JQY Blog

အိပ်မက်

စဉ်းစားဆင်ခြင် စာသင်နည်းခေါ်တဲ့ စာသင်နည်းတခုရှိတယ်။ သူက စာတပုဒ်ကို သင်တော့မယ်ဆိုရင် အဆင့်သုံးဆင့်နဲ့ သွားပါတယ်။ ပထမအဆင့်က ကျောင်းသားတွေ သိပြီးသား အသိတွေကို နှိုးဆွပေးတာပါ။ Evocation လို့ခေါ်တယ်။ နောင်တောင်းပရဟိတက ဆရာမတယောက်ကတော့ဖြင့် အဲဒါကို သူက အသိဟောင်းဖော်ထုတ်တယ်လို့ ပြောလေ့ရှိပါတယ်။ စာနဲ့ ပတ်သက်တဲ့ အသိလေးဟောင်းလေးတွေ ဆွဲထုတ်ပြီးပြီဆိုရင်ဖြင့် တကယ်သင်မယ့်စာကို သင်ကြားနည်းတခုခုနဲ့ သိအောင် လုပ်လိုက်ပါတယ်။ အဲဒါကို အသိသစ် ဖော်ထုတ်တယ်လို့ ခေါ်တယ်။ ဘိုလိုကျတော့ Realization ဖြစ်ပါတယ်။ ပြီးတော့ အသိဟောင်းနဲ့ အသိသစ်ကို ဆက်စပ်ပြီး ရလာဘ်ထုတ်တယ်။ အဲဒီရလာဘ်က ဘဝအတွက် အသုံးကျစေတဲ့ မမေ့နိုင်တဲ့ အချက်ကလေး အလိုလို ဖြစ်သွားတတ်တယ်။ သူတို့အခေါ်ကတော့ ရာသက်ပန် သင်ယူခြင်းလို့ ခေါ်တယ်။ ဒီလို အဆင့်သုံးဆင့်နဲ့သင်ကြတာကို စဉ်းစားဆင်ခြင် စာသင်နည်းလို့ ခေါ်ကြလေရဲ့။

၂၀၁၇ ခုနှစ်ရဲ့ ပထမလ နောက်ဆုံးရက်မှာ တောင်ကြီးမြို့နယ် အရှေ့ဘက်ခြမ်းမှာ ရှိတဲ့ နောင်ဒေးအုပ်စု၊ ဖက်ကွံအုပ်စုနှင့် နမ်းဆီးအုပ်စုမှာ ရှိတဲ့ ကျောင်းတိုက်အားလုံး အစည်းအဝေးလုပ်တယ်။ အစည်းအဝေးက နှစ်ခုပါ။ မနက်ပိုင်းမှာ ပရိယတ္တိစာမေးပွဲပါ။ ပရိယတ္တိ စာမေးပွဲကို ၁၃၆၁ ခုနှစ်ကတည်းကနေ ခုထိ စဉ်ဆက် မပြတ်ပြုလုပ်လာခဲ့တယ်လို့ ဆိုပါတယ်။ ပြဌာန်းကျမ်းစာတွေက အများကြီးမဟုတ်ဘူး။ အတန်းတွေလည်း အများကြီး မထားဘူး။ အစကတော့ ပအိုဝ်းဗဟိုသံဃာတွေကနေ လုပ်ပုံရတယ်။ နောက်တော့ ခေတ်ကာလအရ တဖြည်းဖြည်း ပျက်ယွင်းလာပြီး ရှမ်းတောင် တခုလုံးမှ နှစ်ဌာနပဲ ကျန်တော့တဲ့အထိ ဖြစ်လာခဲ့တယ်။ အဆင့်က သုံးဆင့်။ ပြဌာန်းတာက ရှင်ကျင့်ဝတ်၊ ပရိတ်ကြီးနှင့် ဝိနည်းမှာ နိဒါန်းနဲ့ ပါရာဇိကပဲ။ အားလုံးနဲ့ တညီတည်း ဖြစ်နေတာဆိုလို့ ဒါပဲ ရှိပုံရပါတယ်။ ဌာနတွေ၊ ရက်စွဲတွေ၊ စာစစ်တွေ၊ အဆင့်သတ်မှတ်တာတွေ ဆွေးနွေးကြတယ်။ နေ့ခင်းဘက်ကျတော့ နောင်ဒေးအုပ်စုမပါတော့ဘူး။ သို့သော် လူတွေတော့ ပါလာတယ်။ အုပ်စုနှစ်စုက အဓိကကျတဲ့ လူတွေလို့ ဆိုနိုင်ပါတယ်။ ပအိုဝ်းစာပေအတွက် စာမေးပွဲ အကြောင်းဆွေးနွေးပါတယ်။ ဒီမှာတော့ ဗဟိုဆိုတာကနေ သတ်မှတ်ချက်တချို့ သတ်မှတ်ပေးလိုက်ပြီးနောက် ဒေသဘက်က အဆင်ပြေတဲ့ နေရာကို ပြုလုပ်စေတယ်။ ကျွေးမွေးစရိတ် အောင်တဲ့အခါ ဆုပေးတာကို ဒေသခံတွေဆီ တအိမ်လျင် ပိုက်ဆံ ၃၀၀၀ ကျပ်နှုန်း ကောက်ဖို့ ဆုံးဖြတ်ကြတယ်။ ကိုယ့်လူမျိုး စာပေ တိုးတက်ဖို့အတွက် ကိုယ့်အားကိုယ်ကိုးစနစ်ပေါ့။ ဆန်က တရွာကို လေးတင်း။

ကဲ ဒီနေရာလေးကနေ အခြားဆောင်းပါးကို ဆက်ပြီးဖတ်ကြည့်ရအောင်  စီမံကိန်းအနီးတွင်နေထိုင်ခြင်း (၁)

ဒီနေရာမှာ ကိုယ့်တယောက်တည်းအနေနဲ့ ဘဝင်မကျ ဖြစ်နေတာက စာမေးပွဲ ဆိုတာပါပဲ။ ဘယ်စာမေးပွဲပဲဖြစ်ဖြစ် စာမေးပွဲအောင်ရုံပဲ စာကြည့်နေကြတာ မလား။ အားလုံးအတွေ့အကြုံအရ စာမေးပွဲဟာ စာမတတ်စေဘူး။ ဂုဏ်ပကာသနသက်သက် ဖြစ်လာတယ်။ အဆင့်သတ်မှတ်ခြင်းဟာလည်း ကျန်တဲ့သူကို နစ်နာစေတယ်။ အဲလို သိနေကြပါလျက်သားကယ်နဲ့ စာမေးပွဲကို တပွဲပွဲဖြစ်နေတာကို ဘဝင်မကျဖြစ်မိတာပါ။ အသိဟောင်းအပေါ် အသိသစ် မလွှမ်းမိုးနိုင်ကြသေးဘူးလား။ တခြားနည်းနဲ့ မစဉ်းစားကြတော့ဘူးလား။ အသိဟောင်းကနေ အသိသစ် မရကြတာကို ကြည့်ပြီး စိတ်မပါတပါ ဖြစ်သွားတယ်။ သူများက စာမေးပွဲဆိုတာနဲ့ ကိုယ်ကလည်း စာမေးပွဲ လိုက်တာပဲ။ ကျွန်တော်သာ ဆိုရင် စာဖတ်နည်း စာရေးနည်း သင်ပေးပြီး စာရေးခိုင်းတာမျိုး ဘာသာပြန်ခိုင်းတာမျိုး စတဲ့ တခြားနည်းကို စဉ်းစားမှာ။ ဒါပေမယ့်လည်း အိပ်မက်က အိပ်မက်ပါပဲကွယ်ပေါ့။