JQY Blog

ရှေ့သို့လှမ်းချီ

၂၀၁၅ ခုနှစ် ဒီဇင်ဘာလောက်တုန်းက ကယားပြည်နယ် ကန်ခုနှစ်ဆင့်ဘက်ကို ရောက်သွားတယ်။ ကယားပြည်နယ်ဘက်က ခင်တဲ့ ဖြူနှင်းဖွေးဆိုတဲ့ ကလေးမလေးက ခဏခဏ ပြောသကိုး။ လာခဲ့ပါ။ ကန်ခုနှစ်ဆင့်လိုက်ပို့မယ်။ ထီးပွင့်ကန်လိုက်ပို့မယ်။ ငွေတောင်ဆည်လိုက်ပို့မယ်။ နောင်ယားကန်လည်း လှတယ်။ လောပိတကိုလည်း ရောက်ဖူးသင့်တယ် အမြဲပြောသကိုး။ သူကတော့ဖြင့် တခါပဲ ပို့ဖူးတယ်။ ၂၀၁၂ လောက်က ထင်ပါရဲ့။ ဂလိုနဲ့ တိုက်တိုက်ဆိုင်ဆိုင် GSMI က သင်တန်းသားဟောင်းတွေ့ဆုံပွဲကို အိပ်မက်ဆုံရာက အဆိုတော် တယောက်ထွက်ပေါ်ခဲ့တဲ့ ဆိုဘောသဲရွာကလေးမှာ လုပ်ဖြစ်တော့ ကယားပြည်နယ်ကို ရောက်ဖြစ်ခဲ့ရင်း ရောက်လက်စနဲ့ Exposure လုပ်တော့ ကန်ခုနှစ်ဆင့်ကို ရောက်ခဲ့ရော။ လူတိုင်းလိုလိုပဲ အမှတ်တရ ဓာတ်ပုံရိုက်ကြတဲ့အချိန် ကျနော်က ကမ်းစပ်က အမှိုက်တွေကို တခုတ်တရကြီး ဓာတ်ပုံရိုက်လိုက်ရော။ ဆရာမ အိုင်ရင်းက မေးတယ်။ “ဦးဂျေ ဘာတွေ စိတ်ဝင်စားနေတုန်း”။

“ဘီယာဗူးခွံရယ်၊ မုန့်ထည့်တဲ့ ပလပ်စတစ်အချို့ရယ်နဲ့ တခြားအမှိုက်တချို့ရယ်ကို စိတ်ဝင်စားနေတာ”

ဆိုတော့ ဆရာမက လူတွေရောက်တာနဲ့ အဲဒါတွေက ရောက်တော့တာပဲ ဦးဂျေရေ၊ တားဖို့ တော်တော်လေး ခက်တဲ့ကိစ္စပါ။ ကျနော်ကတော့ ကလျာဏမိတ္တက ဆရာဘိုဘိုနဲ့ မျိုးမြတ်ကို ပြေးမြင်လိုက်တယ်။ သူတို့က လွိုင်ကော်သားတွေ။ ရန်ကုန်မှာနေပြီး တနိုင်ငံလုံး စိမ်းလန်းစိုပြေဖို့ကနေ တနိုင်ငံလုံးငြိမ်းချမ်းဖို့အထိ ကြိုးစား ပမ်းစား လုပ်နေကြတာ။ ဘာကြောင့် သူတို့ကို သတိရလည်းဆိုတော့ သူတို့လွိုင်ကော်မှာ ပွဲတပွဲရှိတယ်။ ဘာပွဲလဲတော့ မမှတ်မိတော့ဘူး။ ရက်ကလည်း နည်းနည်းကြာပုံရတယ်။ အဲဒီပွဲပြီးတာနဲ့ သူတို့ အမှိုက် ကောက်ပါသတဲ့။ နှစ်နှစ် သုံးနှစ်လောက်ကြာလာတော့ အမှိုက်က ဒီတိုင်းဟာ ဒီတိုင်းပဲ။ ဆိုတော့ ငါတို့ အမှိုက်ကောက်နေမယ့်အစား အမှိုက်မပစ်ဖို့ လှုံ့ဆော်ကြစို့ဆိုပြီး ပြန်ပြောင်းခဲ့ပါတယ်တဲ့။ အဲ ကယားပြည်နယ်ကလည်း လွိုင်ကော်မဟုတ်။ လွိုင်ကော်ကလည်း ကယားပြည်နယ်တခုလုံးကြီးမဟုတ် အသိပေးတယ်ဆိုကြပြန်တော့လည်း လူ ဘယ်နှစ်ယောက် အသိပေးဖြစ်မတုန်းလေ။ ပြီးတော့ ကန်ခုနှစ်ဆင့်တို့ ဆိုတာက လူတကာလာတာကိုး။

၂၀၁၆ ခုနှစ် ပါယ်ကင်းရွာမှာ သင်တန်းသွားပေးပြီးတော့ အဲဒီရွာနဲ့ သိပ်မဝေးလှတဲ့ ကျောက္ကူတိဆိုတဲ့ ရွာလေးမှာ အရမ်းလှတဲ့ ရေတံခွန်ရှိတယ်ဆိုတာနဲ့ သွားလည်ဖြစ်ခဲ့ပါတယ်။ ရေတံခွန်တွေ ပေါလှတဲ့ ရွာငံမြို့နယ်ထဲက တော်တော်လေးလှတဲ့ ရေတံခွန်တခုပေါ့။ ဆိုင်ကယ်နဲ့သွားရပေမယ့် ဆိုင်ကယ်နဲ့တောင် သွားလို့ မဖြစ်လို့ မိနစ် ၃၀ လောက်ခြေလျင်လျှောက်ရလောက်အောင် ကတ်သီးကတ်သပ်သွားခဲ့ရတဲ့ အရမ်းလှတဲ့ ရေတံခွန်မှာ ကြိုဆိုနေတာကတော့ အမှိုက်ပုံကြီးပါပဲ။ မီးဖိုတွေ ဟိုနားတစ၊ ဒီနားတစ၊ ဖော့ဗူးတွေ၊ အရက်ပုလင်းတွေ၊ ဘီယာဗူးခွံတွေ၊ အသင့်စားမုန့်ထုတ် အခွံတွေ၊ ကြွပ်ကြွပ်အိပ်တွေ။ အမလေး တ,ရလောက်အောင် များမှများ။

တခြားနေရာတွေ အမှိုက်များနေတာမျိုး မပြောချင်ပါဘူး။ ဥပမာ ကျောက်ဆည်တက္ကသိုလ်ကအထွက် တောမရွာကနေ ကျောက်ဆည်မြို့အထိ လမ်းဘေးကြည့်လိုက် ကြွပ်ကြွပ်အိပ် ကမ္ဘာကြီးကို တွေ့ရတာ။ ဘူတာကြီးတွေနားမှာ ယင်တလောင်းလောင်းနဲ့ အမှိုက်ပုံကြီးတွေ့ရတာ။ စျေးနား ကန်နား ဒါတွေ သိပ်မဆန်းပါဘူး။ နောက်ထပ် မဆန်းတော့တဲ့နေရာကလည်း များလာပြီ။ လူတွေ အပန်းဖြေတဲ့နေရာ တချို့ ပိုက်ဆံကောက်နေတဲ့ နေရာမှာတောင် ရှိတယ်။ အမှိုက်ဆိုတာ လူတိုင်း လွယ်လွယ်ပစ်ချနိုင်တဲ့ အရာပဲ။ ဘာခက်တာမှတ်လို့။ အခွန်ကောက်ခံနှုန်း တတိယအဆင့်မှာ ရှိတဲ့ မြန်မာနိုင်ငံက အမှိုက်ကို စည်ပင်သာယာကားထဲ ထည့်ရင်သာ ပိုက်ဆံပေးရတာ။ လမ်းဘေးသွားပစ်လိုက်ရင် ဘယ်သူမှ ပိုက်ဆံမတောင်းဘူးလေ။

တနေ့က ကျောင်းက သုံးနေတဲ့ တီဗွီကြီးပျက်သွားတယ်။ ဟိုးအရင်က CRT တီဗွီကြီး။ အလယ်မှာ အလင်းတန်းကြီးတခုပေါ်ပေါ်နေပြီး နောက်ဆုံး Terminator ဇာတ်ကားထဲက စက်ရုပ်ကြီးလို ဖျူ့စ်ဆို အလင်းတန်းလေးပျောက်ပြီး မည်းသွားတယ်။ ပြင်ရင် ဘယ်လောက်လဲ မေးတော့ ၇၀၀၀၀ိ (ခုနှစ်သောင်း) လောက် အနည်းဆုံးကျမယ်။ အရင်လိုလည်း ပြန်မကောင်းနိုင်ဘူးတဲ့။ နောက်တချက်က အဲလိုပြင်လည်း ခဏပဲခံတယ်တဲ့။ ကဲဒါဆို အဲဒါကြီးကို ပစ်လိုက်ကြစို့ဆိုပြီး ဇာတ်ကားကြည့်တာ ဝါသနာပါတဲ့ ကိုယ်က မနေနိုင်လို့ LED ဆိုတာကြီး ဝယ်လိုက်တယ်။ ကဲ CRT ကြီးကို လွှင့်ပစ်ဖို့ စဉ်းစားရပါလေရော။ နီးနီးနားနား ဟိုပုံးမြို့ကို လှမ်းကြည့်လိုက်တယ်။ အိမ်တိုင်းနီးပါး တခါက CRT ကြီးသုံးခဲ့ပေမယ့် ခုတော့ တီဗွီက ပြားပြားလေးတွေချည်း ဖြစ်ကုန်ပြီ။ နောက်တခုက ဖုန်း။ ကိုယ်ကတော့ ဖုန်းသုံးနိုင်တာ မကြာသေးပါဘူး။ ဒါပေမယ့် ကိုယ်သုံးနိုင်တဲ့အနေအထားကိုရောက်တဲ့အခါမှာတော့ ဖုန်းတွေက Smart phone ဆိုလေပါတဲ့ ဖုန်းတွေ။ ပထမဆုံးတလုံးက ဟန်းဟန်းနေလို့ ဆင်းကဒ်လေးဖြုတ်ပြီး တခြား ကီးပက်လေးထဲ ထည့်ထားချိန် အခိုးခံလိုက်ရတယ်။ ဒုတိယဖုန်းက နောက်ထပ် ခုကိုင်နေတဲ့ဖုန်းကို လာလှူတော့ ရောင်းထုတ်လိုက်ရတယ်။ အခုဖုန်းက ခဏခဏ Unfortunately ဖြစ်ပေမယ့် သုံးလို့ ရနေသေးတော့ သုံးဖြစ်နေတယ်။ လေးနှစ်လား ငါးနှစ်လား မသိဘူး။ အဲအတောအတွင်း ဖုန်း သုံးလုံးသုံးဖြစ်တယ်။ တချို့ဆို ဖုန်းတွေ သိပ်သုံးကြ သိပ်ဝယ်ကြတာပဲ။ တခြားတယောက်ကို ပေးပစ်လိုက်ရင်တော့ တမျိုး။ တချို့ကတော့ အေးဆေးလွှင့်ပစ်လိုက်ကြတယ်။ အေးဆေးပဲ။ ဘယ်သူက ဘာဆိုးကျိုးတွေ ပြောပြီး တားကြမှာမို့လို့လဲလေ။

ကဲ ဒီနေရာလေးကနေ အခြားဆောင်းပါးကို ဆက်ပြီးဖတ်ကြည့်ရအောင်  စွမ်းရည်

မနေ့ညကတော့ စက်ရုံထဲက ရဲနိုင်ဝင်းဆိုတဲ့ တယောက်နဲ့ စကားပြောြဖစ်တယ်။ ဆိုတော့ သူက ဆိုင်ကယ်ပြင်တာ ဝါသနာပါပုံရတယ်။ ပြင်လည်း ပြင်ခဲ့တယ် ထင်ပါတယ်။ ဟိုးအရင်တုန်းက လူတွေဟာ ဆိုင်ကယ်ဒူးကာကလေး ပွန်းသွားမှာ ပဲ့သွားမှာ အရမ်းစိုးရိမ်တယ်။ ပွန်းသွားပဲ့သွား မတော်လို့ ကျိုးသွားရင်လည်း ရအောင်ပြန်ပြင်စီးကြတယ်။ ၂၀၀၆ နောက်ပိုင်းတော့ လူတွေဟာ နည်းနည်း ပြောင်းလာတယ်။ ပြင်မလား အသစ်ဝယ်မလား။ ဘာလို့ဆို ပြင်ရင် ၅၀၀၀ ကုန်မယ်။ အသစ်က ၁၅၀၀၀ ရှိတယ် ဆိုတဲ့ အနေအထား ရောက်လာတယ်။ ၂၀၁၂ နောက်ပိုင်းကျတော့ ဒူးကာလောက်လေးနဲ့တော့ ထည့်တွက် မနေနဲ့ လဲကျသွားလို့ ဒူးကာကွဲလည်း အသစ်ဝယ်ထည့်လိုက်မယ် အသစ်တောင်မှ စျေးက ပေါတယ်။ အဲလိုဖြစ်လာတယ်။ အဲလို လူတွေ အသစ်ဝယ်လှဲကြအောင်လည်း ဒူးကာကို ပါးပါးလေးထုတ်လာတယ်။ ကျိုးလွယ် ကြေလွယ်တဲ့ ပလပ်စတစ်ကို သုံးလာတယ်။ Recycle ပြန်လုပ်လို့ မရဘူး။ ဆိုင်ကယ်ပြင်ဆိုင်တွေမှာ သွားကြည့်လိုက်။ ဒူးကာတွေ တောင်ပုံယာပုံ ဘာလုပ်ရမှန်းလည်း မသိဘူး။ ပစ်ရမလား ထားထားရင် ဘာလုပ်လို့ ရလဲ မသိတော့ဘူးတဲ့။

ဒီနေ့တော့ ကျောင်းမှာ ဆောက်လက်စ မပြီးနိုင်တဲ့ ကလေးကလား စကြည့်တိုက်ကလေးကို ပြတင်းပေါက် လာတပ်ပေးတဲ့ တကာတယောက်က သူ့ရဲ့ ရွေဖော်အတိုကို ပြတင်းရင်စေ့ဖော်ဖို့ ဖျက်လိုက်တယ်။ သူက ပြောတယ်။ ဒါသုံးလာတာ သူ့သား တသက်ပဲတဲ့။ သူ့သားဆိုသူတောင် ကလေးလေးရနေပြီ၊ အဲကလေးတောင် ပထမတန်းကျောင်းသူ ကလေးဖြစ်နေပြီ။ စနစ်တကျသုံးတာလေ။ ကိုယ်တိုင် ကောင်းအောင် လုပ်ထားတယ်။ သေချာသိမ်းတယ်။ သုံးရင် စည်းနဲ့ ကမ်းနဲ့ သုံးတယ်။ အခုဒီလို ဖြစ်တာတောင် သူချည်းကိုင်နေရင် မပျက်ဘူး။ ကိုယ်က မလုပ်နိုင်တော့တာနဲ့ သူများကို ငှါးလိုက်လို့ ဖြစ်သွားတာတဲ့။

အမှိုက်နဲ့ ပတ်သက်တဲ့ ပိုစ့်ကလေး တခုလောက်ရေးလို့ ပြောပြီး မရေးဖြစ်လို့ ရေးလိုက်တာကလွှဲလို့ ဘာမှမဟုတ်ပါဘူးခင်ဗျာ။