JQY Blog

မအောင်မြင်သူရဲ့ မှတ်စုများ (၁)

တနေ့သားတော့ ကျွန်တော့်ကို လူတယောက်က “နာမည်အရင်း ဘယ်လိုခေါ်လဲ” လို့မေးတယ်။ အဲဒါနဲ့ ပြောပြလိုက်တော့ အင်္ဂလိပ်လို ဘယ်လိုပေါင်းလဲလို့ ထပ်မေးပြန်တယ်။ အင်္ဂလိပ်လိုပါ ဆက်ပေါင်းပြလိုက်တော့ သူက စာအုပ်တစ်အုပ်ထုတ်ပြတယ်။ ဒါ ကျွန်တော့်စာအုပ်လား ဆိုပြီးတော့။ ကျွန်တော်က ချက်ချင်းပဲ ဟုတ်တယ်လို့ ဖြေလိုက်တယ်။ ၂၀၀၃ က တစ်နှစ်စာ ဒိုင်ယာရီ စာအုပ်လေး။ ဟိုးအရင် နှစ်တွေတုန်းက ဒိုင်ယာရီရေးတဲ့ အကျင့် ရှိခဲ့ဖူးတယ်။ မှတ်မိသလောက် ၁၉၉၈ မေလ ၁၃ ရက်နေ့က စတယ်ထင်တယ်။ ၂၀၀၆ နောက်ပိုင်းတော့ မရေးဖြစ်ဘူး။ ဒါပေမယ့် ကျွန်တော့်ဒိုင်ယာရီလေးကို ပြန်ပေးတဲ့လူက ကျွန်တော်မသိတဲ့ နယ်က လူတယောက် ဖြစ်နေတယ်။ ကျွန်တော် တော်တော် အံ့သြသွားတယ်။ ဘာလို့ စာအုပ်က အဲလောက်ထိ လျှောက်ရောက်ရတာလဲပေါ့။ ကျွန်တော့်ရဲ့ စည်းကမ်းမရှိပုံကို ပြောရဦးမယ်။ အဲလိုပဲ ကျွန်တော့်စာအုပ်ကို ကျွန်တော် တခါမှ မရောက်ဖူးတဲ့ နယ်ကနေလည်း တခါ ပြန်ရဖူးတယ်။ ခုလည်းကြည့်။ တနယ်တကျေးဆီမှ စာအုပ်ပြန်ရတယ်။ စာအုပ် ပြန်ပေးတဲ့သူက ပြောတယ်။ ဒီဒိုင်ယာရီအရ ကျွန်တော်ဟာ တော်တော်လေး ထွန်းပေါက် အောင်မြင်တဲ့သူ တယောက် ဖြစ်နေသင့်ပြီတဲ့။ ရှက်ရှက်နဲ့ ဒိုင်ယာရီ စာအုပ်ကို ပြန်ယူလိုက်တယ်။ ၂၀၀၃ လောက်ကတည်းက အောင်မြင်သင့်တယ်လို့ အောင်မြင်ရမယ့်သူလို့ အထင်ခံရလောက်တဲ့ ဒိုင်ယာရီပိုင်ရှင်က ခုထိ ဘာဆိုဘာမှ မလုပ်နိုင်သေးတာကို ထောက်ရင်တော့ ဒါဟာ စာရေးဆရာ အကြည်တော်ရဲ့ “ကျကျမ်း” လိုပဲ ဖြစ်ရမယ် ထင်ပါတယ်။ ဘာတွေများ ရေးထားမှာပါလိ့မ်။

၂၀၀၃ ဇန်နဝါရီလ (၁) ရက် ဆိုတဲ့ စာမျက်နှာမှာ…ဒီရက်ဟာ ဟေတီသမ္မတနိုင်ငံရဲ့လွတ်လပ်ရေးနေ့၊ ဆူဒန်နိုင်ငံရဲ့ လွတ်လပ်ရေးနေ့နဲ့ ကျူးဘားနိုင်ငံရဲ့ လွတ်မြောက်ရေးနေ့လို့ မှတ်ထားတယ်။ အဲပြီးတော့
Only one, But lion လို့ မှတ်ထားတာကနေ ဒိုင်ယာရီကို စတင်ထားတယ်။ အဲဒီတုန်းက ငါဟာ သူဌေးတော်တော် ဖြစ်ချင်နေပုံရတယ်။ မဂ်တရား၊ ဖိုလ်တရား သာမက သဗ္ဗညုတဉာဏ်တော်ကြီးကို ဆန္ဒတစ်ခုတည်းနဲ့ ရယူနိုင်ခဲ့သေးရင် မခက်ခဲတဲ့ ကြီးပွားချမ်းသာမှုကို ပြင်းပြတဲ့ ဆန္ဒရှိသူအဖို့ ဘာ့အတွက် မရရမှာလဲ။ တခုရှိတယ်။ ဆန္ဒဆိုတာ ဗန္ဓုလဖောင်ဖျက်ကိန်းလို တက်ဖို့သာရှိပြီး ဆုတ်ဖို့လုံးဝမရှိတဲ့ ဆန္ဒမျိုးကို လိုချင်တယ်။ ဒွိဟစိတ်ထားရှိသူအဖို့ အရှုံးသာရှိတယ်။ နည်းလမ်းတွေကို အတိအကျ လိုက်နာရမယ်။ လို့ပထမအဖြတ်မှာရေးထားပြီး အဲဒီနေ့မှာ ဟန်သစ် အမှတ်တရာပြည့် စာအုပ်ကို ဖတ်ခဲ့ကြောင်းရယ် ပဋ္ဌာန်းကို
ရွတ်ဖတ်ပူဇော်ခဲ့ကြောင်းရယ် မှတ်စုလေး ရေးထားတယ်။ ပြီးတော့ ကျွန်တော် ကျန်းမာရွှင်လန်းပြီး တက်ကြွလို့နေတယ်။ ဒီစကားကို အသုံးပြုပြီး အခုနှစ်သစ်မှာ အကောင်းဆုံးဖြစ်အောင် နေထိုင်သွားမယ်။ “မင်းည့ံသေးတယ်” လို့ ငါ့ကို မုန်းတီးနေတဲ့သူကတောင် မပြောဝ့ံအောင် နေထိုင်သွားမယ်။ ခပ်ညံ့ညံ့ လူတွေနဲ့ အီးယောင်ဝါးတွေနဲ့ ပေါင်းပြီး စိတ်တွေ မလေစေရဘူး။ အချစ်ဖြစ်ဖြစ် အမုန်းဖြစ်ဖြစ် အသက်ကြီးလာရင် အသုံးမကျတဲ့ ကျောက်စိုင် ကျောက်ခဲလို ဖြစ်မယ့် အရာကို ရင်ထဲ သိမ်းဆည်းမထားနိုင်ပါဘူး။ လို့ဆက်ရေးထားပြန်သေးတယ်။ အဲဒီနောက် အဲဒီနေ့မှာ ငွေကို ၁၂၀ ကျပ်သုံးခဲ့ကြောင်း၊ လက်ဘက်ရည် နှစ်ခွက်သောက်ခဲ့ကြောင်း၊ စီးကရက် တစ်လိပ်မှ မသောက်ဖြစ်ကြောင်း အာဆင်နယ်နဲ့ ချယ်ဆီးပွဲကို ပထမဦးဆုံး ဘောလုံးပွဲစဉ်အဖြစ် ကြည့်ခဲ့ဖူးကြောင်း အဲဒီဘောလုံးပွဲဟာ (၃=၂) အဖြေထွက်ခဲ့ကြောင်းနှင့် မြန်မာနိုင်ငံ အကျယ်အဝန်းဟာ စတုရန်းမိုင်ပေါင်း ၂၆၁၂၂၈ မိုင်ရှိကြောင်း ဆက်လက် မှတ်တမ်းတင်ထားတာ တွေ့လိုက်ရတယ်။ ဒါဟာ တနေ့တာ မှတ်စုပဲ။

ထင်တောင် ထင်မထားတဲ့ တနယ်တကျေးကရယ် မမြင်ဖူးတဲ့လူစိမ်းရယ် ဆီကနေ စာအုပ်ပြန်ရခဲ့တဲ့ ကျွန်တော့်အတွက် တခြား ဘာတွေများ ထပ်စည်းကမ်း ရှိဦးမလဲ။ နောင်တောင်းမှာနေတုန်းက ကွန်ပျူတာ တမျိုးတည်း ကိုင်ရတာကို ခဏခဏ ပြန်ရှာလိုက်ရတဲ့ ဓာတ်ပုံတွေ ခဏခဏ ပြန်ရှာရတဲ့ ဖိုင်တွေ တခါခါ မတွေ့တော့ဘူးလို့တောင် အားနာနာနဲ့ ပြန်ပြောခဲ့ရတဲ့ အဖြစ်တွေက အများသား။ ခုတော့ ဝဋ်လည်တာလား မသိ။ တနေ့တုန်းက ကျောင်းအမည်ပေါက် လျှောက်တာ ပင်ငိုဘုန်းကြီးက အင်တင်တင်နဲ့။ သူက ကျောင်းအသစ်လျှောက်ဖူးတာဆိုတော့ သူလျှောက်ဖူးတဲ့ ဖိုင်အဟောင်း ကြည့်ချင်တယ်ဆိုတော့ ဘယ်ထားလဲ မသိဘူးတဲ့ နောင်တောင်းမှာတုန်းက အဖြေမျိုး ပြန်ဖြေခံရတယ်။ ဝဋ်ချက်ချင်းလည်ပုံပြောပါတယ်။ ဒါနဲ့ စူဠာမုနိဘုန်းကြီးဆီရောက်တော့ နည်းလမ်းတွေပေးတယ်။ ကျောင်းလျှောက်လွှာ၊ ရပ်ကျေးဥက္ကဋ္ဌ မကန့်ကွက်လွှာ၊ ရပ်ကျေးသံဃာများ မကန့်ကွက်လွှာ၊ မြေလှူဒါန်းစာချုပ်၊ ကိုယ့်ဓာတ်ပုံနှင့် ကျောင်းဓာတ်ပုံ ပြီးတော့ မိတ္တူပို့ရမယ့် နေရာတွေကို ပြောပြတယ်။ အဲ ကျောင်းလျှောက်ရာမှာ သူက အပ်ထားတာမို့လို့ သူ့နာမည်ထည့်ထားတာကို ပအိုဝ်းချင်းချင်း ထောက်ပံ့ကူညီတာကို အခြားလူမျိုးများ အမြင် မစောင်းစေလိုသဖြင့် ကျောင်းအပ်ထားပါတယ်ဆိုတဲ့ သူ့နာမည်ကို ဖြုတ်စေတယ်။ သီးသန့်သာ ဂုဏ်ယူပါလို့လည်း ပြောပါတယ်။ အဲဒါနဲ့ စာပြန်ပြင်ရမှာ ဖြစ်တဲ့ ကျွန်တော်ဟာ အထက်ပါ ကြီးမားတဲ့ ဆန္ဒ ပြင်းပြတဲ့ ဆန္ဒ ရှိသူ ဟုတ်လား မဟုတ်လား သိတော်မူတဲ့အတိုင်း ခုထိ ဘာမှ လုပ်သေးဘူး။ မြေလှူဒါန်း စာချုပ်ကို ဘယ်လို လုပ်ရမလဲ မသိဘူး။ ပေါင်းမိနေတဲ့လူတွေကလည်း စိတ်ဓာတ်ကျအောင် ကြံဖန် ပြောတတ်တဲ့ လူတွေချည်းချည်း။ Only one but lion ဆိုတာကြီးကလည်း ဗလာကြီး။

ကဲ ဒီနေရာလေးကနေ အခြားဆောင်းပါးကို ဆက်ပြီးဖတ်ကြည့်ရအောင်  နောက်ဆုံး လက်ကျန်များ (၂)

ငွေ ၁၂၀ ဖြုန်းထားတာ၊ လက်ဘက်ရည် ၂ ခွက်သောက်ထားတာ၊ စီးကရက် မသောက်ဖြစ်တာ စတဲ့ မှတ်တမ်းလိုမျိုး ဒီနေ့ကို ရေးကြည့်ပါလား။ စီးကရက် တစ်ဗူးနီးပါး။ ငွေ ၃၀၀၀၀ လို့ဖြေရမယ်။ ဖျော်ဖြေရေးကို ပြောရမယ်ဆိုရင် တီဗွီရှေ့မှာ ကွန်ပျူတာရှေ့မှာ အပလာလုပ်နေတဲ့ အချိန်က ဒီတရက်တည်းနဲ့တင် ၆ နာရီကျော်ပါလိမ့်မယ်။ ခုဆိုရင် အင်တာနက် သုံးချိန်ပါ ထည့်ရမယ်။ အူရီဒူးနဲ့ အင်တာနက်သုံးတယ်။ ဘယ်လောက်ကုန်တယ်ပါ ထည့်ရရင် အမလေး ဒီနေ့တော့ စံချိန်တင်လောက်တယ်။ ၅၀၀၀ မအောက်ဘူး။ အရင်က မှတ်ထားတာတွေဟာ တနေ့ထက် တနေ့ လျှော့နိုင်အောင်။ လျော့လာအောင်။ ဖတ်မိတဲ့ စာအုပ်နဲ့ ရွတ်ဖတ်သရဇ္ဈာယ်ဖြစ်တဲ့ ဒေသနာတော်ကို ခုဆိုမှတ်စရာမရှိ။ ဒါက တနေ့ထက် တနေ့ တိုးပွားလာအောင် မှတ်ထားခဲ့တာ။ ဗလာကြီးဖြစ်ရောပဲ။

ဒီလိုလူမျိုးက ဒီလို မှတ်တမ်းမျိုးတွေ တင်ထားတော့ သူများ အထင်ကြီးပြီပေါ့။ ဒါပေမယ့် ဗလာကြီး။ ဒါကြောင့် ဒါဟာ မအောင်မြင်သူရဲ့ မှတ်စု။ မအောင်မြင်သူရဲ့ မှတ်စုက ခေါင်းစဉ်မှာ (၁) လို့တပ်ထားတယ်။ (၂) ဆက်ချင်မှ ဆက်မယ်။ တခုခုများ မှတ်ရမလား မမှတ်နဲ့။ တက္ကသိုလ် ဘုန်းနိုင်လို “ငါ့စာဖတ်၍ မမြတ်တိုင်စေ မရှုံးစေသား” လို့ ပြောမထားဘူး။  ဗလာကြီးဟာကို။