JQY Blog

အမုန်းဒိုင်ယာရီ

DSC01534အမုန်းအကြောင်းရေးမယ်လို့ စဉ်းစားတော့ စာရေးဆရာမ ဂျူးရဲ့ အမုန်းကြောင့် ဖြစ်သော စစ်ပွဲများ ဆိုတဲ့ စာအုပ်ကို သွားသတိရတယ်။ အဲ့ထဲမှာ ကြောက်လို့၊ အော့နှလုံးနာလို့၊ အာဏာရှိ အာဏာမဲ့လို့၊ ချစ်မိလု့ိ၊ ကိုယ်ထဲက နှိုးဆော်လို့၊ ဖိနှိပ်ခံရလို့ စသဖြင့် စာရေးဆရာမက အမုန်းရဲ့ အရင်းခံတွေကို စစ်ချကြည့်သွားတယ်။ သူကတော့ ကမ္ဘာချီတာပေါ့လေ။ ဘာကြောင့် တစ်နိုင်ငံနှင့် တစ်နိုင်ငံ စစ်ဖြစ်ကြရသလဲပေါ့။ ကျွန်တော်ကတော့ အရင်ပိုစ့်ဖြစ်တဲ့ ပတ်ဝန်းကျင် ဆိုတာလေးနဲ့ အချိုးအစားမတည့်တာပါ။ အချစ်ကြောင့် လူတွေ ပျော်တယ်ဆိုရင် အမုန်းကြောင့် လူတွေ စိတ်ညစ်ကြရတယ်။ အဖြေထုတ်စရာ မလိုတဲ့ နိယာမပေါ့။ အမုန်းတကာ့ အမုန်းတွေထဲမှာ တော်တော်ကြောက်စရာ ကောင်းတဲ့ အမုန်းက လိုချင်ပြင်းပြ အမုန်းဆိုလား။ စာရေးဆရာမ ဂျူးက ပြောသေးတယ်။ ဘယ်လို မျိုးလဲ ဆိုတော့ ကိုယ်မုန်းတဲ့ အရာ ကိုယ်မုန်းတဲ့လူကို မုန်းပြချင်နေတာတဲ့။

ခုတလော အမုန်းဒဏ်ကို ကောင်းကောင်း ခံစားနေရလို့ပါ။ ဘာကြောင့်များ အမုန်းကို မွေးမြူချင်ကြတာလဲ မသိ။ ဘုရားဟောထဲမှာတော့ ကာမသုကံ ကျူးလွန်ထားတဲ့ သူဟာ အလိုလိုနေ အမုန်းခံရတယ်ဆိုပဲ။ ကံငါးပါးထဲမှာ တခြားကံထက် ဒီကံက လူမုန်းပိုများစေသတဲ့။ ဣဿာ၊ မစ္ဆရိယတွေကြောင့်လည်း ကိုယ့်ကို သူများမုန်းတာပဲ။ ဣဿာ ဖြစ်ရလောက်အောင် မစ္ဆရိယမွေးမြူရလောက်အောင်ကလည်း ကိုယ်က အသားလွတ်ကြီး ထောင်ထောင်နေတဲ့သူ မဟုတ်။ သူတပါးကြားမှာ ကုန်းတိုက် ဖူးရင်လည်း လူမုန်းများတာပဲ။ အင်း ကုန်းတိုက်တယ်ဆိုတာကိုတော့ ငါမလုပ်ခဲ့ဖူး။ အမှန်တရားတစ်ခုလို့ ငါယုံကြည်တဲ့ ကိစ္စကိုတော့ ပြောဖူးတယ်။ အမှန်တရားက အမှားတရား ဖြစ်နေရင်တော့ မပြောတတ်ဘူးပေါ့လေ။ အင်း ဒါတွေ ရေးရင်း ဖော်ဝေးရ့ဲ ဒိုင်ယာရီကို သတိရတယ်။ “ဇနီးတစ်ယောက်ကို ကျုပ်ရှာလာတာ ကြာပြီ။ ရှာရင်း ရှာရင်း ဖာသည်မတွေချည်း တွေ့နေခဲ့တယ်။ နောက်ဆုံးမှာ ငါမင့်ကို ကောက်ယူလိုက်တယ် ဖာသည်မလေးရဲ့။ အဲဒီတော့မှ ဇနီးဆိုတာ တွေ့ရတယ်..” ဆိုသလို ကိုယ်ကပဲ အဲဒီထက် ပွင့်လင်းပြရတော့မလား မသိဘူး။ ဒါက ကိုယ် အမုန်းခံရတဲ့ အကြောင်း ရေးကြည့်တာပါ။ ကိုယ့်စာမျက်နှာပြင်မှာ ရေးထားတာ ရှိတယ်လေ။ အဲဒါကတော့ ဇနေတိ သဒိသံ ပါကံ ဆိုသလိုပါပဲ။ ခုတလော တွေ့ရ မြင်ရ အဆင်ကို မပြေလို့ပါ။

ကိုယ်က အမုန်းခံရသလို ကိုယ်ကလည်း သူများကို မုန်းပါတယ်။ မှတ်မိသလောက် ပြောရရင် ကျွန်တော်ကိုယ်တိုင်ကလည်း မုန်းတဲ့သူ ရှိတယ်။ ကျွန်တော် ပထမ မုန်းဖူးတဲ့ သူက မိသားစုလိုက်ဖြစ်ပါတယ်။ သူတို့က ကျွန်တော့် မိဘနဲ့ အတူ ကျွန်တော်တို့ မိသားစုကို အမြဲ ဒုက္ခပေးခဲ့တယ်။ နောက်တော့ အမုန်းက ကိုယ်နဲ့ အသားကျလာတယ်။ ကိုယ်ကလည်း စကားတစ်ခွန်း အစွန်းမခံခဲ့ဖူးဘူး။ အကျခံလို့ မရဘူး။ အဲဒီထက် အသားလွတ်ကြီးပဲလို့ ကိုယ်က ယူဆတဲ့ စကားတွေကို လက်မခံဘူး။ ကိုယ်မှန်နေရဲ့သားန့ဲ နောက်ဆုတ်ရတ့ဲ အကြိမ်တွေ များလာတော့လည်း တန်ပြန်တိုက်ခိုက်ချင်လာတယ်။ ဒါနဲ့ မုန်းတယ်။ မုန်းခဲ့တယ်။ သင်တန်းတွေပေးတယ်။ ဘုရားဟောတဲ့ တရားတော်တွေနဲ့ သင်တန်းတွေ ပေးတယ်။ ဗြဟ္မစိုရ်တရားအကြောင်း လောဘ ဒေါသ မောဟ အကြောင်း။ ဒါပေမယ့် ဒေးကာလ်နက်ဂျီရ့ဲ စာအုပ်ရေးအပြီး သူ့ဇနီးနဲ့ ကွာရှင်းတာမျိုး မနှိုင်းစကောင်း ဘုရားလောင်းမှာ ဒေဝဒတ်လောင်းပါသလိုမျိုး တွေးမိတယ်။ ခက်တာက ဘုရားလောင်းစိတ်ထားရဲ့ အပုံတစ်ရာ တစ်ပုံလောက်တောင် မမွေးမြူနိုင်တာပဲ။
Olafur-Eliassons-art-inst-001
အမုန်းဆိုတာ သိပ်ပြီးတော့ လှတယ်လို့ မထင်ဘူး။ မွေးမြူထားရလောက်အောင်လည်း အကျိုးပေးက မကောင်းဘူး။ ထိုင်ကြည့်နေရလောက်အောင်လည်း စွဲမက်ဖွယ် ရှိမယ် မထင်ဘူး။ ရင်ထဲထည့်ထားရင်ကိုက အလိုလို ပူနေတာ။ သူ့အတ္တ ကိုယ့်အတ္တတွေနဲ့ သူ့မာန ကိုယ်မာနကို ကောင်းကောင်းလေး ပြုစုပျိုးထောင် ကြတာပေါ့လေ။ ဒီလိုနဲ့ ကျွန်တော်တို့ မုန်းကြတယ်။ မုန်းပြီးတော့ကို မုန်းကြတယ်။ အမုန်းတွေ မဆုံးနိုင်လောက်အောင်ကို မုန်းကြတယ်။ သူမုန်း ကိုယ်မုန်းနဲ့ မုန်းလို့ကို မဝနိုင်တဲ့ သံသရာမှာ ကိုယ်ပြုသည့်ကံ ပဲ့တင်သံ ဆိုသလိုပါပဲ။ အဲလိုအပြင် ဘယ်လိုတွေ ဖြေတွေးလို့ရသေးလဲ။ ငယ်ငယ်တုန်းကတော့ ဆရာတော်တွေ တရားဟောတာ ကြားဖူးတယ်။ ငါခံရသလို သူတို့ မခံရပါစေနဲ့ ဆိုလား။ အဲလောက်လည်း စိတ်ကောင်းက မမွေးနိုင်ဘူးဗျ။ ဆိုတော့ ဗြဟ္မစိုရ်တရားကို ဘယ်လို လေ့လာပြီး ဘယ်လို လိုက်နာမလဲ။ မေတ္တာကို ဘယ်သူ့ကို ဘယ်လို မေတ္တာထားရမလဲ။ ဂရုဏာက ဘယ်လို ဂရုဏာမျိုးလဲ။ မုဒိတာဆိုရင်ကော.. ဥပေက္ခာကကော ဘယ်သူ့ကို ဘယ်လို လစ်လျူရှုရမလဲ။