့ လက်သင်သူနာပြုလေးတွေဆီမှာလည်း အဲဒါတွေ ရှိနေတယ်။ လက်မှာ အသေလိုက် စိုက်ထားတဲ့ Cannula မှာ ဆေးလာသွင်းပေးတဲ့ သူနာပြုကို သူဆေးထိုးတာ မသေချာလို့ မသေချာကြောင်းပြောတာ နားမထောင်ဘူးဗျာ။ နောက်တခါ Drag ချိတ်ရာမှာ အပေါ်မှာ လေပေါက်ဖောက်ဖို့ ပြောတော့ သူတို့ အချင်းချင်းပြောတာက “မမက အဲလိုပါ ခိုင်းလိုက်လို့လား” တဲ့။ အရင်းစစ်ရင်တော့ အမြစ်မြေကပေါ့ဗျာ။ အထက်က ခိုင်းမှ လုပ်တတ်တဲ့ အကျင့်တွေ ပါလာတယ်။ အဲဒီအကျင့်တွေက ပျက်စီးနေတဲ့ ပညာရေး စနစ်ကလာတယ်။ ပျက်စီးနေတဲ့ ပညာရေးကို ကျောင်းသားတွေ ဆန္ဒပြတော့ မ ဘ သ ကလက်မခံဘူး။ ထူးဆန်းလိုက်တာ။ ပျက်စီးနေတဲ့ ပရိယတ္တိ ပညာရေးစနစ်ကို ပျက်စီးနေမှန်း မသိကြသေးဘူး။

ကဲ ဒီနေရာလေးကနေ အခြားဆောင်းပါးကို ဆက်ပြီးဖတ်ကြည့်ရအောင်  လွယ်သလား ခက်သလားရာမ

နောက်တတိယအကြိမ်ဆေးရုံတက်တာက လက်ရှိ မေ (၃၁) ရက်ကတက်တဲ့ အကြိမ်ပါပဲ။ ဒါပေမယ့် ဇွန်လ (၁၆) ရက်မှာ ဆေးရုံက ဆင်းခွင့်ရခဲ့ပါတယ်။ စတုတ္ထအကြိမ်လို့ ပြောလို့ရတယ်။ ၁၇ ရက်နက်မှာ နှလုံးအောင့်လိုက်ပုံက လူပ်တောင် လှုပ်လို့မရတော့တဲ့ အထိဖြစ်ခဲ့တော့ ဆေးရုံပြန်တက်ခဲ့ရတယ်။ အဲနေ့မှ ရန်ကုန်ဆေးရုံကြီးရဲ့ အရေးပေါ်ဌာန မူဝါဒကို “မဟုတ်သေးပါဘူး” လို့တွေးမိတယ်။ ဒါပေမယ့် သူတို့အတွက် အဆင်ပြေနေဆဲ မူဝါဒမို့ မပြောတော့ပါဘူး။ တာဝန်ကျ ဆရာဝန်က လာစစ်တော့ ဒီလောက်နဲ့ ဆေးရုံတက်ဖို့ မလိုပါဘူးလို့ ပြောတယ်။ သူ့သွားကိုက်တာမှ မဟုတ်တာကိုး။ နောက် တာဝန်ကျ ဆရာဝန်တွေ လာမေးတော့ အဖြေကို သူတို့ နားမလည်ဘူးဖြစ်နေတယ်။ စူးပြီးတော့ အောင့်တယ်လို့။ ကြိယာနှစ်ခုထပ်ရင် ဗမာတွေ သိပ်နားမလည်ဘူးလို့ တစ်ခါက သူငယ်ချင်းတစ်ယောက်က ပြောဖူးလေတော့ ဒါကြောင့်များလားလို့တော့တွေးမိတယ်။ စားဆေးတွေ ပိုတိုးသွားတယ်။

အခြားဆောင်ကနေ ပြောင်းလာတဲ့ လူနာတွေက ပြောကြတယ်။ “နှလုံးဆောင်” မို့သန့်နေတာဆိုလားပဲ။ ခုတလော Facebook မှာ ဘာတွေ့လိုက်လဲ ဆိုတော့ ဆေးရုံကြီးက ဆရာဝန်မှအစ အောက်ခြေ ဝန်ထမ်းအထိ တာဝန်ကျေပွန်စွာ စေတနာအပြည့်နဲ့ ထမ်းဆောင်နေတာ တွေ့ရတယ်လို့ ပြောသံ ဆိုသံ နည်းနည်းကျယ်လာခဲ့တယ်။ အောက်ခြေ ဝန်ထမ်းဆိုလို့ မနက်သန့်ရှင်းရေးလုပ်ချိန်မှာ မှတ်မိနေတဲ့ အသံက “ခင်ဗျားတို့ကို ကျွန်တော် တောင်းပန်နေတာပါ၊ ခြေသလုံးဖက်ဆိုလည်း ဖက်ပါ့မယ်” ဆိုတဲ့ ရန်ပြုမည့်ဟန်Tone မြင့်မြင့်နဲ့ အသံပါ။ အဲဒီမှာ ဒီလူကို လေးစားလောက်တယ်လို့ မတွက်ကြတာလား မသိဘူး နည်းနည်း အကြောင်းသိသွားတဲ့သူမှန်သမျှ သူ ဘယ်လောက်အော်အော် လှုပ်တောင် မလှုပ်ကြဘူး။ ဒါမှမဟုတ် ဦးသိန်းစိန် လက်ခံတဲ့ နိုင်ငံရေးသမား တချို့ ပြောသလို ဒီမိုကရေစီနဲ့ မတန်သေးဘူးဆိုတာလားတော့မသိ။ ဒါမှမဟုတ် သက်သက်ရိုင်းပျတာလား မသိ။ တကယ် တံမျက်လှည်း ကြမ်းတိုက်တဲ့ ဝန်ထမ်းတွေကိုယ်တိုင် ခုံတွေသယ်ထုတ်ရတာ ရှိတယ်။ လူနာစောင့်တွေ လူနာကုတင်ပေါ် မတက်နဲ့လို့ ခုပြော ခုပဲ လက်ခံပြီး ခဏနေကျတော့ ပြန်ပြီးကုတင်ပေါ် တက်ကြတာပါပဲ။ တချို့ဆို အပြင်ခဏထွက်ပေးပါဆိုတာတောင် မထွက်ချင်သယောင်နဲ့ လေးလေးဖင့်ဖင့်ထွက်တာကိုး။ သူတို့ဘက်ကနေ နေကြည့်တယ်။ တချို့ဆို ဆေးရုံမတက်ခင်က အပြင်မှာ ဌာနတစ်ခုရဲ့ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ နာယကတွေ ဖစ်ခင် ဖစ်နေမှာပေါ့။ (ရရစ် ရပင့် ဖြုတ်ထားတာ)။ ဒါမှမဟုတ် ကိုယ့်ကိုယ်ကို မသေတတ်တဲ့သူ မနာတတ်တဲ့သူလို့များ တွေးနေသလားမသိ။

ဇူလိုင်လ ၂ ရက်နေ့မှ ဆေးရုံကဆင်းတယ်။ ထိုးဆေးအစား စားဆေးပြောင်းတယ်။ ရှမ်းပြည်ကို အရမ်းပြန်ချင်နေတာနဲ့ ရှမ်းပြည် ပြန်ခဲ့တယ်။ စားဆေးကြောင့်လား။ ကိုယ်နေတာထိုင်တာ မှားလို့လား။ ရင်ဘတ်က တခါမှ မအောင့်ခဲ့ဖူးဘူး။ ခု ခဏခဏ အောင့်တယ်။ အသက်ရှုမဝတာ ခဏခဏ ဖြစ်တယ်။ အသက်အရွယ်ကြောင့်လား။ သူတို့ ပြောသလိုပဲ ခွဲစိပ်ရမလား။ ကိုယ့်ရဲ့ အကုသိုလ်ကံက အကျိုးပေးလာပြီ။ ငရဲက လာခဲ့လို့များ ပြာပူကိုမကြောက် တာလား။ ဆေးလိပ်သာ ပြတ်သွားတာ။ လူက အကုသိုလ်တွေဆို တန်းစီပြီးလုပ်ချင်နေတုန်းပါပဲ။ ဘယ်နေ့ ဘယ်အချိန်ဆိုတာကို စောင့်နေရသလို။ ကိုယ့်ကိုယ်ကိုလည်း မသနားမိပြန်ဘူး။ သိသိနဲ့ မိုက်တာလောက် လောကကြီးမှာ မိုက်တဲ့သူမရှိဘူးဆိုလားပဲ။ ပြောကြတယ်။ စိတ်ကူးပေါက်ရင် ဆက်ရေးပါဦးမယ်လေ။