Menu Close

လှူကြ ဒါန်းကြ ကြည်ညိုကြရာဝယ် (၆)

အရင် လှူကြ ဒါန်းကြ ကြည်ညိုကြရာဝယ် (၅) မှာတုန်းက ကျွန်တော် တစ်ခု လွှဲသွားတယ်။ အဲဒါကတော့ ဓမ္မဒါနနှင့် အဓမ္မဒါနကို တရားသဖြင့် အလှူနှင့် မတရားသဖြင့်အလှူလို့ပါ။ ရှင်းရှင်းလင်းလင်း မပြောမိသလို ဖြစ်နေတယ်။ တကယ်တမ်း လှူသင့်သော အလှူ၊ မလှူသင့်သောအလှူလို့ ဘာသာပြန်ရမယ် ထင်တယ်။ လှူသင့်တာက ထမင်း အဖျော် စသည်ပေါ့။ မလှူသင့်တာကတော့ သေချင်နေတဲ့လူကို သေနည်းပြောပြတာ၊ အဆိပ်ကို ဝယ်ပေးတာ၊ အိပ်ဆေးကို ဝယ်ပေးတာမျိုးက မလှူသင့်တဲ့ အလှူဖြစ်ပါတယ်။ ကုသိုလ်မရတဲ့အပြင် ပါဏာတိပါတကံတောင် ထိုက်ပါသေးတယ်။ အဆိပ်တော့ အဆိပ်ပါပဲ။ ဒါပေမယ့် ဒီအဆိပ်နှင့်မှ တစ်ဖက်က သင့်နေတဲ့ အဆိပ်ပျက်ပြယ်မယ်ဆိုရင်တော့ အဆိပ်လှူတာက ဒါနမြှောက်ပါတယ်။ လူတွေနှင့် သတ္တဝါကို သေစေနိုင်တဲ့ ပိုက်ကွန်၊ လေး၊ ဓား၊ သေနတ် စတဲ့ လက်နက်ပစ္စည်းကို အထည်ပျက်အောင် လုပ်ပြီး ကျောင်းစတဲ့ ဆောက်လုပ်ဖို့ဋ္ဌာနတွေမှာ လှူရင် ကုသိုလ်ဖြစ်ပါတယ်။ ဒီတိုင်းတော့ မလှူရပါဘူး။ အဓမ္မဒါန ဖြစ်ပါတယ်။

နောက်မလှူသင့်တာကတော့ အရက် သေစာ ဖြစ်ပါတယ်။ လှူရင် အပြစ်ဖြစ်ပါတယ်။ ဒါပေမယ့် အရက်နှင့် ဖော်မှ ရတဲ့ဆေး၊ ဦးရေနှင့် ဖော်မှ ရတဲ့ဆေးကို အရက်၊ ဦးရေ စတာတွေကို လှူရင်တော့ ကုသိုလ်ဖြစ်ပါတယ်။ အလှူလုပ်ရာမှာ ဇာတ်ပွဲသဘင်တွေ အဆို အက အတီး အမှုတ်တွေ ထည့်တာကလည်း ဒါနမမြှောက်တဲ့အတွက် မလုပ်သင့် မလှူသင့်တဲ့ အရာတစ်ခု ဖြစ်ပါတယ်။ အတီးအမှုဆိုပေမယ့် ဓမ္မနှင့် သင့်လျှော်တဲ့ အတီးအမှုတ်မျိုးကိုကျတော့ အဓမ္မဒါနလို့ မဆုံးဖြတ်နိုင်သလို ကာမဂုဏ် လှူတာမဟုတ်ဘဲ မိန်းမစသူကို ဝေယျာဝစ္စပြုလုပ်သူအဖြစ် လှူတာကလည်း အဓမ္မဒါနလို့ မဆိုသာပါဘူး။ အကုသိုလ် ဖြစ်စေတယ်လို့ ဆုံးဖြတ်မိရင်တော့ မလှူတာကောင်းပါတယ်။ လှူပြီးမှ နောင်တရတာမျိုး ဖြစ်နေရင် မကောင်းပါဘူး။

အလှူလုပ်တဲ့အခါ မူလရည်စူးရင်းစွဲ ပုဂ္ဂိုလ်၊ နေရာ စသဖြင့် တစ်ခုခု ရှိပြီးသားကနေ တခြားကို ပြောင်းလှူတာမျိုးရှိတယ်။ အဲဒီလို ဒါနမျိုးမှာ ပုဗ္ဗစေတနာ ပျက်ယွင်းတဲ့အတွက် ကုသိုလ်ရသင့်သလောက် မရတော့ဘူး။ တစ်ခုတော့ ရှိတယ်။ စိတ်ထဲကနေ ဒီကျောင်း၊ ဒီစေတီ၊ ဒီသံဃာစသဖြင့် ရည်ထားပြီး အကြောင်းမညီညွတ်လို့ တခြားကျောင်း၊ စေတီ၊ သံဃာကို လှူရင်တော့ မူလရည်ရွယ်ချက်ကို မထိခိုက်ပါဘူး။ ကုသိုလ်လည်း ဖြစ်ပါတယ်။ ဆိုလိုတာက ကျောင်းဆိုရင်လည်း ကျောင်းထိုင်၊ စေတီဆိုလည်း ဂေါပက၊ သံဃာဆိုလည်း သံဃာ စသူကို “တပည့်တော် ဘာလှူပါ့မယ် ” စသဖြင့် ပြောထားပြီး လှူဖွယ်လည်း စုံရော ပြောထားတဲ့နေရာ အပကို လှူလိုက်ရင် အဓမ္မိကဒါန မလျှော်သော ကုသိုလ် ဖြစ်သွားတဲ့အတွက် အကျိုးပေး အားနည်းသွားပါတယ်။ သံဃာဆိုပါစို့ လှူမယ်လို့ပြောပြီးနောက်မှ “သီလမရှိတဲ့ အကျင့်ပျက် ရဟန်း” ဖြစ်နေခဲ့လျှင်တောင် ကျေလည်အောင် ရှင်းပြပြီး ပြန်မဆုတ်နိုင်ရင် နဂိုရည်ထားတဲ့ အဲဒီ သီလမရှိတဲ့ ရဟန်းကိုပဲ လှူရပါတယ်။ အကျင့်ပျက်ကို ဘာလို့ လှူရမလဲဆိုခဲ့ရင်တောင် ပုဗ္ဗစေတနာ တည်ပြီးသားဖြစ်တဲ့အတွက် လှူကို လှူရပါတယ်။ နို့မဟုတ်ရင် အကျိုးပေး မချောမောနိုင်ပါဘူး။ အဓမ္မိကဒါန ဖြစ်သွားတဲ့အတွက်ပါ။ ဘာကြောင့် အဓမ္မိက ဒါန ဖြစ်သွားရတာလဲ။ ကိုယ်က လှူမယ်လို့ ပြောထားပြီးသားဆိုရင် ကိုယ့်အလှူရဲ့ တစ်ဝက်ကို အလှူခံက ပိုင်သွားပါပြီ။ ပြောင်းလှူတဲ့အခါ (၁) ဝစီသစ္စာပျက်ပါတယ်။ (၂) သူတပါးတဝက်ပိုင်တဲ့ ပစ္စည်းကို လုရာကျပါတယ်။ ဒုစရိုက်ပစ္စည်း အလိုလို ဖြစ်သွားပါတယ်။ (၃) တစ်ဖက်က အလှူခံကလည်း မတရားသောအလှူခံ ဖြစ်သွားပါတယ်။ ဒါကြောင့် လှူမယ်လို့ ပြောထားရင် လှူကို လှူရပါတယ်။ ဒါမှ ဓမ္မိကဒါန သင့်လျှော်သောအလှူဖြစ်ပါတယ်။

ဆက်လက်ဖော်ပြသွားပါ့မယ်
ဂျေဂျူဝိုင်

Leave a Reply

Your email address will not be published. Required fields are marked *