JQY Blog

ပရမ်းပတာကြီးတွေပါကွာ

သိပ်မကြာသေးတဲ့ ရက်ဖြစ်တဲ့ ဒီ ၂၀၁၇ ခုနှစ် မတ်လ ၁၀ ရက်မှာ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် ဘန်းပြင်ကျေးရွာအုပ်စုဘက် အလည်ရောက်ခဲ့တယ်။ ညောင်ရွှေမြို့နယ်ဆိုတာ အင်းလေး လောက်ပဲ ရှိတယ်လို့ထင်ခဲ့တယ်။ အနောက်ဘက်တောင်ကြောရယ် အရှေ့ဘက်တောင်ကြောရယ် အဲဒီတောင်ကြားတွေထဲကရယ် ဆိုရင် တော်တော့ကို ကျယ်တဲ့ မြို့နယ်လို့ ဆိုရမှာပဲ။ အစက ဖောင်တော်ဦးဘုရားရှိတဲ့အပိုင်းရယ် ဖောင်တော်ဦးဘုရားတောင်ဘက် စံကားအင်းလို့ ခေါ်တဲ့ ဖယ်ခုံမြို့နယ်မပါတဲ့ အင်းဘေးပတ်ဝန်းကျင်လောက်ပဲလို့ ထင်တာ။ ပြီးတော့ ညောင်ရွှေမြို့နယ်လို့ ပြောလိုက်တာနဲ့ အင်းသားတွေကိုပဲ မြင်ယောင်တယ်။ ခုတော့ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ပအိုဝ်းတွေ ညောင်ရွှေမြို့နယ်ထဲ ဝင်ပြိုင်ချင်ခဲ့တယ်ဆိုတာကို အပြစ်မပြောတော့ပါဘူး။ နိုင်ချင် နိုင်နေမှာပါ။ အင်းက ပါတီတခုထောင်ရလောက်အောင်လည်း လူမျိုးမများဘူးဆိုတာသိလိုက်တယ်။ ဆိုတော့ ပါတီကြီးတွေပဲ ပြိုင်နေကြတော့တာပေါ့။ အင်းထဲမှာသာ အင်းသားရှိပြီး ညောင်ရွှေမြို့နယ် တခုလုံးက ပအိုဝ်းလူမျိုးတွေချည်းကိုး။ လူမျိုးပါတီ အနေနဲ့ကြည့်မယ်ဆိုရင်တော့ တောင်ကြီးမြို့နယ်လို ပအိုဝ်းတွေ အများကြီးရှိတယ် ကျောက်တလုံးကြီးမြို့နယ်လို ပအိုဝ်းအများကြီးရှိတယ် ဒါပေမယ့် ဝင်မပြိုင်ကြဘူး။ ဝင်မပြိုင်ကြဘူးဆိုတာက တရားဝင် ပြောတဲ့စကား။ နိုင်ငံရေးလောက အနေနဲ့ ပြောကြမယ်ဆိုရင် ဝင်မပြိုင်ရဘူးလို့ ဖြစ်ချင်ဖြစ်မှာပေါ့။ ရပ်စောက်၊ ပင်းတယ၊ ရွာငံ၊ ကလောနဲ့ ဖယ်ခုံစတဲ့မြို့တွေမှာ ပအိုဝ်းတွေ ဂလောက်များတာ။ အစကတည်းက ကြေငြာထားသလို မြန်မာ့နည်း မြန်မာ့ဟန် ဒီမိုကရေစီဆိုမှပဲလေ။

ဒီမိုကရေစီဆိုကာမှ ပါတီတွေ ပေါ်လာတယ်။ ပေါလာတယ်။ ပြီးတော့ လူမျိုးရေးခွဲခြားမှု ပိုပြင်းထန်လာတယ်။ မကြိုက်တာကို မကြိုက်ကြောင်း ပြောခွင့်ရှိလာတော့ နိုင်ငံတကာမှာဆို ခဏခဏ ဆန္ဒပြတာတွေနဲ့ပဲ ကြုံနေကြရတယ်။

ခု ကျွန်တော်နေတဲ့ မြို့နယ်က တောင်ကြီးမြို့နယ်၊ နေထိုင်တဲ့ဒေသရဲ့ ဒေသိယက ပအိုဝ်း။ တောင်ကြီး အနိုင်ရပါတီကတော့ ထုံးစံအတိုင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အားသာချိန် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးရမယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အားသာရင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရမယ်။ ဘာလို့ဆို တောင်ကြီးဒေသအတွင်း သြဇာအာဏာကြီးသူ တချို့ရဲ့ အတွင်းစကားက အနိုင်ရနိုင်တဲ့ ပါတီကို အားပေးမှ ငါတို့မြို့ ငါတို့ရွာတွေ တိုးတက်မှာ … လို့ဆိုသကိုး။ ကောင်းလိုက်တာ။ အဲလို အနိုင်ရနိုင်တဲ့ပါတီ အနိုင်ရအောင်ကတော့ အနိုင်ရနိုင်တဲ့ပါတီကလည်း ဘယ်သူ့ကို ကပ်ရမယ် မြောင်ရမယ်ဆိုတာ သိထားတယ်။ ဒါက လှပ်ပြထားတဲ့ ဖဲချပ်ကြီးကိုး။ အနိုင်ရနိုင်တဲ့ ပါတီကြီး အနိုင်ရလို့ကတော့ အနိုင်ရအောင်လုပ်ပေးတဲ့သူ ရှိတဲ့မြို့ရွာ ကားလမ်းတို့ လျှပ်စစ်မီးတို့ စတဲ့ ရုပ်ဝတ္ထုဖွံ့ဖြိုးမှုကို နောက်တကြိမ်လည်း ငါတို့ကိုများ မဲပေးကြလေမလား မျှော်လင့်ချက်ကလေး ထားပြီး ကောင်းပြီးသားကို ကောင်းအောင် ထပ်လုပ်ပြရတာပေါ့။ အဲတော့ ခုကျွန်တော်တို့နေတဲ့ နေရာကပအိုဝ်းရွာကလေးဟာ သြဇာကြီးကြီးမားမား ရှိသူကလည်း မရှိတော့ အနီးက ဒေသခံတွေရဲ့ ခြံကို တချိန်က အာဏာအားကိုးနဲ့ နစ်နာကြေးကလေး ပေးပြီး လာဆောက်ထားတဲ့ ကမ္ဘောဇဘိလပ်မြေစက်ရုံတောင် ချောင်းဆိုးရောဂါ အဆုပ်ရောင်ရောဂါ ကလေးဦးနှောက် ဖွံ့ဖြိုးမှုနှေးကွေးတဲ့ရောဂါ စသဖြင့် ရောဂါပေါင်းစုံ ပေးနေတဲ့ ကားလမ်းကို နေ့စဉ် ကျောက်မီးသွေးတင်ကား ဘိလပ်မြေတင်ကား စသဖြင့် ကားကြီးပေါင်း အစီး ၁၀၀ လောက် ဖြတ်နေတယ်။ ပြင်ပေးပါ မဟုတ်ရင် ဒေသခံတွေအတွက် မလွယ်ဘူး လို့ပြောနေတာ ဟောရင်းသာ ပျံလွန်တော်မူ ကြရတော့မယ်လေ။ စက်ရုံကတော့ တုတ်တုတ်တောင်မလှုပ်ဘူး။ ဒီမိုကရေစီကိုး။ ကြောင်တိ ကြောင်တောင် ပအိုဝ်းလိုလို ရှမ်းလိုလို ကြံ့ဖွံ့လိုလို ငှက်လိုလိုလုပ်နေတဲ့ နေရာတွေတော့ ကျန်နေဆဲ ကျန်နေမြဲ ကျန်နေဦးမှာပဲ။

ပိုစ့်က ရေးပြီးသားကို မီးပျက်တာနဲ့ ကွန်ပျူတာပိတ်တာ မသိမ်းမိလိုက်ဘူး ဖြစ်သွားတယ်။ ရှင်အနုရုဒ္ဓါလား အဋ္ဌကထာဆရာလား မသိဘူး။ သူရေးတဲ့စာအုပ်တွေ ပထမအကြိမ် အကုန်လုံး တခါပျောက်ဖူးတယ်။ ပထမအကြိမ်ရေးတဲ့အတိုင်းပဲ ဒုတိယအကြိမ်ထပ်ရေးတယ်။ ထပ်ပျောက်တယ်။ တတိယအကြိမ် ထပ်ရေးတယ်။ သုံးကြိမ်မြောက်ရေးတော့ ပထမအကြိမ် ဒုတိယအကြိမ်ရေးတဲ့ စာအုပ်တွေ ပြန်ပေါ်လာတယ်။ နတ်တွေက ဖွက်ထားပြီး ပညာစမ်းတာဆိုပဲ။ စဉ်းစားကြည့်မိတာက နတ်တွေက အားယားနေတာလား။ သို့တည်းမဟုတ် နတ်တွေနဲ့ နောင်လာနောက်သားကို လိမ်တာလား။ ဒီလိုပြောတာဟာ အပြစ်ဖြစ်တယ်လား။ မိစ္ဆာဒိဌိလို့ စွပ်စွဲခံရမလား။ မသိပါဘူး။ ကိုယ်ကတော့ အဲလိုပြန်မဖြစ်ဘူး။ အပေါ်မှာ ပြင်ထားတာတွေကို ထပ်ပြင်တာ ထပ်တမျိုး ဖြစ်မှာပဲ ရှိတယ်။ ခုတော့ သိမ်းဖြစ်အောင် သိမ်းပြီးမှ စာဆက်ရိုက်မယ်။

အဲလိုကျန်နေကြတဲ့အထဲမှာ ပအိုဝ်းဒေသမှာ ရှမ်းရွာတွေရှိနေရင် ရှမ်းဒေသမှာ ပအိုဝ်းတွေ ရှိနေရင် သားအရင်းလောက် ဘယ်သူ့ကို ဘယ်သူက ဘာကြောင့် ပိုချစ်ပြကြမှာလဲ။ ဒွေးတော်လွမ်းတဲ့အလုပ်လည်း ဘယ်သူမှ မလုပ်ချင်ကြဘူး။ လုပ်လို့လဲ မရဘူး။

သတိရသေးတယ်။ ရွာငံမြို့နယ်ထဲက ရွာငံမြို့နယ်ရဲ့ မြောက်ဘက်အစွန် ရပ်စောက်မြို့နယ်ရဲ့ အစပ်လေးမှာ လင်းဝေးဆိုတဲ့ ပအိုဝ်းရွာကလေးရှိတယ်။ ဒေသခံ ဓနုဦးပဇင်းလေး တပါးကိုယ်တိုင် ပြောတာက “ဓနုတွေ ကြားထဲရောက်နေမှတော့ ဘယ်ဓနုလူကြီးက ကြည့်မှာလဲ ဒီရွာကို၊ ဓနုရွာတွေကိုတောင် စုံအောင် မကြည့်ပေးနိင်တာ၊ တကယ်တမ်း ပအိုဝ်းလူကြီးတွေ ဒီဘက်ကိုလည်း ကြည့်ပေးသင့်တယ်” တဲ့။ ဒါနဲ့ ကိုယ်နဲ့ နီးစပ်တဲ့ ပအိုဝ်းလူကြီးတွေကို ပြောကြည့်တယ်။ သတိတော့ ရကြပါတယ်။ နောက်ပိုင်းမှာ ဖုန်းဆက်မေးလာတယ်။ ရွာနာမည်က ဘာလဲတဲ့။ တယ်စိတ်ဝင်စားကြသကိုး။

ကျွန်တော့ရဲ့ ဇာတိရွာက ပအိုဝ်းရွာပါ။ ဒါပေမယ့် အခုပြောကြည့်။ ပအိုဝ်းရွာဖြစ်ခဲ့တယ်ဆိုတာ ဘယ်သူမှ မယုံတော့ပါဘူး။ ကျွန်တော်ကိုယ်တိုင် ပအိုဝ်းပါ။ ဒါပေမယ့် ပအိုဝ်းစကားကောင်းကောင်းမတတ်ပါဘူး။ ပအိုဝ်းမဟုတ်ပေမယ့် ပအိုဝ်းစကားကိုသာ ပြောခဲ့တဲ့အဖေ ပအိုဝ်းအမေက မွေးပြီး ရွာက ပအိုဝ်းရွာဖြစ်ခဲ့ဖူးပေမယ့် ပအိုဝ်းစကားမှ မပြောကြတော့တာကိုး။ ရွာက ဓနုရွာကို ဖြစ်သွားတယ်။ နောက်ဆုံးကြားရတာကတော့ ဓနုရွာအဖြစ် အထက်ကို တင်သွင်းထားတယ် ဆိုတာပါပဲ။ ဓနုရွာအဖြစ် တင်သွင်းလိုက်တဲ့ ရွာသူကြီးကိုယ်တိုင်ဟာ ပအိုဝ်းပါ။ ပအိုဝ်းစစ်သားတောင် ဖြစ်ဖူးသေးတယ်။ ဒါပေမယ့် ကုလသမဂ္ဂရဲ့ စာတမ်းအရ မိမိခံယူသော လူမျိုးသည်သာလျှင် မိမိလူမျိုး ဖြစ်ရမည်လို့ ဆိုထားလေတော့ နည်းနည်းကလေး သွေးနှောတာနဲ့ ခံယူချင်တာကို ခံယူသွားကြလေပြီလေ။ အဲလို ခံယူလိုက်တော့ ရွာမှာ ဓနုတွေများလို့လားမေးရင် ဓနုစစ်စစ်တွေ မရှိသလောက်ပါပဲ။ ဓနော့ရှိမယ်။ တောင်ရိုးရှိမယ်။ အင်းသားရှိမယ်။ ရှမ်းရှိမယ်။ ပအိုဝ်းရှိမယ်။ ခုတော့ သူတို့အားလုံး ဓနုဖြစ်ကုန်ပြီပေါ့။ ဓနော့ဆိုရင် ပိုလို့တောင် ဆိုးသေးတယ်။ ခုဆိုရင် ဆလုံပြီးရင် ပျောက်မယ့်လူမျိုးဟာ ဓနော့လူမျိုးပဲ။ ဂျူးဖောင်ဒေးရှင်းက ဆရာမြင့်ဇော်တို့ ကျင်းပဖူးတဲ့ ရန်ကုန်မြို့ ရန်ကုန်ဟိုတယ်မှာ ၂၀၁၃ လောက်တုန်းက ဣန္ဒဆိုတဲ့ အောင်ပန်းသားတယောက်က ပျောက်ကွယ်လုနီးပါး ဖြစ်တဲ့ ဓနော့လူမျိုးဆိုပြီး ဗွီဒီယိုမှတ်တမ်းတွေနဲ့ တင်ပြဖူးတယ်ထင်တယ်။ သူပြောတုန်းကဆိုရင် ကျွန်တော်တို့ရွာ နာမည်တောင် မပါတော့ဘူး။ တောင်ကြီးမြို့ ပအိုဝ်းအမျိုးသားရုံးမှာနေပြီး ပိဋကတ်တွေကို ပအိုဝ်းလို ပြန်ဆိုနေတဲ့ နောင်တဗန်ဆရာတော်လို့ ထင်ရှားတဲ့ ဆရာတော်စန္ဒာဝရ သုတေသနဆောင်းပါးမှာတောင် ကျွန်တော်တို့ရွာနာမည်ကို မှားပြီးရေးထားတယ်။ ၂၀၂၀ လောက်ဆိုရင်တော့ ဓနော့လူမျိုးရေ ဂွတ်ဘိုင်ပေါ့ဗျာ။ ဒီမိုကရေစီခေတ်မှာ ပါတီမဖွဲ့နိုင်တဲ့ လူမျိုးကလေးတွေ တဖြည်းဖြည်းသေးလာတယ်။ ကျုံ့လာတယ်။ သိမ်လာတယ်။ ဒီမိုကရေစီ ငါးဆက်လောက်သာ စောင့်ကြည့်လိုက်။ ပျောက်ပါလို့ ပြောစရာမလိုဘဲ ပျောက်သွားကြပါလိမ့်မယ်။

အဲလို ပျောက်သွားမယ့်လူမျိုးစုကလေးတွေ နေထိုင်တဲ့ရွာတွေ ရှိတယ်။ ဒါက ညောင်ရွှေမြို့နယ် ဘန်းပြင်အုပ်စုဘက် သွားရင်း တွေ့ခဲ့တဲ့ လီဆူးရွာနှစ်ရွာပါ။ လီဆူးလူမျိုးတွေဟာ ခရိယာန်ဘာသာကို ကိုးကွယ်ကြတာ များပါတယ်။ အဲဘက်က ရွာသားတွေ ပြောပုံအရ သူတို့ဘုန်းကြီးမလာတာ ကြာတော့ တချို့လည်း ဗုဒ္ဓဘာသာထဲ ဝင်ကုန်ကြတယ်တဲ့။ ခုဆို ဗုဒ္ဓဘုန်းကြီးကျောင်းတောင် သူတို့ရွာမှာ ဆောက်နေပြီလို့ ပြောပါတယ်။ နောက်ပြီး လီဆူးလူမျိုးအကြောင်းထပ်ပြောရရင် မဲနယ်တောင် (မုဲင်ကောင်) ဒေသမှာရှိတဲ့ လီဆူးရွာလေးတွေ။

ပြီးတော့ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲပါနေတဲ့ ရှမ်းရွာကလေးတွေ။ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသလို့ကြီးရေးထားခြင်းခံရတဲ့ ရှမ်းရွာတွေရဲ့ ခံစားချက်ကို ခံစားကြည့်လိုက်တော့ အောက်သိုးသိုးကြီး ဖြစ်နေကြမယ်ထင်တယ်။ တချို့လူနည်းစုကလေးတွေ ဖြစ်ကြရတဲ့အခါမှာတော့ သိပ်တော့မထူးတော့ပါဘူးလေ။ ကျွန်တော်တို့ရွာရဲ့ အရှေ့ဘက်မှာရှိတဲ့ ကချင်ရွာနဲ့ တရုတ်ရွာ။ တရုတ်ရွာကတော့ ထားပါတော့။ ဘာဖြစ်လို့ ဒီကချင်ရွာက ဒီရှမ်းပြည်ချောင်တချောင်ထဲမှာ လာရောက်နေတယ် မသိဘူး။ ရှမ်းအလယ်ပိုင်းလို့ ဆိုရမယ့် ကာလိ ခိုလမ်တို့နားမှာရှိတဲ့ ပလောင်ရွာ။

တခါခါတော့လည်း ဖွံ့ဖြိုးရေးလိုက်လုပ်ပေးတဲ့ ဆရာသမားများကို သတိရမိတာပဲ။ ကိုယ့်လူမျိုးရှိတဲ့နေရာကို ပိုသွားစေချင်လို့ပါ။

ပရမ်းပတာကြီးတွေပါ။ ဒီပိုစ့်ရေးရတာ အရသာမရှိတာ။ ရေးမယ်လုပ်လိုက် အလုပ်ပေါ်လာလိုက်။ စိတ်ကူးက ပျောက်သွားလိုက်။ ရေးလို့အဆင်ပြေချိန် စိတ်ကူးက မရှိလိုက်။

%d bloggers like this: