JQY Blog

မြေမှာကပ်ပေါက်တဲ့ အပင်များ

ဆိုပိမ့်မညှာ စေ့စေ့နာလော့ ဂင်္ဂါသမြျှ ပွင့်ကုန်ကြသား ဘုရားသာသနာ ခေါက်အခါတွင် လူရွာနတ်၌ နင်ကြုံကြိုက်လည်း အမိုက်မချွေ အလိုက်နေ၍ အခြေမကြီး အချည်းနှီးလျှင် တီးတီးယောင်ယောင် ခုတိုင်အောင့်တည့်၊ သန်းခေါင်လကွယ် တောအုပ်လယ်၌ ရှစ်နယ်ပတ်ကုန်း အပြည့်ဖုန်းသည် မိုဃ်းလုံးတိမ်တိုက် လျှပ်မကြိုက်သား အမိုက်လေးပြား အင်လေးပါးထက် နင်ကရာထောင် မကမှောင်၏။

လူ့ဘောင်လူ့ရွာ သာသနာ၌ ကြမ္မာတော်၍ ယခုတွေ့လည်း အလေ့မလွဲ အများနဲလျှင် မိုက်မြဲနင်နင် မိုက်စရွှင်၏ မျက်မြင်လောက ဤဘဝကား ဒုက္ခစင်းစင်း ချမ်းသာကင်း၏ သေမင်းအစာ နင့်ခန္ဓာကို တဏှာဘီလူး အမှောင်ပူး၍ အရူးပြင်ပြင် နင့်ကိုထင်၏။

နင်နဲ့မဆိုင် နင်ပိုင်မဟုတ် နင့်ရုပ်နင့်နာမ် နင့်သဏ္ဍာန်ကို နင့်ဉာဏ်မစူး အပေါ်ဖြူး၍ ရူးရူးမေ့မေ့ အများလေ့ဖြင့် နေ့ရက်အပုံ လွန်ခဲ့တုန်ပြီ အာရုံဝတ္ထု မီးစာစုကို မှုမှုရရ နင်အားကျလည်း ဓားမြသေမင်း ဘူတပ်နင်းက မငြင်းဆန်သာ နင့်ခန္ဓာသည် ပြာပုံအပြီး ဖြစ်လုနီးပြီ ရီးတီးယားတား သေ၍သွားလည်း တရားမကြွယ် အထုတ်ငယ်လျက် အပါယ်စခန်း သွားမြဲလမ်း၌ တပန်းဟိုက်ဟိုက် တရှိုက်ငင်ငင် တငြင်ငြင်ငြို ဆင်းရဲပိုလျက် ထိုထိုဘဝ အနန္တလျှင် အစမဆုံး အများထုံးတည့် အနှုန်းမပျက် အောက်နရက်ငယ် တစ်သက်နွယ်နွယ် အမြစ်တွယ်သို့ အပါယ်ထိုထို ဥဒဟိုသည် နင့်လိုလူမိုက် သွားလမ်းတည့်။

အဝိဇ္ဇာပိတ်ခါဆို့ မိစ္ဆာမြို့ပြင်ပြင် ဣစ္ဆာလို့ခင်မင်လျင် လွင့်စင်မည်မလဲ အရွတ်စု အပုပ်ကောင်ကို အဟုတ်ရောင်မှားဖို့ဖန်နည်း အသုဘရှုတစ္ဆေငယ် မဟုတ်လှေကိုယ်ထဲ အပုပ်ရည်စိုတချွဲဟာမို့ ယိုမစဲသူ့မှာ သွေးသည်းခြေပြည်သလိပ်တွေက တည်မဆိပ် လျှမ်းမပြည့်သည့်သာ သို့ကလောက် ရွံစရာကို လှန်တဏှာမက်စွဲ စက်ထဲမှာ တပေပေ မွန်းနစ်ကြပေ။
တဏှာဖမ်းတဲ့ အကန်းတွေမှာ အပန်းမပြေ မိုက်မောရှာကြလေး။
တဏှာပူးတဲ့ အရူးတွေမှာ အမူးမပြေ မိုက်မောရှာကြလေး။
တဏှာလိုက်တဲ့ အမိုက်တွေမှာ အဟိုက်မပြေ ပင်ပန်းရှာကြလေး။
ပျိုလျှင်အို ရှင်သေကွဲ နင်ဝေခွဲရှုပါ မြင်နေမြဲစက္ခုမှာ သက်နုခါကြဉ်လို့ ဇယာညင်းမုံဝေသီတယ် စုံပွေလီနားသောတချို သွားကြွေပြုတ် ဖြူဆံပင် မူဟန်ပင်ခွေညိုံ ပူဟန်အင် ထွေထွေတို့ရယ်ကြောင့် အခြေအနေ ယို့ပျက်ပြယ် သတိကွယ် ဉာဏ်ထုံထိုင်းပါလို့ ကံမုန်တိုင်း တိုက်ခွင့်ရောက်တယ် ခါးစွေစောင်း ရုပ်ပြောင်းကွယ် ဟုတ်ကြောင်းနွယ် ဆိုရိပ်ပြပြီပေါ့ အို … အနိစ္စ ကာယသည်ကို ဘာမှ မတည်လို ခါ-ကာလ သီသီလိုတယ် ဤဤကိုယ် ပျက်ဆုံးပါလိမ့်လေး။

ခဏမစဲ အိုစမြဲ ကိုယ်လည်း သေဘက်နီးခဲ့ပြီ။
ဇရာမီးတောင် ကိုယ်ထဲလောင် သေအောင်မြိုက်တော့မည်။
မသေရခင် သွားလမ်းစဉ် ကြိုတင်ပြင်သင့်ပြီ။
ဒါန သီလာ ဘဝနာ လမ်းသာတွင်လိမ့်မည်။
မဂ္ဂယာဉ်ကြီး အမြန်စီး ခရီးထွက်တော့မည်။

ငါတို့နေရာ ဤကမ္ဘာ တဏှာအုပ်စိုးမည်။
တဏှာစေရာ မနေသာ ဖွေရှာဆက်ရမည်။
ရသည့်ဥစ္စာ ချစ်သူပါ စွန့်ခွါသွားလိမ့်မည်။
တကယ့်အရေး တကယ့်ဘေး ဘယ်သွေး ဘယ်သား မကယ်ပြီ။
ငါနှင့်ရွယ်တူ ငါ့အောက်လူ ကြီးသူ သေကြများလှပြီ။

ဆိုးယုတ်ထံပြင်း ရှင်သေမင်း၏ ထံရင်းကပ်ရောက် သေပျောက်ဖို့ရာ ချိန်ခါနေ့ရက် ချိန်းအချက်ကား စဉ်ဆက်မှန်စွာ မရှိသာတည်း။
ဘဏ္ဍာတံစိုး ရှာကြံထိုးလည်း ယူရိုးမဖက် စစ်မက်ဆင်ယင် မအောင်မြင်ရာ ကြောင်းခြင်းတာကြောင့် သတ္တဝါဖုံဖုံ အလုံးစုံကား အကုန်သေပွဲ ဝင်ရမြဲသည် ရှောင်လွှဲမလွတ်နိုင်ပါတကား။

မှတ်ခါစွဲယူ များဗိုလ်လူတို့ နိဗ္ဗူမရ ဆင်းရဲကြလိမ့် လောကသုံးခွင် ဘုံအပြင်တွင် ဖြစ်လျှင်ပျက်မြဲ မှန်မလွဲတည့် သုံးစွဲဖို့ရာ မြတ်ဥစ္စာတို့ ကံကြမ္မာပေး ရပြန်သေးက ပျက်ရေးတဖန် တွေ့ကြံုပြန်၏ ချစ်လျှံဝေဝေ ချစ်ဆွေတွေနဲ့ ချစ်လေသမျှ ပေါင်းဆုံကလည်း ကွဲရသည်မှာ မလွဲသာတည်း။
ရှည်စွာအသက် တည်ရှိလျှက်လည်း ပုခက်နှင့်ပေ ဝေလေလေ၍ နီးလျှင်ပျဉ်ခေါင်း အမှန်အောင်းလိမ့် အကြောင်းမလျှော် သုံးရက်ကျော်က ပုပ်စော်ညှီနံ ရန်တွေ့ပြန်သို့ အမှန်ချစ်သူ မကပ်မူပဲ လျစ်လျှူရှုသုံး တကယ်မုန်း၏
နောက်ဆုံးရောက်ခါ မြို့ပြည်ရွာနှင့် ဆွေညာအများ စွန့်ပယ်ရှား၍ သွားရအပြီး လူမနီးတည့် တောင်ကြီးမြိုင်ယံ မြေသုဿာန်၌ (ရောက်ပြန်မရှိ) မြှုပ်နှံဘိခြင်း ခြောက်ပေတွင်းဝယ် စင်းစင်းအိပ်ကာ မလှည့်သာပဲ နေရနည်းကို စွဲမြဲမှတ်ကာ ဆင်ခြင်ပါလော့ သင်္ခါရချုံ လောကီဘုံ၌ ခိုလှုံဝင်စံ ပုထုဇန်တို့ လောကဓံလွတ်ကြောင်း ဆုပန်တောင်း၍ လမ်းကြောင်း မဂ္ဂင် ရှစ်အင်ဓမ္မ အဝဝကို နေ့ညမကွာ ကြိုးစားရာသည် ခေမာရောက်မှ အေးမည်တည်း။

ကဲ ဒီနေရာလေးကနေ အခြားဆောင်းပါးကို ဆက်ပြီးဖတ်ကြည့်ရအောင်  မလှပသော စကားပုံများ

တနေရယ်ကွယ် သေနယ်သို့ တခါကူး မသေဘူး မထင်ကြနဲ့ နေကွယ်တာ အကြိမ်များရင်ဖြင့် သေနယ်ရွာ တချိန်သွားလိမ့်မယ် တားလို့ရဘူး။

တနေ့တော့ သင်တန်းသားတွေနဲ့အတူ RWCT သင်တန်းမှာ Writing Club လုပ်တော့ ရေးဖြစ်တဲ့ ခေါင်းစဉ်က “မြေမှာ ကပ်ပေါက်တဲ့ အပင်များ” တဲ့။ လူမသိ သူမသိ။ မြေမှာ ကပ်ပေါက်နေတဲ့ အပင်တွေ အများကြီးရှိတယ်။ ဆေးဖက်ဝင်တာ ရှိတယ်။ ဟင်းစား ရှိတယ်။ ဒါပေမယ့် ဆေးဖက်ဝင်ကိုလည်း သိတဲ့သူမှ။ စားလို့ရတာကလည်း သိတဲ့လူမှ။ ဧရာဝတီ မြစ်ရေအကျိုးကို ကမ်းနားကလူလောက် ဘယ်သူကမှ မသိနိုင်သလို မြေမှာကပ်ပေါက်တဲ့အပင်ကို သိတဲ့လူ တချို့ကလွှဲလို့ ဘယ်သူမှ မသိနိုင်တဲ့အကြောင်း။ အဲလို အပင်လေးတွေ အများကြီးရှိခဲ့ကြောင်း။ ကျွန်တော်တို့လူလိုပဲ ဖြစ်သာ ဖြစ်လာကြတယ်။ သေသွားကြတယ်။ ဘယ်သူမှလည်း မသိလိုက်တဲ့ လူတွေ သမိုင်းမှာလည်း မကျန်ရစ်တဲ့သူတွေ ဓာတ်ပုံတွေ့လို့မှ ဘယ်သူလည်း မေးရတဲ့ အနေအထားတွေ ရှိကြောင်း ရေးပေးဖြစ်ခဲ့တယ်။ သေတဲ့သူတွေတိုင်းသာ နာမည်ကျန်ရကြေးဆို ကျွန်တော်တို့ ကမ္ဘာဟာ နာမည်တွေနဲ့ ပြည့်နေတော့မှာပေါ့။ ဟုတ်ဘူးလား။ အဲလို မဖြစ်နိုင်တော့မယ့် အတူတူ တဝမ်းတခါးပဲ သက်သက်သာသာ ရှာသွားတာ ကောင်းတယ်လို့ မြေမှာ ကပ်ပေါက်တဲ့ အပင်များ ဆောင်းပါးဆန်ဆန် အက်ဆေး လေးကို ရေးဖြစ်ခဲ့တယ်။

ဒါနဲ့ ဒီလင်္ကာတွေကို သတိရလိုက်တယ်။ ငါသေတော့မှာကိုး။ ဆေးလိပ်မသောက်ရ ဆိုသောက်တယ်။ ညဉ့်နက်ထိ နေလို့ မရတာကို နေတယ်။ ဖြစ်ပြီး ရင် ပျက်တဲ့အထဲ ဆေးလိပ်စွဲပြီး ဘာလို့ ပြန်မပြတ်တာပါလိမ့်။ ငါ VSD ရောဂါနဲ့ ငါ မကုနိုင်တာနဲ့…။ အင်းပါ။

အပေါ်နားလေးမှာ အမိုက်လေးပြား အင်လေးပါးထက် ဆိုတာလေးပါတယ်။ အမိုက်လေးပါး ဆိုတာ မသိမှာစိုးလို့ အမိုက်လေးပါးဆိုတာ ၁။ လကွယ်ည။ ၂။ သန်းခေါင်ချိန်။ ၃။ ကောင်းကင်တခုလုံး တိမ်ဖုံးအုပ်ပြီးနောက် ၄။ ကြီးမားသော တောအုပ်အလယ်ထဲရောက်နေသည့်နေရာတဲ့။

ဆိုတော့ ငါက အဲထက်မိုက်တဲ့မိုက်သယ်။ နင်က ရာထောင် မကမှောင်၏ ဆိုတဲ့လင်္ကာလေးက လယ်တီဆရာတော် ငါ့ကို ရည်စူးရေးခဲ့တာ။