JQY Blog

Forum Theater

ခပ်တည်တည်ပဲ။ ရေးကြည့်ဦးမယ်။ သူတို့ပြောကြတာကတော့ ဒီ ပြဇာတ်ပုံစံမျိုးက မြန်မာနိုင်ငံနဲ့ အများကြီး မသင့်လျော်သေးဘူး ဆိုပဲ။ ဟုတ်မှာပါလေ။ ကျွန်တော် ကြည့်ဖူးတဲ့ အနေအထားမှာတုန်းက စင်ပေါ်တက်ချင်နေတဲ့ ကိုယ်မိုက်ခဲတွေတောင် ငြိမ်နေရတာဆိုတော့။ ဒါပေမယ့် သုံးမယ့်သူများ ရှိရင် သုံးရအောင်လို့ သို့တည်းမဟုတ် ကျွန်တော် မှတ်မိချင်လို့ ရေးကြည့်မယ်လေ။ ကျွန်တော် ကြည့်လိုက်ရတဲ့ ပုံစံကို အရင်ရေးပြမယ်။

မြန်မာဇာတ်လမ်းတွေအတိုင်းပါပဲ။ မြန်မာဇာတ်လမ်းတွေမှ ထူးထူးခြားခြား သရုပ်မဆောင်ပြတော့ ကြည့်တဲ့သူတွေလည်း ထူးထူးခြားခြား မရဘူးပေါ့ဗျာ။ ဆို
တော့ စပါပြီ။ ဇာတ်လမ်းအစမှာ . . .

ချောင်းတဟွတ်ဟွတ်ဆိုးနေတဲ့ အမေအိုတယောက်ကို သားက နှုတ်ဆက်စကားပြောတယ်။
“အမေ သားအလုပ်သွားတော့မယ်”
သားက ကျောပိုးအိတ်လေးကိုင်ပြီး ထွက်သွားတော့မယ့်ဟန်နဲ့ ပြောတာ။
“အင်း အဟွတ် အဟွတ်၊ သားဂရုစိုက်သွားနော် သား၊ အလုပ်လည်း ကြိုးစား၊ သူဌေးမငြိုင်ငြင်အောင်လည်းနေ အရင်လကလို မဖြစ်စေနဲ့”
“အေးပါ အမေရ၊ သားသည်းခံပါတယ်”
တခုခု ဖြစ်နေတဲ့ပုံစံကို ပြောနေပုံက ဒိုင်ယာလောခ့်မှာတင် ကြွေလောက်တယ်။ ဒီလိုနဲ့ အလုပ်ရောက်သွားရော။ သူဌေးနဲ့တွေ့တာပေါ့။ ကွန်ပျူတာကိုင်လို့။ ကျွန်တော်တွေ့ဖူးတဲ့ သူဌေးတွေတော့ ဖုန်းတောင် မကိုင်ဘူး။ ထားပါ။ သူဌေးသဏ္ဍာန်လုပ်တော့ သရုပ်တူရတာပေါ့ညယ်။ အလုပ်လုပ်ရင်း အချိန်ပြည့်သွားတယ်။
“ညနေ ၅ နာရီတောင် ထိုးပါပေါ့၊ ပြန်လိုက်ဦးမှ” အတွေးထဲ ပြောတယ်။ ပြန်ခါနီး သူဌေးရောက်လာတယ်။
“မင်း အလုပ်တွေလည်း မပြီးပါလား၊ အမြဲတန်း တိုးလိုးတန်းလန်း ကျန်နေတော့တာပဲ၊ အလုပ်ကို ပြီးအောင် ဆက်လုပ်”
“အိမ်ပြန်ချိန်ရောက်နေပြီ သူဌေး၊ ပြီးတော့ အိမ်မှာက အမေတယောက်တည်း”
“မင်းကို အိမ်ပြန်ချိန်ရောက်ပြီလားလို့ မေးနေတာ မဟုတ်ဘူး၊ မင်းအိမ်မှာ ဘယ်သူရှိလဲလို့ မေးနေတာလည်း မဟုတ်ဘူး၊ ငါပြောနေတာက အလုပ်ကို ပြီးအောင် ဆက်လုပ်လို့ ပြောနေတာ”
“ကျွန်တော် ပြန်မှ ဖြစ်မှာမို့ပါ သူဌေး”
“မင်းတို့ အလုပ်သမားတွေ ပြောလိုက်ရင် ဆင်ခြေတွေချည်းပဲ၊ အလုပ်ကို ပြီးအောင်ဆက်လုပ်လိုက်တော့ ပြီးမှပြန်”
အလုပ်သမားလေးက ညည်းရင်း ညူရင်း အလုပ်ကို ဆက်လုပ်သွားတယ်။ “ကိုးနာရီတောင် ထိုးပြီ ပြန်ဦးမှ” ဆိုပြီး တခန်းရပ်သွားတယ်။

နောက်နေ့ လစာထုတ်တယ်။
“ရော့ မင်းအတွက် လစာ၊ ဒီမှာ လက်မှတ်ထိုး”
အလုပ်သမားက ပိုက်ဆံကို နှစ်ခါပြန်တွက်ရင်း သူဌေးမျက်နှာကို ကြည့်တယ်။
“လက်မှတ်ထိုးလေ၊ ဘာလုပ်နေတာလဲ”
သူဌေးက စိတ်မရှည်တော့တဲ့ အသံနဲ့ ပြောတယ်။ အလုပ်သမားက မရဲတရဲ မေးတယ်။
“ကျွန်တော် ဟို အချိန်ပိုကြေးကော သူဌေး”
“မင်းက အလုပ်ကို အလုပ်ချိန်တွင်း ပြီးအောင် မလုပ်ဘဲ အချိန်ပိုကြေးရချင်တာနဲ့ အလုပ်ကို အမြဲတမ်း အချိန်ဆွဲ လုပ်နေခဲ့တာ၊ မင်းလုပ်ခဲ့တဲ့ အလုပ်တွေ အားလုံးကို ငါသေချာပြန်စစ်ပြီးပြီ၊ အလုပ်ချိန်အတွင်း နှစ်ခါပြန်တောင် ပြီးနိုင်တဲ့ အလုပ်တွေကို မင်းအချိန်ဆွဲ လုပ်ခဲ့တာ၊ ဒီတော့ မင်းအလုပ်နဲ့ ကိုက်ညီတဲ့ လစာကိုပဲ ထုတ်သွားပါ၊ တကယ့်လိုအပ်တဲ့ အချိန်မျိုးကျရင် မင်းအချိန်ပိုကြေးရမယ်”
သူဌေးအသံက နည်းနည်းတော့ မာလာပြီ။ အလုပ်သမားကလည်း အထွန့်တက်တယ်။
“ကျွန်တော်လည်း အချိန်ပို ဘယ်ဆင်းချင်ပါ့မလဲ သူဌေးရယ်၊ ကျွန်တော့်မှာက ကျန်းမာရေး မကောင်းတဲ့ အမေ့ကို စောင့်ရှောက်နေရသေးတယ်။ ဖြစ်နိုင်ရင် အလုပ်ကို အဲဒီထက် စောအောင် လုပ်ချင်ခဲ့တာပါ၊ ဒါပေမယ့် သူဌေးခိုင်းတဲ့ အလုပ်တွေက ကျွန်တော် အချိန်ပိုဆင်းပြီး လုပ်ခဲ့တာတောင် မပြီးနိုင်ဘူး ဖြစ်နေတယ်။ ပြီးတော့ ကျွန်တော် အချိန်ပိုကို တစ်နာရီ နှစ်နာရီ ဆင်းခဲ့တာ မဟုတ်ဘူး။ တညကို လေးနာရီလောက်ကို ဆင်းခဲ့တာ”
“တညကို အချိန် လေးနာရီ ပိုဆင်းခဲ့ပေမယ့် မင်းအလုပ်တွေ ပြီးခဲ့လို့လား”
“ဒါပေမယ့် ကျွန်တော် အလုပ်ကို ကြိုးစားလုပ်ခဲ့တာပဲ သူဌေး၊ အဲအတွက် အချိန်ပိုကြေးတော့ ရသင့်တာပေါ့”
“ဆိုတော့ မင်းက ဘာလုပ်ချင်လဲ”
“ကျွန်တော် အချိန်ပိုကြေးလိုချင်တယ်”
“မင်း ရှေ့လ အလုပ် ဆက်လုပ်ချင်ရင်တော့ လက်ရှိ လစာနဲ့ လက်မှတ်ထိုးပြီး အေးဆေးပြန်ပါ၊ အချိန်ပိုကြေးလိုချင်ရင်တော့ မင်းအလုပ်ကို တခြားလူ လွှဲခဲ့လိုက်ပါတော့၊ ငါပြောချင်တာတော့ ဒါပဲ”
ထိုအချိန် သူဌေး ဖုန်းလာသည်။ သူဌေး ဖုန်းပြောသည်။ အလုပ်သမားက စောင့်နေသည်။ သူဌေး ဖုန်းပြောပြီးတော့ အလုပ်သမားကို ကြည့်သည်။
“မင်း မပြန်သေးဘူးလား”
“ကျွန်တော့် အချိန်ပိုကြေးလိုချင်တယ်”
“မင်းကို ငါစကားကုန် ပြောပြီးပြီ ထင်တယ်၊ နောက်လ အလုပ်ဆက်လုပ်ချင်ရင် ဒီလစာအတွက် လက်မှတ်ထိုးသွား၊ အချိန်ပိုကြေးလိုချင်တယ်ဆိုရင်တော့ ထုတ်ပေးမယ်၊ ဒါပေမယ့် ဒါက အလုပ်နားခွင့်ပါ တပါတည်း ပါသွားမယ်”

တခန်းရပ်…

လူတယောက် ဝင်လာတယ်။ သူ့ကို ဂျိုကာ လို့ခေါ်တယ်။ ဂျိုကာက ဝင်မေးတယ်။
“ဒီဇာတ်ကွက်အပေါ် ဘယ်လိုများ ထင်မြင်ပါသလဲ ခင်ဗျာ”
ပွဲကြည့် ပရိသတ်က တယောက်တပေါက် ထပြောကြတယ်။ ပရိသတ်ထဲ တယောက်က
“ဒါက မတရားမှု တခု ဖြစ်တယ်၊ လက်ပိုက်ကြည့်နေလို့ မရတဲ့ ကိစ္စ ဖြစ်တယ်၊ အလုပ်သမား ခေါ်တုန်းက ကိစ္စတွေကိုပါ ပြန်ပြောရမယ်”
အဲလို ပြောတော့ ပြောတဲ့ ပရိသတ်ကို ဂျိုကာက ဆွဲထုတ်တယ်။
“ဟုတ်ပြီ၊ တကယ်လို့ ငါ့ညီသာ တကယ့် အလုပ်သမားနေရာမှာဆိုရင် ဘယ်လိုလုပ်မလဲ”
“စာချုပ်ချုပ်တုန်းက ဘယ်လို ချုပ်ခဲ့တာလဲ ဆိုပြီး ပြန်စစ်ရမှာပေါ့”
ပရိသတ်တယောက်က ဖြေတယ်။  ဂျိုကာက
“ဟုတ်ပြီ ငါ့ညီ အလုပ်သမား နေရာကနေ သွားပြောကြည့်ပါ”
ဆိုပြီး အဲဒီ ညီငယ် ပရိသတ်ကို အလုပ်သမားနေရာ ဝင်ပြီး သရုပ်ဆောင်ခိုင်းတယ်။ အဲဒီညီငယ်ကလည်း ဝင်သရုပ်ဆောင်တယ်။
(အပေါ်ကအတိုင်း ပြောစေ)
ပြောရင်း အချိန်ပိုကြေး မရသောအခါ…
“ကျွန်တော့်နဲ့ သူဌေး အလုပ်လုပ်ခွင့် စာချုပ်ချုပ်တုန်းက အချိန်ပိုဆင်းရရင် အချိန်ပိုကြေးပေးမယ်လို့ စာချုပ်ချုပ်ခဲ့တယ် မဟုတ်လား”
“စာချုပ်က စာချုပ်လေ၊ မင်းတို့ အလုပ်ကို ကောင်းကောင်းမလုပ်တော့ စာချုပ်က အသက်မဝင်နိုင်တော့ဘူးပေါ့”
“စာချုပ်အရ ကျွန်တော် အချိန်ပို ဆင်းရရင် အချိန်ပိုကြေး ရပိုင်ခွင့် ကျွန်တော့်ဆီမှာ ရှိတယ်”
“ဒါပေမယ့် မင်းက အလုပ်ချိန်မှာ အလုပ်ကို ပြီးအောင် မလုပ်ဘဲ အချိန်ပိုကြေးရချင်တာနဲ့ အလုပ်ကို အချိန်ဆွဲလုပ်ခဲ့တာကိုကော ငါဘာပြောရမလဲ”
(စသဖြင့် ဆက်ငြင်းစေ)

ကဲ ဒီနေရာလေးကနေ အခြားဆောင်းပါးကို ဆက်ပြီးဖတ်ကြည့်ရအောင်  မိကောင်း ဖခင် သားသမီး

အဲဒီအချိန် ဂျိုကာ ဝင်လာတယ်။ ဆက်လက် သရုပ်ဆောင်ခွင့် အချိန် ဆယ်စက္ကန့် ရမယ်လို့ ကြေငြာတယ်။ ပြီးရင် နာရီကြည့်တယ်။ သူဌေးနဲ့ အလုပ်သမား ဆက်ငြင်းနေရင်း အချိန် ဆယ်စက္ကန့် ပြည့်သွားပြီ ဖြစ်ကြောင်း ပြောတယ်။ အလုပ်သမားနေရာ သရုပ်ဆောင်တဲ့သူ ပွဲကနေ ထွက်တယ်။ ဂျိုကာက အခု ဘယ်လို မြင်လဲဆိုပြီး ထင်မြင်ချက်တွေ မေးတယ်။ ပရိသတ်တချို့က သူဌေးနေရာ သရုပ်ဆောင်ခွင့် တောင်းတယ်။ ဂျိုကာက အလုပ်သမားနေရာပဲ သရုပ်ဆောင်ခွင့်ရှိကြောင်း ပြောတယ်။ ပြဇာတ်ခန်းမ တခုလုံး တိတ်ဆိတ်နေတယ်။ ဝင်သရုပ်ဆောင်ရမှာ ကြောက်တာရယ်နဲ့ ဘယ်လို ဆက်သရုပ်ဆောင်ရမှန်း မသိတာရယ်ကြောင့် ငြိမ်သက်ကုန်တယ်။ ဂျိုကာကတော့ ဆက်ဖွနေတုန်းပဲ။ ပရိသတ်တယောက် ထွက်လာတယ်။ သူ သရုပ်ဆောင်မယ်တဲ့။ အလုပ်သမားနေရာ ဝင်သရုပ်ဆောင်တယ်။
(အပေါ်ကအတိုင်း ပြောစေ)

အဲဒီသရုပ်ဆောင်ရာမှာ အလုပ်သမားက
“ဒါဆို သူဌေးအနေနဲ့ ကျွန်တော်အနေနဲ့ အချိန်ပို ဆင်းခဲ့ကြောင်း ဒါပေမယ့် သူဌေးအနေနဲ့ အချိန်ပိုကြေး မပေးနိုင်ကြောင်း လက်မှတ်ထိုးပေး”
သူဌေးက နည်းနည်းကြောင်သွားတယ်။
“ဒါမှ မဟုတ်လည်း ကျွန်တော် ဖုန်းနဲ့ မှတ်တမ်းတင်ထားလိုက်မယ်လေ၊ သူဌေး ခုနက စကားပဲ ပြောပါ”
သူဌေး တိတ်သွားတယ်။ ဂျိုကာ ဝင်လာတယ်။
“ပြဇာတ်ကို ဒီမှာတင် ရပ်ပါပြီခင်ဗျာ”
လက်ခုပ်သံတွေ ညံသွားတယ်။
“အခုပြသွားတဲ့ တခန်းရပ်က မပြီးသေးပါဘူး၊ ဒါဟာ မနက်ဖန်အတွက် ဒီနေ့ကတည်းက ကြိုတင်ပြင်ဆင်လိုက်တဲ့ အနေအထားလေး ဖြစ်ပါတယ်ခင်ဗျာ”
လက်ခုပ်သံတွေ ထပ်ညံသွားပြန်တယ်။ (ဒါတော့ ဖြည့်ရေးရတာပညယ်)

ကပြသွားတာနဲ့ ပတ်သက်ပြီး ကျွန်တော်က ပြဇာတ်ကတဲ့ ခေါင်းဆောင်ကို ခေါ်မေးတယ်။ ဘယ်လိုလုပ်ရတာလဲ။ ဘယ်လို ကရတာလဲ စသဖြင့်ပေါ့။
“၁။ ပြဇာတ်ဟာ လက်ရှိ ဖြစ်ပျက်နေတဲ့ အခက်အခဲ ဖြစ်ရမယ်
၂။ အပြင်က ဝင်သရုပ်ဆောင်မယ့် နေရာက အခက်အခဲ ကြုံနေတဲ့သူ နေရာက ဖြစ်ရမယ်
၃။ အချိန်ညှိဖို့ရယ် နောက်ထပ်ရောက်လာမယ့် သရုပ်ဆောင်ကို ခေါ်ဖို့ရယ်အတွက် ဂျိုကာ တယောက် ရှိနေရမယ်
၄။ ပြဇာတ်ဟာ ဘယ်တော့မှ မပြီးဘူး
၅။ ပြဇာတ်ကမယ့် နေရာဟာ ပရိသတ်နဲ့ တပြေးတည်း ကြမ်းပေါ်မှာ ဖြစ်ရမယ်
၆။ ဂျိုကာ အမြဲတမ်း ပါနေရမယ်၊ သူက ပံ့ပိုးနိုင်စွမ်းရည်လည်း ကောင်းကောင်း ရှိရမယ်
ဒါတွေတော့ လိုအပ်ပါတယ် အဓိက ရည်ရွယ်ချက်ကတော့ ခဏတာအတွင်းမှာ ပညာပေးတာပါပဲ၊ ပေးလိုက်တဲ့ ပညာကလည်း လူတယောက် ဒါမှ မဟုတ် လူတစ်စုကို ပြောင်းလဲဖို့ ကြိုးစားတဲ့ အပိုင်းပါပဲ”

ဒါတွေက မှော်ဘီမြို့ သုဒ္ဓဝိပဿနာ ကျောင်းမှာ လုပ်ဖြစ်တဲ့ သင်တန်းတခုကနေရတဲ့ Forum Theater ဖြစ်ပါတယ်ခင်ဗျား။ မူလ ဇာစ်မြစ်ကတော့ အနောက် ဥရောပက ဖြစ်ပါတယ်။ သယ်လာတဲ့သူက ဂျာမဏီက ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ဂီတမိတ်က ဒီသင်တန်းကို လိုက်ပေးပါတယ်။ အဲ ကျွန်တော်ကတော့ ကလျာဏမိတ္တဖောင်ဒေးရှင်းကနေ ရခဲ့ပါတယ်။ ရတာဆိုတာကလည်း ကြည့်ဖူးတာပါပဲ။ ယူချင်လည်း ယူတော်မူ။ မေးချင်လည်း မေးတော်မူ။ ကျန်နေရင် လိုနေရင်လည်း ဖြည့်တော်မူ။ ပြီးတော့ကာ တချို့ ကျွန်တော် ဖြည့်စွက်ချက်တွေကို နားလည်ပေးတော်မူ။