JQY Blog

ဘေးကပ်ရက်ခုံလေးများ

သည်ကိစ္စကို ဆက်ပြောချင်လာတယ်။ မနေ့က တင်းထက်ရွာကို သွားတယ်။ ကျောင်းသူ သုံးယောက်အပ်ထားတာလေး ရှိလို့ သူတို့ကို သွားကြိုတာ။ ကျောင်းသူသုံးယောက်ကတော့ တွေ့တွေ့ချင်း ဝမ်းနည်းပက်လက် စကားတခွန်းဆိုတယ်။

“ဘာလို့ သူတို့ဆီ ဖုန်းမဆက်တာလဲ”

ဒီမေးခွန်း အမေးခံရတော့ တူမ အရင်းခေါက်ခေါက်ကလည်း ဖုန်းဆက်တာနဲ့ ပတ်သက်ပြီး ကျွန်တော့်ကို ဝေဖန်ဖူးတယ်။

“ဦးဇင်းဆီ ဖုန်းမဆက်ချင်ပါဘူး။ ဖုန်းက မဆက်ရသေးဘူး။ ဖုန်းချချင်နေပြီ။ စကားပြောရင်လည်း စိတ်မပါသလိုလိုနဲ့”

ဆိုတော့ ကိုယ့်အားနည်းချက်ကို ကိုယ်သိလိုက်ရတယ်။ ဒါ ငါ့အားနည်းချက်ပါလားလို့ တွေးမိရင်း အပြန်မှာ တင်းထက်ဆရာတော်ကို နှုတ်မဆက်ခဲ့ပြန်ဘူး ဝါးလီးလောက်ရောက်မှ အမှန် ငါနှုတ်ဆက်ခဲ့သင့်တာလို့ တွေးမိပြန်တယ်။ ကိုယ်မှားသွားပေမယ့် ကိုယ့်ကိုယ်ကိုပဲ ဖြေတွေးပါတယ်။ ဆရာတော်ကြီးက အလုပ်များနေတာ။ ငါသွားနှုတ်ဆက်ခြင်းအားဖြင့် မနှောက်ယှက်သင့်ဘူး။ ပြီးတော့ သူ ငါ့ကို နားလည်မှာပါလို့။

ဒီလိုပဲ ကျနော်က လောကွတ်တွေ သိပ်မလုပ်တတ်ဘူး။ လူဖြစ်လာရင် လူ့ကျင့်ဝတ်တွေ လိုက်နာရမယ်လို့ ဘာကြောင့်များ လူတွေ ထင်နေကြရတာပါလိမ့်။ ကျင့်ဝတ်တွေကိုများ မလိုက်နာကြမှာစိုးလို့ ဘာသာရေးတွေ ဖန်တီးပြီး လူတွေ ကျင့်ဝတ်တွေ ရေးကြလိုက်တယ်။ ဗုဒ္ဓဘာသာမှာဆို ဝိနည်းဆိုတဲ့ ကျမ်းစာကြီးများတောင် ကျန်ခဲ့တယ်။ နောက် ဗုဒ္ဓဘာသာကျမ်းစာတွေနဲ့ မလောက်ငလို့ ခရိယာန်ဘာသာ ဖန်တီးတယ်။ အစ္စလာမ် ဘာသာဖန်တီးတယ်။ အဲလို မကျေနပ်နိုင်သေးဘူး။ ကုလသမဂ္ဂအဖွဲ့တွေဖွဲ့တယ်။ ကြေငြာစာတမ်းတွေတောင် ထုတ်ရတယ်။ အဖွဲ့တွေဖွဲ့တယ်။ အဖွဲ့နာမည်တွေနဲ့ ကမ္ဘာကြီးကို ခြိမ်းခြောက်တယ်။ ကလေးသူငယ်အခွင့်အရေး  အာဆီယံနိုင်ငံများ စသဖြင့်ပေါ့။ များလိုက်တဲ့ ဥပဒေသတွေ။ ပြီးတော့ လုပ်ချင်တာ လုပ်နေကြတာပဲ။

အဲလိုတွေးမိရင်း သူငယ်ချင်းဟောင်းတွေ ပြန်တွေးမိတော့တာပါပဲ။ လောကွတ် မလုပ်မိလို့ အဆက်အသွယ် ပြတ်သွားတဲ့ သူငယ်ချင်းတွေအကြောင်းပေါ့။ လောကွတ် မလုပ်မိလို့တော့ မဟုတ်ပါဘူး။ ဒီလိုပဲ ကျင့်ဝတ်တချို့ကြောင့် မတွေ့ဖြစ်တော့တဲ့ သူငယ်ချင်းတွေ။ ပထမဆုံးတွေးမိတာက မတ္တရာဘက်က မဟောသဓာဆိုတဲ့ သူငယ်ချင်း။ ထူးထူးဆန်းဆန်းလုပ်တတ်လို့ သူ့ကို မမေ့တာဖြစ်တာလားတော့ မသိဘူး။ သူက ကွမ်းယာထဲ ဘာကြောင့် ငရုပ်သီး ထည့်မစားကြတာလဲ မသိဘူးဆိုပြီး ကွမ်းယာထဲ ငရုပ်သီး ထည့်စားကြည့်တတ်တဲ့လူမျိုး။ သူက အဲလို ထူးထူးဆန်းဆန်းတွေ မဆိုင်တာတွေ သိပ်လုပ်တတ်တာ။ မုန့်ဟင်းခါးထဲ ကိတ်မုန့်ထည့်စားကြည့်တာတို့။ လက်ဘက်ရည်ကို ဝက်သားဒုတ်ထိုးနဲ့ တို့စားတာတို့မျိုးပေါ့။ ပြီးတော့ သူက အမျိုးလည်း ချစ်တတ်သေးတယ်။ မစိုးရိမ်နဲ့ ဂန္ဓာရုံပြဿနာတက်တော့ သူက ဂန္ဓာရုံဘက်က နာတာ။ ငါ့ဦးလေး မဟုတ်တာ မလုပ်ဘူးတဲ့။ ဂန္ဓာရုံဆရာတော် ဦးကုဏ္ဍလက သူ့ဦးလေးလေ။ ပြီးတော့ သူ့အဒေါ်တယောက် မြေနဲ့ ပြဿနာတက်တော့ သူက ဦးပဇင်းတွေအများကြီးခေါ်ပြီး သွားရှင်းတာ။ သူ ကျောင်းထိုင်ရမယ်လို့ အသံကြားပြီးကတည်းက ခုထိ မတွေ့တော့တာပဲ။

နောက်တပါး။ ကျနော်တို့က သူ့ကို ဂျပန်လို့ပဲ ခေါ်တယ်။ သူ့နားတော့ ဘယ်သူမှ မျက်စိနာတာ နားနာတာတို့ မညည်းရဲဘူး။ သူက “ဂျပန်မျက်စဉ်းဆေးထည့်မလား၊ ဂျပန်နားသန့်ဆေးထည့်မလား” လို့ မေးမေးတတ်လို့။ ပြီးတော့ သူကပဲ ပြောသေးတယ်။ “ဟောဗျာ အကောင်းမေးတဲ့ဟာကို” တဲ့။ သူက ကုန်းဇောင်းသား။ သူ အမြဲ အမွှန်းတင်ပြောတတ်တာ ရှိသေးတယ် သူ့ကုန်းဇောင်းကို။ ကော်နီရယ် မေဆွိရယ် နီနီဝင်းရွှေတို့ရယ် သူတို့ ရွာကို လာပြီး သီချင်းဆိုတုန်းက ကော်နီကလား မသိဘူး ကုန်းဇောင်းရွာလို့ စင်ပေါ်ကနေ ကြေငြာလို့ ခဲနဲ့ဝိုင်းထုတာ ကော်နီကလည်း လည်တယ်လေ ကုန်းဇောင်းရွှေမြို့တော်လို့ ချက်ချင်းပြန်ကြေငြာတယ်တဲ့။ ပရိသတ်ကြီးကလည်း ဝေါခနဲ အားပေးတယ်ဆိုပဲ။ သူက စာတော်တယ်။ ငယ်လတ်ကြီးကိုလည်း လွယ်လွယ်နဲ့ အောင်တယ်။ ဓမ္မာစရိယ သုံးကျမ်းကိုလည်း လွယ်လွယ်နဲ့ ပြီးတာပဲ။ သူကျမ်းပြီးတော့ မိုးမိတ်မှာ ပိဋကတ်သုံးပုံကို ရည်ရွယ်ချက်ကြီးကြီးနဲ့ သွားလုပ်တယ်။ “စာသင်သားဘဝက အရမ်းပင်ပန်းဆင်းရဲခဲ့သမျှ ဒီလာပြီး အတိုးချ ဇိမ်ခံစားမယ်” တဲ့။ သူ့ရည်ရွယ်ချက်အရ သူနှစ်နှစ်ပဲ နေခွင့်ရှိတယ်။ ပြီးတော့ သူဗန်းမော်မှာ သွားနေတယ်။ ခုတော့ လူဖြစ်လို့ မိန်းမတောင်ရနေပြီတဲ့။

ကဲ ဒီနေရာလေးကနေ အခြားဆောင်းပါးကို ဆက်ပြီးဖတ်ကြည့်ရအောင်  အဖေ

နောက်တပါးက ကျွန်တော်တို့ သူ့ကို မြွေပွေးလို့ခေါ်တယ်။ ကျောက်ဆည်သား။ ဒီကောင်နဲ့ပတ်သက်ပြီး မှတ်မှတ်ယယ ပြောစရာရှာပါဆိုရင် ဘာပြောရမှန်း မသိဘူး။ မြွေပွေးလို့ ဆိုတဲ့အတိုင်း သွားထိလိုက်ရင်တော့ အဆိပ်အပြင်းလိုက်ချည်းပဲ။ သွားချင်ရင် သွားလိုက်တာပဲ။ ပြောချင် ပြောလိုက်တာပဲ။ လုပ်ချင် လုပ်လိုက်တာပဲ။ အပြင်ပန်းကြည့်ရင်တော့ ဘာမှ အတွေးအခေါ်မရှိတဲ့ပုံ။ အဲ သူလုပ်ပြီးရင်တော့ သူဆက်စပ်တွေးပြတတ်သဗျား။ ဘာလေးကြောင့် ဘယ်လိုနေမှ ရမှာမို့ ဘယ်လိုနေလိုက်တာဆိုပြီးတော့ပေါ့။ ပြောစရာလေး ကြံဖန်ပြောပါ ဆိုရင် စိတ်ကောင်းကလေး ရှိတယ်။ တနေ့က သူတရုတ်ဘက်ကနေ ပြန်လာပြီး တရုတ်ဘက်ကို ပြန်တက်ဖို့ အလုပ်မှာ ဦးပဇင်းတပါး နေမကောင်းတာကို သူဆေးရုံပို့ပေး စောင့်ပေး ပြုစုပေးခဲ့တယ်။ အဲ တရုတ်ပြည်တွေ ဘာတွေ သွားရင်လည်း ဘာသံယောဇဉ်မှ ရှိတာမဟုတ်ဘူး။ သွားလိုက်တာပဲ။ ပြန်လိုက်တာပဲ။ အဲ နောက်မရှိတာက စည်းကမ်းပဲ။ ပိုက်ဆံတွေ ဘယ်လောက်ရရ ဘာမှ မတွေးဘဲ သုံးပစ်တာ။

များများစားစား သတိရမိနေတဲ့ နောက်တယောက်က ကုမရ လို့ခေါ်တဲ့ ကုမာရ။ အင်းတော်ဘက်က။ သူ့ကို ကျနော်ဘက်က လက်ဘက်ရည်စွဲအောင် လုပ်ပေးနိုင်ခဲ့တယ်။ ကျနော့်အသိတွေနဲ့တွေ့ရင် သူပြောနေတုန်းပဲ။ “ခင်းဗျားတို့ ဉီးပဇင်းပေါ့၊ ကျုပ်ကို လက်ဘက်ရည်စွဲအောင် လုပ်တာ” လို့။ သူနဲ့ မှတ်မှတ်ယယ ဖြစ်မိတာလေးက မန္တလေး မဟာဝိသုဒ္ဓါရုံအရှေ့ဘက် ရပ်ကွက်ထဲက “မြမာလာ” ဆိုတဲ့ ဗွီဒီယိုရုံမှာ ဘောလုံးပွဲ သွားကြည့်တဲ့ညက ဖြစ်ရပ်။ ရုံက မဆန့်တော့ ဖွင့်ထားပေးတယ်။ အဝေးကနေ ဘာမှ သဲသဲကွဲကွဲ မမြင်ရဘူး။ သူက အဝေးကနေကြည့်ရင်း ပြောတယ်။ “ချယ်ဆီးနဲ့ နယူးကာဆယ်ပွဲ လွှင့်နေတာပဲ” တဲ့။ အကင်္ကျီကိုကြည့်လိုက် တာနဲ့ သိတာကို ကျနော်က မသိဘူးလေ။ ဒီကောင် ဘိုလိုလည်းမတတ်၊ တတ်ဉီးတော့ အဝေးကြီးကနေ စာကို ဘယ်လိုဖတ်လိုက်တာလဲပေါ့။ ကျနော့်မှာ သူ့ မင်းဘယ်လို သိတာလဲဟင်လို့ ခဏခဏ မေးမိတယ်။ ခုရေးနေရင်း ဟိုဘုန်းကြီးရိုက်တဲ့ The Cup ဇာတ်ကားကလေးကိုတောင်ပြေးမြင်မိတယ်။ သူနဲ့က အကြာကြီးတွဲဖြစ်တယ်။ သူက စာလုပ်ရင် ခေါင်းကိုစိုက်ကျနေတာ။ ဘေးက ဘာပြောပြောမကြားတော့ဘူး။ ဒီလိုနဲ့ သူ့နယ်မှာ နာမည်ရလာတဲ့ ပုဂ္ဂိုလ်တပါးဖြစ်လာတာပေါ့။ မရင့်ကျက်တာလားတော့ မသိဘူး။ သူ လွှင့်သွားတယ်။ သူငယ်ချင်းတွေဆီမှာ လိုက်နေတယ်။ ကျနော် ကျောင်းထိုင်တော့ ရောက်လာသေးတယ်။ သူရေကန်ကလေး လှေကားကလေး စားပွဲဝိုင်းကလေး ဆောင်းဘောက်ကလေးတွေ လုပ်ပေးသွားတယ်။ တခါခါတော့ ဟင်းကို မျိုးစုံအောင် လုပ်တတ်တဲ့ သူ့ကို သတိရမိတာ ရှိတယ်။

နောက်တပါးက ဝိစာရိန္ဒပါ။ အရာတော်က။ သူ့ကိုတော့ ထူးထူးခြားခြား ဖြစ်တာတတွေ မရှိဘဲနဲ့ သတိရနေမိတာ။ ပြီးတော့ မင်းကွန်းဘက်က ဣန္ဒက။ သူကိုတော့ ကျနော်တို့က ငပေါကြီးလို့ ဗြောင်ခေါ်ခဲ့လေရဲ့။ ခုတော့ဆုံးသွားရှာပြီ။ ဆက်ပြောရရင်တော့ မှတ်မှတ်ယယတွေက အများကြီးပါပဲ။ “ကိုယ့်စိတ်နဲ့နှိုင်းမရိုင်းနဲ့” လို့ကိုယ်က ပြောလိုက်တာကို သူက မင်းစကားပုံက အမှားကြီး အမှန်က “သူ့စိတ်နဲ့နှိုင်းမရိုင်းနဲ့ကွ” ဆိုပြီး ပြောလို့ သူနဲ့ မပေါင်းဖြစ်တော့ပဲ ခုထိလည်း မတွေ့တော့ တွေ့ဖြစ်တုန်းကလည်း စကားမပြောြဖစ်တော့တဲ့ သူငယ်ချင်းရှိတယ်။ တကယ်တမ်း အမှန်တရားဆိုတာ ကိုယ်ပထမဆုံး ကြားမိတဲ့စကားဆိုတာမှ မသိခဲ့တာကိုး။ မျက်မှန်ပါဝါက ၅၀၀ မိုင်းနပ်နဲ့ ဂွမြို့ဘက်က သူငယ်ချင်းလို သိပ်မနေဖြစ်ပေမယ့် သူ့ကိုတော့ စိတ်ကနေ အလိုလိုခင်တဲ့ ဦးပဇင်းပါးရှိသေးတယ်။ ဘွဲ့က ပညာဝံသ။ သိုင်းဝတ္ထုတွေကို လှေကားမှာထွန်းထားတဲ့ ဝပ် ၆၀ မီးသီးနီနီနဲ့ အမြဲဖတ်ဖတ်နေတတ်လို့။ “ကန်းတော့မယ်” လို့ ပြောလိုက်ရင်တောင်မှ လှည့်မကြည့်ဘူး။ စာအုပ်နဲ့ မျက်နှာနဲ့ မခွာတာ။ ရှိပါသေးတယ်လေ

ဘာရယ်မဟုတ်ဘူး။ ကိုယ့်ဘေးနားက ထိုင်ခုံမှာ ထိုင်ခဲ့ဖူးသူတွေအကြောင်းကို ပြန်စဉ်းစားမိလို့ ဆက်ရေးဖြစ်သွားတာပါ။ ဒီခေါင်းစဉ်နဲ့ စာတွေတော့ ဆက်ရန်ရှိမရှိ မသေချာပါဘူး။

ဆက်ပါဉီးမည်…..

မဆက်တော့ပါဘူး…

ဆက်ချင်ဆက်ရေးဦးမယ်