JQY Blog

ပတိရူပဒေသဝါသောစ

ဆယ်လ်မွန်းတော့မဟုတ်ပါဘူး၊ ဆန်နိုင်သလောက်တော့ ဆန်ကြည့်တယ်။ ကိုယ်က ရေမြွေပါ။ မြွေဆိုရင် လူတွေ ကြောက်ကြတယ်မဟုတ်လား။ ဆန်တက်တဲ့အခါ ရေအောက်ကနေလည်း မဆန်တတ်ဘူး။ ရေပေါ်ကနေ ကားယားကားယား ကူးတက်တော့တာပဲ။ ဘာကြောင့်ဆန်တက်နေသလဲဆိုရင် ရေနောက်ပါသွားမှာ ကြောက်လို့။ ရေအောက်မှာ ဘာရှိလဲ မသိဘူး။ ဆက်စုန်သွားရင် ပိုကြောက်စရာ ကောင်းနေမလားလို့။ ဒီလိုနဲ့ ခက်တာက ဒီမြွေကို လူတွေက ကြောက်တာပဲ။ ရေမြွေဆိုလည်း မရဘူး။ ခဲနဲ့ထုတာ။ ရှိတဲ့တုတ်နဲ့ လှမ်းပစ်တာ လုပ်တယ်?

ခက်တာက ဘုရားဟောမှာ ပတိရူပဒေသဝါသောစ ပါပဲ။ မိမိအတွက် ကြီးပွားတိုးတက်ရာ အရပ်သည် သင်လျော်တဲ့ အရပ်တဲ့။ သင့်လျော်တဲ့အရပ်က ဘယ်နားမှန်း မသိလို့ ဆန်တက်ခါမှ ဒုက္ခကိုရောက်ပါရော။ ကိုယ်က ပတ်ဝန်းကျင်ကောင်း ဘယ်မှာရှိမယ်ဆိုတာ မရှာတတ်။ ကိုယ့်ကို ကျန်းမာရေးနဲ့ ပတ်သက်ပြီး စောင့်ရှောက်ပေးနိုင်မယ့်နေရာ မရှာတတ်။ စီးပွားရေး လူမှုရေး ဘာသာရေးကောင်းမယ့်နေရာလည်း မရှာတတ်တော့ ခက်တယ်။ စာသင်ရင် ပြောဦးမှာ တကယ်တမ်း ကိုယ့်အတွက် သင့်လျှော်တဲ့အရပ်ဆိုတာက ကိုယ်ရောက်နေတဲ့အရပ်ကို သင့်တင့်လျှေက်ပတ်တဲ့အရပ် ဖြစ်အောင် လုပ်ရမှာတို့ ဘာတို့။ ဗီလုံးငှက်တွေ ဘာတွေ ဥပမာပေးခံရဦးမှာ။ ကိုယ်က ရေမြွေပါဆိုမှ။ အဆိပ်မရှိလည်း သူများက အလိုလိုနေကြောက်နေတာ။ ကြောက်တာလည်း မဟုတ်ပါဘူး။ အဖက်မလုပ်ချင်တာ။ ကြောက်ရအောင်ကလည်း အဆိပ်မရှိ။ မကြောက်ရအောင်ကလည်း မြွေဖြစ်နေပြန်တာ။

လူဖြစ်လာရတာကလည်း ခက်လိုက်တာ။ စည်းကမ်းကာလနားတွေက တယ်များသကိုး။ ဟိုလိုမလုပ်ရ။ ဒီလိုမလုပ်ရ။ ဟိုလိုနေဒီလိုမနေနဲ့။ စားရ သောက်ရ အိပ်ရ နေချင်တိုင်းမနေရ။ ထိုင်ချင်တိုင်း မထိုင်ရ။ အရူးဖြစ်တာကမှ ကောင်းတယ်ထင်တယ်။ အရင်က သူငယ်ချင်းဦးဇင်းတပါးပြောဖူးတယ်။ “လူတွေဆိုတာ ကိုယ်ဖြစ်ချင်တာ ကိုယ်အားကျတာပဲ၊ ငါကွာ ခုတလော အရူးတွေကို အားကျနေလို့” တဲ့။ အားကျစရာကိုး။ စာအုပ်ဖတ်ရ တရားနာရ။ ချစ်ရ မုန်းရ မနာလိုဖြစ်ရ မကျေမနပ်ဖြစ်ရ ဝမ်းသာရ။ အေး အဲမှာ ပတိရူပက ကိုယ့်ရှိတဲ့ နေရာမှာလည်း မလုပ်နိုင်တော့ဘူး။ သူများရှိတဲ့အရပ်မှာလည်း မလုပ်နိုင်တော့ဘူး။ ရေမြွေဆိုတော့ အဆန်မှာ ကားယား ကားယား ဆက်ဆန်တက်နေလို့ မဖြစ်ပြန်ဘူး။ ရေအောက် စုန်လိုက်သွားရင်လည်း မချောင်ပါဘူးလေ။ ရေရှိရာ လူနေကြတာကိုး။ တွင်းကလည်း မအောင်းတတ်။ လူ့ဘဝဆိုတာ တကယ်တော့ ကတ်သီးကတ်သပ်ကြီးပါလေ။

ကဲ ဒီနေရာလေးကနေ အခြားဆောင်းပါးကို ဆက်ပြီးဖတ်ကြည့်ရအောင်  What Happened Monday