JQY Blog

သဘာလိုနေသေးတဲ့ သဘာဝ

IMG_9971
ဆော်တောရွာ ခေါ် ပန်စေတီရွာမှ ရှမ်းမလေးများ

မနက် လေးနာရာ အိပ်ယာက ထရတယ်ဆိုတော့ တချိန်က တောင်ကြီးမြို့ ဥတ္တရာရုံကျောင်းတိုက်မှာ နေခဲ့ဖူးတဲ့ ကိုရင်ဘဝကို ပြေးအမှတ်ရတယ်။ မြို့မြောက်ဘက်အစွန်ကနေ တောင်ကြီးမြို့တောင်ဘက်အစွန်အထိ ဆွမ်းခံရတာဆိုတော့ အိပ်ချင်မူးတူး၊ အေးကအေးနဲ့ ထပြီးပြေးခဲ့ ရတဲ့ဘဝကိုလေ။ ဒီနေ့မနက် ကဆုန်လပြည့်မနက်မို့လို့ မဟုတ်ဘူးရယ်။ သွားစရာလေး ရှိလို့။ ကားလေးနဲ့ပေါ့။ ဟိုပုံးမြို့ကနေ မြောက်ဘက် စူးစူးဆီကို ထွက်ခဲ့တယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ရဲ့ ကောင်းမှုနဲ့ မဖြစ် အဖြစ်လုပ်ထားတဲ့ ခပ်လှမ်းလှမ်းမှာ တစ်တုံးချထားတဲ့ ကျောက်ခင်းလမ်း အနိမ့်အမြင့်မှာ ကစုန်ဆိုင်းရင်း ဆော်တော-ပန်စေတီဆိုတဲ့ ရှမ်းရွာလေးဆီ ရောက်သွားခဲ့တယ်။ ထုံးစံအတိုင်း ရွာက နှစ်ခြမ်းကွဲနေသတဲ့။ မြန်မာတစ်နိုင်ငံလုံးရှိ နှစ်ခြမ်းမှသည် သုံးခြမ်း လေးခြမ်း မကွဲသည့်ရွာ ခေတ်မမီကြေးများ နိုင်ငံတော်က ချမှတ်ထားသလား။ သို့တည်းမဟုတ် အချင်းချင်း ပြိုင်နေကြသလား မှတ်ရသည်။ ဘာကြောင့်လဲဟုမေးမိသောအခါ တစ်ခါက ရွာတွင် အုပ်ချုပ်ရေးမှူးဟု ခေါ်ခေါ် သူကြီးဟုခေါ်ခေါ် အခွင့်အာဏာ ရှိသူ တစ်ဦးသည် သစ်တောဝိုင်း တစ်ဝိုင်းရပြီးနောက် ရပ်ရွာ ဖွံ့ဖြိုးရေး လုပ်ပေးရာ တိုက်တစ်လုံး ကားကောင်းတစ်စီးဖြင့် ရွှေငွေ တွဲလွဲဖြစ်လာပြီးနောက် ရွာဦးကျောင်းအတွက် ဇရပ်လှူသည်ဟုဆိုကာ တိုင်လေးငါးလုံးထောင်ပြီးနောက် ရာထူးမှ နှုတ်ထွက်သွားရာမှ တစ်ရွာလုံး သူ့အမျိုး ကိုယ့်အမျိုးနဲ့ ကွဲသွားကြသည်ဟူသတတ်။ ကိုယ်မွေးခဲ့တဲ့ရွာက အဲလို မဟုတ်။ ရွာက ချောင်ကျကျ နေရာမှာ ရှိပေမယ့်လည်း လူက ဆိုင်ကယ်လေး လစ်ဗာတစ်ချက်ဖြဲရုံနဲ့ မြို့ကို သွားနိုင်နေသည်ဆိုတော့ တောမရောက် တောင်မရောက်တွေ များလာရာက စတာ။ ကုမ္ပဏီတွေကလည်း ပြိုင်ဝင်။ သူ့ကုမ္ပဏီကြော်ငြာ၊ ငါ့ကုမ္ပဏီကြော်ငြာ။ သူ့ဘက် ငါ့ဘက်အလုပ်တွေ စီးပွားရေးတွေနဲ့ ရွာဦးကျောင်းပါ ပြဿနာထဲ ဆွဲအထည့်ခံရလွန်းသဖြင့် အစည်းအဝေးဆိုလျှင် ကျောင်းမှာ မလုပ်ရဟု တားရလောက်အောင် တစ်စုတစည်းတည်းရှိတဲ့ ပဒူအုံကို တုတ်နဲ့ ရိုက်ချလိုက်သလို အစည်းပြေနေပုံများ သူတလူ ငါတမင်း။

ထပ်ထပ်ပြောကြည့်ချင်သေးတဲ့ ကစ္စတစ်ခုကတော့ မိုနိုကာချာဆို တစ်ကမ္ဘာလုံး တစ်ညီတည်းဖြစ်ရေး ဖြစ်တဲ့ အစီအစဉ်။ ရွာက ကောင်လေးတွေ ကောင်မလေးတွေက ဆံပင်တွေ နီကြောင်ကြောင်တွေနဲ့။ မိန်းကလေးတချို့ဆို ဒေါက်ဖိနပ်နဲ့။ ဘယ်မြို့နဲ့ နီးလဲလို့ မေးကြည့်တော့ တောင်ကြီး၊ ဟိုပုံး၊ ပင်လုံတို့ရဲ့ ဗဟိုလမ်းဆုံရွာလေး ဖြစ်တဲ့အတွက် ဘယ်မြို့နဲ့မှ မနီး။ မနီးလို့မှ လာခဲ့တဲ့လမ်းမှာ ပအိုဝ်းအမျိုးသား တပ်မတော် (P.N.A) တပ်ပိုင်မြေ မည်သူမှ မကျူးကျော်ရဆိုတဲ့ ဆိုင်းဘုတ်နီနီလေးတွေ တန်းစီနေတာနေမှာပေါ့။ နောက်တစ်ရွာကလည်း စာသင်ကျောင်းမှ ရှမ်းအလံကြီး တလွင်လွင်လွင့်လို့။ အနီးဆုံးဖြစ်တဲ့ မိုင်းပျဉ်းကလည်း မြို့အင်္ဂါရပ်နဲ့ မညီလို့ မြို့နယ်ခွဲတောင်းထားပေမယ့် မြို့အမည်တောင် မရသေးတဲ့ ရွာကြီးတရွာမျသာ။ သို့သော် ကိုယ့်ရှမ်းရိုးရာ ဝတ်စုံကို ရှားရှားပါးပါး ဝတ်ထားသူ အနည်းအကျဉ်းလောက်သာ ရှိတော့တဲ့ တစ်ရွာလုံး ရှမ်းဝတ်စုံလေး ဝတ်သင့်တဲ့ နေ့ရက် အချိန်။ လမ်းမကောင်းပေမယ့် မြန်မာ့အစိုးရရဲ့ ရည်ရွယ်ချက်ရှိရှိနဲ့ ကိုယ့်ရိုးရာ ယဉ်ကျေးမှု မေ့ပျောက်သွားလောက်အောင် လွှင့်ခဲ့တဲ့ ကိုးရီးကားတွေရဲ့ ကောင်းမှုကြောင့် လူငယ်တွေ ကိုယ့်ရိုးရာဓလေ့ကို ခပ်မေ့မေ့ ဖြစ်နေပြီ။ ကောင်းလိုက်ပါတဲ့ နည်း။

ရွာဦးကျောင်းလေးကတော့ သစ်တွေ အလုံးလိုက် အလုံးလိုက် ထွက်ခဲ့တဲ့ ရွာဖြစ်ပေမယ့် ခပ်ဖြောင့်ဖြောင့် သစ်နဲ့တောင် မသုံးနိုင်။ ပကာသားကို သစ်ဖြစ်အောင် ပြန်ရွေထားတဲ့ သစ်တွေနဲ့ အကာအခင်း လုပ်ထားရတဲ့ အနေအထား။ ဘယ်ကို ကြည့်ကြည့် ဟင်းလင်းပြင်။ ရွာခံတွေက ဗမာစကားကို ကောင်းကောင်းနားမလည်။ ရွာဦးကျောင်းဆရာတော်က ဗမာစကား မတတ်။ စာသင်ကျောင်းမှာတော့ စိတ်ဓာတ် စည်းကမ်း ပညာဆိုတဲ့ မှုန်ဝါးနေတဲ့ နံရံပေါ်က စာသားရယ်။ ကျိုးပဲ့နေတဲ့ ခုံရယ်။ ရှမ်းစာတွေ ဗလပွနဲ့ ကျောက်သင်ပုန်းရယ်။ ကျိုးပဲ့နေတဲ့ ပြတင်းပေါက်နဲ့ ပိတ်ဖို့ အရွက်မရှိတဲ့ တခါးရယ်။ ခေတ်သစ်ကိုလံဘတ်တွေ လို့ပြောရမလား။ အဲလိုခေါင်တဲ့နေရာမှာ ဘာသာခြားဖြစ်တဲ့ ခုတလော အွန်လိုင်းမှာ ပွရောင်းထနေတဲ့ လူမျိုးတွေရှိနေတယ်။ မနက် ခြောက်နာရီအချိန် မောင်းတံစောင့်နေတဲ့သူက ကျွန်တော်တို့ကို အိပ်ချင်မူးတူးနဲ့ ကျီးကြည့် ကြောင်ကြည့် ထကြည့်ချိန်မှာ ဟိုက ဓာတ်ဆီဆိုင်ကို ဖွင့်လို့ပြီးလို့ ရောင်းတောင်နေပေါ့။ သနားပါတယ်လေ။ စျေးမဝယ်နဲ့လို့ သီချင်းနဲ့ တားနေတာကြီးကို။ ကိုယ့်ဘာသာ စျေးရောင်းည့ံတာလည်း အားလုံးအသိ။ ရွှေညောင်အရှေ့ဘက်မှာ ဓာတ်ဆီဆိုင်တွေ တန်းစီပြီးရှိတယ်။ ဗုဒ္ဓံ ဓမ္မံ သံဃံ ရေးထားတဲ့ ဆိုင်တွေက အများကြီး။ ဒါပေမယ့် ဝန်ထမ်းတွေက ငေါင်စီစီဖြစ်အောင်ကို ခြောက်ကပ်။ ဆိုတော့ ဘာသာခြားဆိုင်မှာ ဆိုင်ကယ်တွေ စပျစ်သီးပြွတ်သလိုကို ပြွတ်လို့။ ဒီတော့လည်း ဘုရားပန်း လဲပျင်းတဲ့ မိန်းကလေးတွေများ ကိုယ့်ဗုဒ္ဓတရားတော်တွေ ရင်ထဲ မရောက်သူများ ထမင်းငတ်သူများ ဘုန်းကြီးကျောင်းကို မှန်မှန်တက်အောင် တရားဓမ္မတွေကို စိတ်ဝင်စားဖွယ် ပန်းအသွင် စီကုံး၍ မပန်စေနိုင်ခဲ့လေလျှင်။ သစ်ခုတ်သမားက ကိုယ့်မြန်မာလူမျိုးတွေ ဖြစ်မယ်လို့ ထင်ပါတယ်။ အဲဒီဘက်မှာ တောတောင်တွေ ရှင်းနေတယ်။ ကိုယ့်တောတောင်ကို ကာကွယ်တဲ့ ဥပဒေတွေ စာအုပ်ထဲမှာ ရှိခဲ့မယ် ထင်တာပဲ။ တောင်ကတုံးလေးတွေ ကြည့်လို့မလှပါဘူး။ အဓိကကတော့ ရင်ထဲ ရောက်အောင် ဘယ်လို လုပ်ကြမလဲ ဆိုတာပါပဲဗျာ။

ကဲ ဒီနေရာလေးကနေ အခြားဆောင်းပါးကို ဆက်ပြီးဖတ်ကြည့်ရအောင်  Before I fall

ရွာဘက်သွားရင်း သူများတွေလို ခရီးသွားမှတ်တမ်းလည်း မရေးတတ်တော့ခက်တယ်။ ခရီးသွားမှတ်တမ်းသာ ဖြစ်လျှင် ကျွန်ုပ်သည် နံနက်လေးနာရီ ကားဖြင့် ကျောင်းမှထွက်မည် ပြုလုပ်ခဲ့သော်လည်း ငါးနာရီမှတ်တင်းမှ ထွက်ဖြစ်လေ၏။ ကတ္တရာခင်းထားသော လမ်းကား နောင်ခုံး ရွာတွင် အဆုံးစီရင်ခံရလေ၏။ ဟိုပုံးအထွက်မှ ပြထားသော လမ်းဘေးမြောင်းဖော်သည့် ဘော်ဒူဇာကြီးကလည်း နောင်တောင်းရွာ အလွန်တွင် အသတ်ခံထားရလေ၏။ ဖရားခုံ၊ နောင်ယွန်း၊ လုံးကောင်၊ မောက်စံ၊ ထီဗွာ၊ လဲသက်၊ ကုန်းညောင် စသည့် ရွာအဆင့်ဆင့်ကို လမ်းကြမ်းဖြင့်သာ ကျော်လွန်ခဲ့လေ၏။ တချိန်က PNA စစ်တပ်တည်ရှိခဲ့ရာ ဖြစ်သော်လည်း ယခုအခါမူ တပ်ပိုင်မြေအဖြစ်သာ ကျန်ခဲ့လေ၏။ တပ်ကြီးတစ်ခုလုံး ရှိသော်လည်း အဘယ့်ကြောင့် တောတွေ တောင်တွေ ပြောင်သလင်းခါသွားသည်မသိ။ အဘယ့်ကြောင့် သွားလို့ မရသော ကျောက်ခင်းလမ်းကို လမ်းကြေး ကောက်နေမှန်း မသိ။ ပြိုင်ကား တက်မောင်းရန် ကျင့်နေသော ကားဆရာ၏ ကောင်းမှုဖြင့် မနက် (၆း၂၅) တွင် ရောက်ခဲ့လေ၏။ ထို့နောက် အလှူတကာနဲ့ စကားပြောရာ သူသည် လမ်းဗိုလ်ဖြစ်ကြောင်း။ ဤရွာစေတီတော်ကို စိတ်ထဲမှ ပြုပြင်နေရင်း မြန်မာနိုင်ငံမှ တရားဝင် ခွင့်ပြုထားသော (မပြုဘူးလို့ အပြောဘဲ ရှိတယ်) ချဲကို ငါးသောင်းဖိုးထပေါက်ရာမှ (အဲလို ကုသိုလ်အကြောင်း လေ့လာ ဦးမှ) စေတီကို ၁၅ သိန်းဖြင့် ပြင်လိုက်ကြောင်း ရေးသားပေမည်။ ခုတော့ မရေးတတ်။ ခက်ပေတော့သကိုး။