Menu Close

လှူကြ ဒါန်းကြ ကြည်ညိုကြရာဝယ် (၅)

ခုတော့ လှူဖို့ ဒါန်းဖို့ဆိုပြီး မြန်မာသူငယ်ချင်းများနေ့အဖွဲ့က အဖွဲ့ဝင်တွေ ငွေပဒေသာပင်စိုက်ထူကြတာဆိုတော့ ဒါနအကြောင်း ပြောရာမှာ ကိုယ့်ဘက် ကိုယ်ယက်သလို ဖြစ်နေသလား မသိပါဘူး။ ဖြစ်လည်း မတတ်နိုင်ပါဘူး။ ပြောရမှာပဲ။ အလှူလုပ်ရာမှာ သဒ္ဓါပေါက်တဲ့အခါ လှူလိုက်၊ မလှူဘဲနေလိုက်ထက် ပဒေသာပင်စိုက်ထူထားတဲ့ အလှူက ပိုကောင်းပါတယ်။ ထာဝရဒါနလို့ခေါ်ရမှာပေါ့။ သူကတော့ သေချာတယ်။ သေရင် နတ်ရွာတစ်ခုခုကို လားရပါတယ်။ ဆရာတော်များ ဆုံးမကြတာက လူဖြစ်လာပြီဆိုရင် ထာဝရဒါနတစ်ခုတော့ ရှိသင့်ပါတယ်တဲ့။ မြန်မာသူငယ်ချင်းများနေ့အဖွဲ့က အဖွဲ့ဝင်တချို့မှာ တနင်္ဂနွေနေ့ညနေတိုင်း ထာဝရဒါနတစ်ခု ရှိနေတာ ဝမ်းသာစရာ ဖြစ်ပါတယ်။ အခြားမြို့ရှိ အဖွဲ့ဝင်များအနေနဲ့လည်း တစ်ခုခုတော့ စဉ်းစားသင့်ပါတယ်။ အကြံပေးကြည့်တာပါ။

အလှူလုပ်တဲ့အခါ တချို့က သူများပြောလို့လုပ်ရတာမျိုး ရှိပါတယ်။ ဒီနေရာမှာ နည်းနည်း သတိထားရမယ်။ ပတ်ဝန်းကျင် ဖိအားကြောင့် အလှူလုပ်ရတာကလည်း သူများတိုက်တွန်းလို့ လှူတဲ့ အလှူထဲ ပါသွားတာပါပဲဗျ။ အဲလို သူများရဲ့ ပယောဂကြောင့် လှူတဲ့အခါ အကျိုးပေးက နှေးတတ်ပါတယ်။ အကျိုး မပေးချင် ပေးချင်နဲ့ ပေးပါတယ်။ လူကိုလည်း ထိခိုက်ပါတယ်။ ထိုင်းထိုင်းမှိုင်းမှိုင်းဖြစ်တတ်တယ်ဗျ။ တချို့ကတော့ ကိုယ့်အသိနဲ့ ကိုယ်လုပ်တာ။ ဒါကတော့ ပြောစရာ မလိုဘူး။ ပြောင်းပြန်ပေါ့။ နောက်တစ်ခုက အလှူလုပ်တဲ့အခါ အလှူရဲ့ အကျိုးဆက်ကို သိရပါမယ်။ ဆိုပါစို့။ တံတားလှူရင် ဘာအကျိုး၊ ကျောင်းလှူရင် ဘာအကျိုး။ သင်္ကန်းလှူရင် ဘာအကျိုး။ စာအုပ်လှူရင် ဘာအကျိုး စသဖြင့်ပေါ့။ အဲဒီလို အကျိုးဆက်ကို မသိဘဲလှူရင် ဒွိဟိတ်အကျိုးပဲ ရပါတယ်။ ဒွိဟိတ်အကျိုးမှာ ဉာဏ်ပညာနှုန့်နည်းတယ်။ အရာရာကို ထိုးထွင်းသိနိုင်ဖို့ မလွယ်ကူလှပေဘူး။ ဒါကြောင့် တစ်ခုခုကို လှူမယ်ဆိုရင် အကျိုးဆက်ကိုတော့ သိအောင် လုပ်ထားသင့်သလို အဲဒီအကျိုးဆက်အတိုင်း ခံစားရလိမ့်မယ်လို့ သိပြီး လှူသင့်ပါတယ်။ အဲဒီအခါ တိဟိတ်ကုသိုလ်ရပါတယ်။ မဂ်ဖိုလ်နိဗ္ဗာန်ကို အလွယ်တကူ သိနိုင်ပါတယ်။

နောက်တစ်ခုက အလှူလုပ်တဲ့အခါ သူသူငါငါပါပဲ။ ပုထုဇဉ်ပီပီ ဘာဖြစ်ရပါလို၏။ ညာဖြစ်ရပါလို၏လို့ ဆုတောင်းတတ်ပါတယ်။ ဆုတောင်းလိုက်တဲ့အခါတိုင်း အလွန်ဆုံးမြင့်မှ နတ်သားဖြစ်ရပါလို၏ နတ်သမီးဖြစ်ရပါလို၏ လောက်ပဲ ဖြစ်ပါတယ်။ တချို့ ထီပေါက်ရပါလို၏။ စာမေးပွဲ အောင်ရပါလို၏လို့တောင် ပါသေးတယ်။ အဲလို ဆုတောင်းမယ့်အစား တစ်ခါတည်း မဂ်ဖိုလ်နိဗ္ဗာန်ထိတိုင်အောင် ဆုတောင်းသင့်ပါတယ်။ လောကီအကျိုးအစား လောကုတ္တရာ အကျိုးပေါ့။ လောကီအကျိုးကို ဆုတောင်းတာဟာ ပါရမီလည်း မမြှောက်ပါဘူး။ ဒီတော့ အလှူလုပ်ပြီးတဲ့အခါတိုင်း ပါရမီမြှောက်အောင် လောကုတ္တရာအကျိုးကို တစ်ခါတည်း ဆုတောင်းသင့်လှပါတယ်။

အလှူမှာလည်း တရားသဖြင့်အလှူနဲ့ မတရားသဖြင့် အလှူနှစ်မျိုး ရှိပါတယ်။ ဒီအကြောင်း ပြောရမှာက တော်တော်ရှည်ပါတယ်။ ဘာပဲဖြစ်ဖြစ် စင်ကြယ်သော တရားသဖြင့် အလှူက ပိုမိုကောင်းမြတ်လှပါကြောင်းသာ ပြောရင်း အပိုင်းငါးကို ဒီမှာပဲ နားလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *