JQY Blog

ကျွန်တော် ဆယ်လီ

လူဆိုတာ ကိုယ့်ကိုယ်ကို သိပ် ပစားပေးတတ်ကြတာ သဘာဝပဲ။ ကိုယ်တွေးတာမှန်။ ကိုယ်လုပ်တာမှန် စသဖြင့် ကိုယ့်ကိုယ်ကို ပစားပေးတာကိုး။ အဲ ဖြစ်လာပြီ ဆိုရင်လည်း ကိုယ့်ဒုက္ခ သိပ်ကြီးတာပဲ။ ကိုယ့်ဒုက္ခလောက် ကြီးကျယ်တဲ့ ဒုက္ခ လောကကြီးမှာ မရှိဘူးလို့တောင် ထင်တာကလား။ ကျွန်တော်မှန်ပြီး သူတို့မှားခဲ့တဲ့ အွန်လိုင်းက ပြဿနာ သို့တည်းမဟုတ် ကျွန်တော်မှားပြီး သူတို့ မှန်ခဲ့တဲ့ ပြဿနာ နောက်ထပ် သို့တည်းမဟုတ်ရရင် ကျွန်တော် အကြီးအကျယ် စိတ်ဆင်းရဲခဲ့ရတဲ့ အွန်လိုင်းက သုံးသပ်ချက်တွေ တဖန် သို့တည်းမဟုတ် ကျွန်တော် ရင်တောင် မခုန်ခဲ့တဲ့ အမုန်းတရားတွေအကြောင်း နည်းနည်း ပြန်နွေးကြည့်ချင်တယ်။ ဒီထဲက တရားလိုတွေကတော့ မေ့နေလောက်ပြီ ထင်ရဲ့။ ဘဝမှာ အကွေ့အကောက်များတဲ့သူတွေကတော့ မေ့တာပဲ။ ကျွန်တော့်ဘဝကရော ရိုးစင်းခဲ့ပါသလား။ ကံပစ်ချရာ လွင့်နေခဲ့တာပဲ။ မေ့မရတဲ့ နာမည်တွေ ရှိနေသေးတာကတော့ ကျွန်တော့်မှတ်ဉာဏ်ရဲ့ ဆိုးဝါးလွန်းလှတဲ့ အမူအကျင့် ဖြစ်နေပြီး ဒီဘဝရဲ့ ခါးစည်းလေးများလေးများလည်း ဖြစ်နေမယ် ထင်ပါရဲ့။ ရင်ထဲက နာတယ်လို့ ပြောရင် ရင်ညွှန့်တည့်တည့် နှလုံးရဲ့ ညာဘက်အခြမ်း နာတတ်တယ်။ နာတဲ့ နေရာကို ပြောပြရတာလေ။ အရမ်းပြောင်လက်နေတဲ့ စတိန်းလက်စတီး ပြောင်လက်လက်လေး သံချေးတက်ပြီး မည်းညစ်ညစ် ကြမ်းကြမ်းနဲ့ ရှတတလေး ဖြစ်နေသလိုပေါ့။ အဲလိုဖြစ်ရင် အသက်ရှူရတာ မဝဘူး။ အစားအစာတွေ စားလို့ မရဘူး။ ခေါင်းကိုလည်း ဇောင်းတခုခုနဲ့ ပြေးတိုက်ချင်လား ပြေးတိုက်ချင်ရဲ့။ ကိုယ့်ကိုယ်ကို သနားတာ တဝက်လောက်ပဲ ရှိတဲ့ စိတ်နဲ့။ သူများကို ပြောရင် ရယ်ရယ်မောမောနဲ့ ပြီးတော့လည်း ပြီးသွားတာပဲ ဆိုပြန်ပါရော။

တချို့ ဆယ်လီတွေကိုများ အံ့ပါရဲ့။ အဆဲခံနိုင်လှချည့်လို့။ အသားမာများ တက်နေသလား မှတ်ရတယ်။ ဓားသွေးနေတဲ့ အကောင့်တွေကလည်း ဘယ်နေရာကို ဆွမ်းကြီးလောင်းရမလဲ လည်တဆံ့ဆံ့ကိုး။ အိမ်သာနံ့ခံပါများတော့ နှခေါင်းယဉ်ပြီးသားတွေတော့ ဆေးလိပ်ကလေးကိုတောင် ဖွာလို့။ ကိုယ့်မှာတော့ ကန့်လန့်ကာလေးကနေ ဟိုချောင်း ဒီချောင်း လုပ်နေရ။ ကိုယ်မမြင်ရတဲ့ ဘွစ်ဖိနပ်စီးထားသူတွေက ကိုယ့်နာမည် ပါတဲ့ ခေါင်းတလားကို ဟေးဟေးဟားဟားနဲ့ ထမ်းသွားကြပေါ့။ တချို့များ လေလေးတောင် ချွန်လိုက်သေး။ ကောင်းကင်ထဲ လင်းခနဲ ဝင်းလက်လာတဲ့ လျှပ်စီးကြောင်းထဲမှာ ဟီရိ၊ သြတ္တပ္ပ မိုးကြိုးသွားလေးများ ပါလား ပါရဲ့။ ကျောပေးလိုက်လည်း ရင်ဘတ်တည့်တည့် ဝင်စိုက်တတ်တဲ့ နာမည်ကြီး သတင်းဆိုးတွေက ကပ်ပါလာပြန်သေး။ ရယ်တတ်မယ်ဆိုခဲ့ရင်တောင် သူမပြောသလို ငိုသံလေးပါနေပေါ့။ စုန်းပြူးလား။ သိုးမည်းလား။ ခြေတဖက် သိပ်မသန်ရှာလို့ တချို့စက်ကိရိယာလေး တပ်ပြီး မှတ်ဉာဏ်ကို ထော့ကျိုး သွားခိုင်းပြန်ပေါ့။ ထန်းလက်ဆိုတာ သိပ်ခိုင်တဲ့ ပစ္စည်းလို့ ထင်ထားတာ။ အကျယ်ကြီး ထိုင်အော်ပေမယ့် မိုးကတော့ ရွာသွားလေရဲ့။ ငါ မသောက်ခဲ့တဲ့ အဆိပ်ခွက်ထဲ ဘယ်သူများ အဆိပ်ကို လာထည့်ခဲ့ပါလိမ့်။ အခန်းကျဉ်းလေးထဲမှာ နံရံတွေဟာ သိပ်ကို ထူလွန်းတယ်။ ဒါဟာလည်း သေခြင်း တရား တမျိုးပဲလေ။ အသက်ရှူတယ်။ အသက်ရှူတယ်။ ရှူသွင်း ရှူထုတ်တယ်။ အိပ်ပျော်နေတဲ့ မြွေပွေးကလေး ပါးစပ်ထဲကို လက်ညိုးလေး ထိုးထိုးထည့်ကြည့်ရတာ အရသာ။ ကိုယ်တော့ ဒီသို့ ဒီနှယ် ခံစားရတာပဲ။ ဒေဝဒတ်နဲ့ အပေါင်းပါတချို့တော့ မသိပါဘူး။ အဇာတသတ်ကို မြူဆွယ်နေမလားပဲ။

ကဲ ဒီနေရာလေးကနေ အခြားဆောင်းပါးကို ဆက်ပြီးဖတ်ကြည့်ရအောင်  3 Box Analysis

အတ္ထုပ္ပတ္တိတွေ ဖတ်တယ်။ ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း အကုန်အစင် ရေးတယ်ချည်း ပြောကြတာပဲ။ ဒါပေမယ့် သူတို့ တော်တာ တတ်တာချည်း ဖတ်ရတာပဲ။ ကိုယ်လည်း ရေးကြည့်ချင်တာပေါ့ အဲလိုဆို။ အကုန် အစင် ဆိုတာလေး အပါအဝင်ပေါ့။ အဟီး သူတို့ သိပေမယ့် သူတို့ မသိတဲ့ အကြောင်းအရာတွေက ကိုယ့်မှာ ရှိတယ်။ ပြောပြလို့ မရတဲ့ ကိုယ့်ပေါင်က ဒဏ်ရာတွေ ရှိတယ်။ အပြင်ပန်းကနေ ကိုယ့်ကို သေချာကြည့်လိုက်။ ကိုယ်က လူရည်မွန်ပဲ။ သိပ်တော်တာကိုး။ ပချုပ်ဆိုင် ပြတင်းကနေ ခန်းစီးစလေးများ မကြည့်လိုက်ရင်တော့ ရွံစရာတွေကိုမှ ချမ်းသာတဲ့ သူဌေး။ ကိုယ်မဟုတ်တဲ့ သူများများ အပြစ်လုပ်ပြီဆို ဆဲကောင်းကောင်းနဲ့ ဆဲကြ။ ကိုယ်က ဘာအပြစ်မှ မလုပ်တတ်တဲ့ အတိုင်းပေါ့။ အရိုင်းအစိုင်းကောင်။ ကိုယ်က အပေအတေကောင်။ ကိုယ်က အနှေးပြကွက်နဲ့ ကြည့်စရာ မလို။ ခဏခဏ အဆဲခံထိုက်တဲ့ကောင်။ လေကလွှဲပြီး လက်ထဲ ဘာမှ မရှိတဲ့ကောင် ဆိုတော့ကာ ကိုယ့်မှာ အစွယ် ထုတ်ပြ စရာလည်း မရှိ။ လက်သည်းကလည်း မချွန်။ သွေးကလည်း မစိမ်းပြန်။ ခန္ဓာကိုယ်ကနေ ချွဲပြစ်ပြစ် ရွံစရာအရည်တွေလည်း ထွက်ကျမနေတော့ နှလုံးသားကလည်း ရှိ။ ဦးနှောက်ကလည်း သိတတ်သမို့။ ကိုယ်ဖြုန်းတီးတဲ့ ကိုယ့်ဘဝကို ဘယ်သူမှ ပိုသနားနေစရာ မလိုတော့ပါဘူးလေ။

ကွယ်…
အွန်လိုင်းမှာ ၂၀၀၉ နောက်ပိုင်း ဖေ့ဘွတ်သုံးတာကစလို့ ငါ ဘယ်ချိန်ကများ ငြိမ်းချမ်းခဲ့ဖူးပါလိမ့်။ ဘလောက်လို့ မနိုင်တဲ့နာမည်တွေ ဘလောက်လို့ မလောက်တဲ့ အကောင့်ပိုင်ရှင်တွေ နောက်ဆုံး ငါ့ကိုယ်ငါပဲ ပြန်ဘလောက်ခဲ့ရပါပေါ့လေ။