JQY Blog

အသက်ရာပြည့် မိမိကိုယ်

ကျောင်းသားတွေကို သူတို့ဘဝ မျှော်လင့်ချက်လေးတွေ ရေးစေကြည့်တယ်။ သူတို့တွေ မကောင်းတာကို သိတယ်။ ဥပမာ ပျင်းရင် ဖျင်းမယ် ဆိုတာမျိုး။ အချိန်ဟာ တန်ဖိုးရှိတယ် ဆိုတာမျိုး။ အားလုံး သိနေကြတဲ့ ပုံစံအတိုင်း သူတို့ ပုံမှန် သိနေကြတယ်။ သူတို့ ဘဝကို ပြန်သုံးသပ်ခိုင်းကြည့်တော့ သူတို့ကို သူတို့ အသုံးမကျတဲ့သူလို့ ပြန်မြင်တာမျိုးလည်း ရှိနေပြန်တယ်။ ညံ့ဖျင်းခဲ့တယ်ဆိုတာမျိုး သူတို့ ပြောကြတယ်။ သူတို့ မျှော်လင့်ချက်က ဂစ်တာတီးတတ်ချင်တယ်။ သီချင်းဆိုချင်တယ်။ ဘောလုံးသမား ဖြစ်ချင်တယ်..တဲ့။ ကျွန်တော်တို့ ငယ်ငယ်တုန်းကလည်း အဲလိုပဲ ဘာဖြစ်ချင်တယ်ဆိုတာ တိတိကျကျ မသိခဲ့ဘူး။

ဒီလိုနဲ့ အသက်တွေရလာတယ်။ ဘဝ ပစ်ချရာကို ဒီလိုပဲ လွှင့်နေခဲ့တယ်။ ဂစ်တာတီးကြည့်တယ်။ ကွန်ပျူတာ သင်ကြည့်တယ်။ အင်္ဂလိပ်စာ သင်တန်း တက်ကြည့်တယ်။ ပြီးတော့လည်း ဒီလိုပဲ။ ဘယ်အလုပ်မှာမှ စီးပွားဖြစ်လောက်အောင် လုပ်စား ကိုင်စားလုပ်ရအောင် မတတ်ခဲ့ဘူး။ ကွန်ပျူတာသင်တန်းတော့ နည်းနည်းပါးပါး ပြန်ပေးခဲ့တယ်။ ကိုယ်ပြန်ပေးတဲ့ သင်တန်းသားတွေက ကွန်ပျူတာ တတ်သွားတယ်ဆိုတဲ့ အထဲမှာ မရှိပါဘူး။ သူတို့ကို ဘယ်လို စကားမျိုးပြောရင် ဘယ်လို သင်ခန်းစာတွေပေးရင် သူတို့ တက်ကြွမယ်ဆိုတာ မသိပါဘူး။ နောင်လာမယ့် သုံးနှစ်ကျရင် ဘယ်လို ဖြစ်ရမယ် ဘာဖြစ်ရမယ်စသဖြင့် အနာဂတ် အစီအစဉ်လည်း မပေးတတ်ဘူး။ သူများကို ပေးဖို့ထက် ကိုယ်ကိုယ်တိုင်ကလည်း အဲလိုပဲ။ ကိုယ့်မှာ နှလုံးရောဂါ ရှိတယ်။ အကြီးစား ခွဲစိတ်မှု ပြုလုပ်ဖို့ လိုအပ်နေတယ်။ ဒါပေမယ့် ဆေးလိပ်သောက်တယ်။ အိပ်ရေး ဝအောင် မအိပ်ဘူး။ ဆေးပုံမှန် မစားဘူး။ အနာဂတ်ဆိုတာ မရှိသလိုပဲ။

လူတယောက်ရဲ့ စိတ်နေသဘောထားက သူဘာလုပ်နေသလဲ။ ဘာတွေကို ကျွမ်းကျင်သလဲ။ သူ့အရည်အသွေးတွေက သူ့ရဲ့ စိတ်နေသဘောထားကို ဖော်ညွှန်းနေပါတယ်တဲ့။ ဒါဆိုရင်တော့ ကျွန်တော့်ရဲ့ စိတ်နေသဘောထားကတော့ တော်တော်ညံ့တယ်။ သင်တန်းတစ်ခု တက်ဖူးတယ်။ အဲဒီသင်တန်းမှာ သင်တန်းသားတွေကို အသက်တစ်ရာပြည့်သွားတဲ့ မိမိကိုယ်ကို အဖြစ် ပြေးမြင်ကြည့်ခိုင်းတယ်။ နက်နက်ရှိုင်းရှိုင်းကို ကြည့်ခိုင်းတယ်။ လူကြီးဖြစ်ခြင်းဆိုတဲ့ အပိုင်းကို သွားခိုင်းတာ။ အဲဒီ အသက်တရာ အပိုင်းအခြားမှာ ကိုယ်က ဘာဖြစ်နေလဲ။ အဲဒီ အသက်တရာဘဝထဲကို ခုန်ဝင်လိုက်။ ထဲထဲဝင်ဝင် လှုပ်ရှားကြည့်လိုက်။ ပြီးမှ လက်ရှိဘဝကို ပြန်လာ။ အဲဒီလူကြီးဖြစ်နေတဲ့ စိတ်နေသဘောထားကို မှတ်ထား။ အဲဒီအချိန်မှာ ကိုယ် ဘယ်လိုနေထိုင်တယ်။ ဘယ်လို စကားပြောတယ်။ မှတ်ထား။ ပြီးတော့ လက်ရှိဘဝထဲကို ပြန်လာ။ အဲဒီစိတ်နေသဘောထားအတိုင်း နေ။ ဒါဆိုရင် လက်ရှိ ဘဝမှာ ဖြစ်နေတဲ့ အခက်အခဲတွေဟာ ဘာမှ မဟုတ်ဘဲ ဖြစ်နေလိမ့်မယ်။ အနှစ်သာရပိုင်းကို ပိုပြီး ကြည့်ဖြစ် လုပ်ဖြစ်ပါလိမ့်မယ်တဲ့။

ကဲ ဒီနေရာလေးကနေ အခြားဆောင်းပါးကို ဆက်ပြီးဖတ်ကြည့်ရအောင်  စီမံကိန်းအနီးတွင်နေထိုင်ခြင်း (၁)

ငါဆေးလိပ်သောက်ခဲ့တာတွေ ငါနောင်တ မရချင်ဘူး။
ငါ ညည မအိပ်ခဲ့တာတွေ ငါနောင်တ မရချင်ဘူး။
ငါ စာမဖတ်ခဲ့တာတွေ ငါနောင်တ မရချင်ဘူး။

သူများတွေကို မူးယစ်ဆေးဝါးတွေနဲ့ ပတ်သက်ပြီး ကောင်းကောင်း သင်ပြနိုင်တဲ့သူ။
ဘဝနာရီကို ကောင်းကောင်း ကျေပွန်သူ။
ဗဟုသုတ ဟင်းလေးအိုးကြီးလို သိစရာမှန်သမျှ သိသင့်တာ မှန်သမျှ သိနေသူ။

ငါ့ရဲ့ လူကြီးဖြစ်ခြင်းမှာ ငါ့အဇ္ဈတ္တက ထွက်လာမှာတွေက မျက်ရည်တစက်ဆိုရင်…
ငါ့ရဲ့ ကျွမ်းကျင်မှုက မရှိဘူးဆိုရင်…
ဦးတည်ချက်တွေလည်း မရောက်ဘူးဆိုရင်…

မိမိကိုယ်ကို ခေါင်းဆောင်မှု သင်တန်းတွေမှာ ငါဖြေဖြေလေ့ရှိတဲ့ စာသင်ကျောင်းကြီးတစ်ခု တည်ဆောက်ခဲ့ချင်တယ်ဆိုတဲ့ အိပ်မက်လေး ဖြစ်မလာဘူးဆိုရင်…

ငါ ငြိမ်းချမ်းနိုင်ပါ့မလား။ ငါ့ဘဝက အနှစ်သာရ ရှိပါ့မလား။

ဂျေဂျူဝိုင်